နိုဝင်ဘာ ၁၉၊ ၂၀၁၃
M-Media
အမ်တူးအေ
စင်္ကာပူ ။ ။ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းအတွက် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဆွေးနွေးဟောပြောပွဲများ ပြုလုပ်နေ သကဲ့သို့ စင်္ကာပူနိုင်ငံရောက် မြန်မာများလည်း တဘက်တလမ်းမှ ပါဝင်ဆောင်ရွက်နေကြောင်း သိရပါတယ်။
၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းသည် ၂၀၁၅-ခု ရွေးကောက်ပွဲအတွက်သာမက အနာဂတ်မြန်မာနိုင်ငံအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ကြီးမှူး၍ မြန်မာနိုင်ငံသားတို့၏ ဆန္ဒသဘောထားများ ကောက်ခံလျက်ရှိကြောင်း၊ ထိုနည်းအတူ စင်္ကာပူနိုင်ငံရောက် မြန်မာများမှလည်း မိမိတို့တိုင်းပြည် ပြောင်းလဲရေးတွင် အုတ်တချပ် သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်ရန် ဆန္ဒသဘောထားများကို လက်မှတ်ရေးထိုးပေးပို့နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
“ကျွန်တော်တို့နိုင်ငံမှာ ဒီ ၂၀၀၈-အခြေခံ ဥပဒေဆိုတာနဲ့ ဆက်သွားနေလို့ မရဘူး။ ပြောင်းပစ်မှရမယ်။ ဒါကြောင့် ပြည်ပရောက်နေတဲ့ ကျွန်တော်တို့ မြန်မာတွေအနေနဲ့လည်း တဘက်တလမ်းကနေ ကိုယ့်နိုင်ငံအတွက် ပါဝင်ကြတာပါ။ ဟုတ်ကဲ့ပါ ကျွန်တော်တို့ ဒီ ရရှိတဲ့လက်မှတ်တွေကို ပြည်တွင်းကို ပို့မှာပါ။ စမ်းချောင်းမြို့နယ် NLD ကို ပို့မယ်။ အဲ့ဒီကမှတဆင့် ရုံးချုပ်ကို ရောက်သွားမှာပါ။ ကိုယ့်နိုင်ငံကို တကယ်ချစ်ပြီး ပြောင်းလဲစေလိုတဲ့သူတိုင်း ပါဝင်လက်မှတ်ရေးထိုးကြပါတယ်။”ဟု ဆန္ဒသဘောထား လက်မှတ်ရေးထိုး ကောက်ခံပေးနေသူ စင်္ကာပူရောက် မြန်မာတစ်ဦးမှ ပြောပါတယ်။
ဆန္ဒပြုလက်မှတ်ထိုးခြင်းကို ဒီဇင်ဘာလ ပထမပတ်အထိ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ပါဝင်လိုသူ စင်္ကာပူရောက် မြန်မာများအနေနှင့်လည်း စင်္ကာပူရှိ မြနန်းနွယ် (၀၂-၄၁) နှင့် သပြေနု(၀၂-၅၅) ဆိုင်များတွင် ဆန္ဒပြု လက်မှတ်ရေးထိုးနိုင်ကြောင်း သိရပါတယ်။
Comments