ဒီဇင်ဘာ ၆ ၊ ၂၀၁၃
M-Media
ဒဏ်ရာရနေသော ရော်နယ်ဒို ခြေစွမ်းပြနေသော ဘေးလ်အား ချီးကျူး
– မိမိမကစားနိုင်သော်လည်း အသင်းမှာ ကောင်းမွန်သောစွမ်းဆောင်ရည်များကို ပြသနိုင်ခဲ့သည်ဟု ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားခဲ့သည်။ ရော်နယ်ဒိုမှာ ကြွက်သားဒဏ်ရာကြောင့် အနားယူနေရပြီး ၎င်းမကစားနိုင်သည့် နှစ်ပွဲတွင် ရီးယဲလ်အသင်းမှာ ဂါရက်ဘေးလ်၏ ခြေစွမ်းပြမှုနှင့်အတူ ရလဒ်ကောင်းများရရှိခဲ့သည်။ ထို့ပြင်ရော်နယ်ဒိုမှာ ဂါရက်ဘေးလ်ကိုလည်း ချီးကျူးပြောဆိုခဲ့သည်။
ငွေအလွဲသုံးစားလုပ်မှု ဆီဗီးလား နည်းပြဟောင်း ထောင် ၇ နှစ်ချခံရ
– ငွေအလွဲသုံးစားပြုမှုတွင် အပြစ်ရှိကြောင်းတွေ့ရှိရ၍ ဆီးဗီလားအသင်း၏ ဥက္ကဌဖြစ်သူ ဂျိုဆေး မာရီယာ ဒဲလ် နီဒိုအား စပိန်တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။ အသက် ၅၆ နှစ်အရွယ်ရှိသည့် နီဒိုမှာ ၁၉၉၉ ခုနှစ် ၂၀၀၃ ခုနှစ်အကြားတွင် မာလာဂါရှိ မာဘယ်လာ မြို့တော်ဝန်ဟောင်း ဂျူလီယန် မူနော့ဇ်နှင့် အတူ နိုင်ငံ့ဘဏ္ဍာအား အလွဲသုံးစားလုပ်မှုတွင် ပါဝင်ခဲ့သည်။
………………………………
အလွန်ဆိုအား စာချူပ်သစ်ချူပ်နိုင်ရင် ခရစ္စမတ်လက်ဆောင်ဖြစ်လာမည်ဟု အန်ဆယ်လော့တီပြော
– ကွင်းလယ်လူ အလွန်ဆိုအား စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပါက အလွန်ကောင်းမွန်သော ခရစ္စမတ်လက်ဆောင်ဖြစ်လာမည်ဟု ရီးယဲလ်အသင်း၏ နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။ အသက် ၃၂ နှစ်အရွယ်ရှိ အလွန်ဆို၏ စာချုပ်မှာ ယခုနှစ်ဘောလုံးရာသီအကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး အန်ဆယ်လော့တီက ၎င်းအားအသင်းတွင် ဆက်လက်ရှိနေရန် လိုလားနေကာ ယခုနှစ် မကုန်ခင် သက်တမ်းတိုးစာချုပ်ချုပ်နိုင်ရန် မျှော်လင့်နေသည်။
……………………………
ဆွာရက်ဇ် ယခုထက်တိုးတက်လာလျှင် ကမ္ဘာအကောင်းဆုံး ထဲမှ တစ်ဦးဖြစ်လာမည်ဟု ဂျရတ်ပြော
– ယခုထက်ပိုမို၍ စွမ်းဆောင်ရည် တိုးတက်လာပါက တိုက်စစ်မှူး ဆွာရက်ဇ်မှာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားများထဲမှ တစ်ဦးဖြစ်လာမည်ဖြစ်ပြီး၊ မက်ဆီ၊ ရော်နယ်ဒိုတို့နှင် ပြိုင်ဘက်ဖြစ်လာလိမ့်မည်ဟု လီဗာပူးလ်ကွင်းလယ်လူ စတီဗင်ဂျာရတ်က ပြောကြားလိုက်သည်။ ဆွာရက်ဇ်မှာ ဗုဒ္ဓဟူးနေ့က နော်ဝစ်ခ်ျအသင်းအား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသောပွဲတွင် လီဗာပူးလ်အသင်းအတွက် တစ်ဦးတည်း ၄ ဂိုး သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၉ ပွဲတွင် ၁၃ ဂိုး သွင်းယူပေးထားနိုင်သည့်အထိ ခြေစွမ်းထက်လာခဲ့သည်။
……………………….
ဒဏ်ရာရနေသော မက်ဆီ ဇန်နဝါရီ လဆန်းထိ ကစားနိုင်မည်မဟုတ်ဟု ဘာကာနည်းပြပြော
– အသင်း၏ တိုက်စစ်မှူး မက်ဆီမှာ ဇန်န၀ါရီလဆန်းပိုင်းတွင် ကစားရန်ရှိသည့် ပွဲစဉ်များကိုပါ လွဲချော်ဖွယ်ရှိနေပြီး၊ မက်ဆီအား အလျင်စလို မကစားခိုင်းဟု ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ မာတီနိုက ပြောကြားလိုက်သည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အား ၄ ကြိမ်တိုင်တိုင် ရရှိထားသည့် အသက် ၂၆ နှစ်အရွယ် မက်ဆီမှာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး၊ မက်ဆီမပါဝင်နိုင်သည့် ဘာစီလိုနာအသင်းမှာ ချန်ပီယံလိဂ်နှင့် လာလီဂါတို့တွင် ပထမဆုံး ရှုံးပွဲများနှင့် ကြုံတွေ့ခဲ့ရသည်။
…………………………
၂၀၁၄ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ ပွဲစဉ် ၁၉ ခုသာပါရှိမည်။
– ၂၀၁၄ ခုနှစ် ဖော်မြူလာဝမ်း ကားမောင်းပြိုပ်ပွဲအတွက် တစ်နှစ်စာ ပွဲစဉ်ဇယားကို ကမ္ဘာ့ကားမောင်းအဖွဲ့ချုပ် FIA က ထုတ်ပြန်ခဲ့ရာ ပြိုင်ပွဲ ၁၉ ခုသာပါရှိတော့သည်ဟု သိရသည်။ ယမန်နှစ်က ပွဲစဉ်ဇယားတွင် ပြိုင်ပွဲ ၂၂ ခုပါဝင်ခဲ့သော်လည်း ယခုနှစ်တွင် တောင်ကိုရီယား၊ နယူးဂျာဆီနှင့် မက္ကဆီကိုတို့တွင် ပြုလုပ်မည့် ပြိုင်ပွဲများမှာ ဖယ်ထုတ်ခြင်းခံခဲ့ရသည်သည်။
…………………………….
Sunday Timesနှင့် Sky Sports ရဲ့ တနှစ်တာ အကောင်းဆုံး အမျိုးသမီးအားကစားသမားစု ဗြိတိန်အပြေးမယ် Christine Ohuruogu ရရှိ
-Sunday Timesနှင့် Sky Sports တို့က ပေးအပ်ချီးမြှင့်သော တနှစ်တာအတွက် အကောင်းဆုံး အမျိုးသမီး အားကစားသမားဆုကို ဗြိတိန်အပြေးမယ် Christine Ohuruogu က ဆွတ်ခူးရရှိခဲ့သည်ဟုသိရသည်။ အဆိုပါဆုပေးပွဲအခမ်းအနားအား လန်ဒန်မြို့ရှိ Sky စတူဒီယိုတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်များက ထိုဆုအား ရရှိခဲ့ကြသည့် အားကစားမယ်များတက်ရောက်ခဲ့ကြသည်။
Christine Ohuruogu မှာ ၂၀၀၇ ခုနှစ် အိုစာကာနှင့် ၂၀၁၃ ခုနှစ် မော်စကိုကမ္ဘာ့ချန်ပီယံရှစ် မီတာ ၄၀၀ အပြေးပြိုင်ပွဲများတွင် ဗိုလ်စွဲခဲ့သူဖြစ်ပြီး၊ ကမ္ဘာ့ချန်ပီယံနှစ်ကြိမ်ဖြစ်ခဲ့သည့် ဗြိတိန်၏ ပထမဦးဆုံး အပြေးမယ်ဖြစ်လာခဲ့သည်။ ထို့ပြင် ၂၀၀၈ ခုနှစ် အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး ဗြိတိန်ဘုရင်မကြီး ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့ OBE ဘွဲ့အားရရှိခဲ့သူလည်းဖြစ်သည်။
Comments