နိုဝင်ဘာ ၃၀၊ ၂၀၁၃
M-Media
ဆူးထက်
ရန်ကုန် ။ ။ စင်္ကာပူ နိုင်ငံတွင် အခြေစိုက်သော DBS Bank နှင့် မြန်မာနိုင်ငံမှ ဧရာဝတီဘဏ် (AYE Bank) တို့ အကျိုးတူ ပူးပေါင်း၍ Internet မှတဆင့် ငွေလွှဲဝန်ဆောင်မှုကို ဧရာဝတီဘဏ်တွင် စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
စင်္ကာပူ နိုင်ငံမှ DBS Bank နှင့် မြန်မာနိုင်ငံမှ ဧရာဝတီဘဏ် AYE Bank တို့ အကျိုးတူ ပူးပေါင်း၍ Internet ငွေလွှဲဝန်ဆောင်မှု လုပ်ငန်း အကျိုးတူ ပူးပေါင်း လက်မှတ်ရေးထိုးပွဲကို နိုဝင်ဘာ ၂၉ရက်နေ့ ၊ နေ့လည် ၂နာရီက Sedona Hotel ၌ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဧရာဝတီဘဏ် မန်နေဂျင်း ဒါရိုက်တာ ဦးဖြိုးအောင်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“စင်္ကာပူ နိုင်ငံမှာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားများ အနေနဲ့ DBS Bank နှင့် AYE Bank မှတဆင့် မိမိတို့ နိုင်ငံရှိ မိသားစုများထံကို လုံခြုံစိတ်ချစွာ ငွေလွှဲ ပို့နိုင်မှာ ဖြစ်တယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
ငွေလွှဲလိုသူသည် DBS Bank ၏ မိမိငွေစရင်းမှ တစ်ဆင့် AYE Bank ၏ မိမိငွေစာရင်းသို့ လည်းကောင်း၊ AYE Bank မှ မိမိ မိသားစု ငွေစာရင်းသို့ လည်းကောင်း၊ Internet ငွေလွှဲဝန်ဆောင်မှု ဖြင့် လွယ်ကူ လျှင်မြန်စွာ ငွေလွှဲနိုင်မည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ငွေလွှဲသူသည် ( DBS/ POSB Bank ) တွင် ငွေစာရင်း ရှိရန် လိုအပ်ပြီး ငွေလက်ခံသူသည်လည်း AYE Bank တွင် ငွေစာရင်း ရှိရမည် ဖြစ်ကြောင်း စင်္ကာပူ နိုင်ငံတွင် အခြေစိုက် DBS Bank မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော Coline က ပြောကြားခဲ့သည်။
အင်တာနက်မှ တစ်ဆင့် ငွေလွှဲ ၀န်ဆောင်မှု ဖြစ်သဖြင့် ဘဏ်သို့ သွားရောက်စရာ မလိုဘဲ အချိန်ကုန် သက်သာစွာဖြင့် မိမိတို့၏ Computer, Laptop, Smart, Phone များမှ 24/7 ငွေလွှဲနိုင်မည် ဖြစ်သည်။ စင်္ကာပူ နိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာလူမျိုးများ အနေဖြင့် ရရှိလာသော ငွေကြေးအား မြန်မာနိုင်ငံမှ မိမိငွေစာရင်းထဲသို့ ငွေလွှဲစုဆောင်းခြင်းဖြင့်လည်း ပိုမိုသော အတိုးနှန်းများ ရရှိခံစား နိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ဘဏ်လုပ်ငန်းဆိုင်ရာ ဖွံဖြိုးတိုးတက်ရန် အရှိန်အဟုန် ပြင်းစွာဖြင့် ကြိုးပမ်းလျှက် ရှိသော ဘဏ်များထဲမှ တစ်ခုဖြစ်သည့် AYE Bank သည် အင်တာနက် မှတစ်ဆင့် ငွေလွှဲ ၀န်ဆောင်မူ အပြင် မကြာမီက Master Card ဖြင့် AYA ATM စက်များတွင် ငွေထုတ်ယူနိုင်သည့် ၀န်ဆောင်မူ ရရှိခဲ့ပြီး မကြာမီတွင်လည်း Visa Prepaid Card များပါ ရရှိတောမည် ဖြစ်ကြောင်း သိရသည်။
Comments