ဒီဇင်ဘာ ၁၃၊ ၂၀၁၃
M-Media
မူရင်းဆောင်းပါးရှင်-Rajes Paul (The Star)
မြန်မာ့ဆီးဂိမ်းပွဲမှာ သယ်ယူပို့ဆောင်ရေး အခက်အခဲ ဖြစ်ပေါ်နေတယ်။ လမ်းအသီးသီးမှာ ပို့ဆောင်ရေး ဘတ်စ်ကားတွေ ရှိနေပေမယ့် အားကစား တာဝန်ရှိသူတွေ၊ မီဒီယာသမားတွေ၊ သက်ဆိုင်ရာ အဖွဲ့သားတွေ အတွက်သာ စီစဉ်ပေးထားတာပါ။
နေပြည်တော်လမ်းများတစ်လျှောက် ဆိုင်ကယ်တက္ကစီပေါ် စီးနင်းနေရင်း ကျွန်တော့် မျက်နှာကို လေနုအေးလေး ဖြတ်သန်းတိုးဝှေ့သွားပါတယ်။
ဖြစ်ကတတ်ဆန်း ပုဆိုးတိုတို ၀တ်ဆင်ထားတဲ့ ကျွန်တော့် ဒရိုင်ဗာက ကွမ်းတံတွေးနီနီကို ဗျစ်ကနဲထွေးချလိုက်ပါတယ်။ (သူတို့ အမျိုးသားတွေအတွက် ပုဆိုးတိုတိုဖြစ်ကတတ်ဆန်း ၀တ်ဆင်ခြင်း နဲ့ ကွမ်းဝါးခြင်းက ထူးခြားတဲ့ဓလေ့ မဟုတ်ပေဘူး)။
လွန်ခဲ့တဲ့ ၂ ရက်ကတည်းက ဆီးဂိမ်းအမှီ ကျွန်တော် နေပြည်တော်ကို ရောက်လာခဲ့တယ်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ပြီး တစ်လမ်းဝင် တစ်လမ်း ထွက်သွားလာနိုင်တဲ့ ဆိုင်ကယ်ကို စီးနင်းနေရတာပါ။
ကွာလာလမ်ပူမှာ ကားတွေ၊ ဘတ်စ်တွေ၊ ယာဉ်တန်းတွေ ပြည့်ကျပ်နေပေမယ့် ဒီနေပြည်တော်မှာတော့ ကျိုးတို့ကျဲတဲနဲ့ မရှိသလောက်ဖြစ်နေတယ်။ သယ်ယူ ပို့ဆောင်ရေးနဲ့ သွားလာရေး အတွက် စိန်ခေါ်မှု တစ်ရပ်လို ဖြစ်နေတော့တယ်။
တစ်နေရာကနေ နောက်တစ်နေရာကို သွားလာဖို့ ခက်လှပါတယ်။ တည်ရှိတဲ့နေရာတွေက ဝေးကွာလွန်းလို့ပါပဲ။
ပူထရာဂျာယာမြင်ကွင်းနဲ့နှိုင်းစာယင် လမ်းပေါ်မှာ ယာဉ်တွေ မရှိသလောက် ဖြစ်နေတယ်။
ရံဖန်ရံခါမှာတော့ လမ်းမကြီးပေါ်မှာ သက်ရှိ သတ္တ၀ါဆိုလို့ ကျွန်တော်နဲ့ဒရိုင်ဗာ နှစ်ဦးတည်းပဲ ရှိနေတာကို တွေ့ရပါလိမ့်မယ်။
အငှားယာဉ်တွေ၊ ကားတွေတော့ ရှိပါရဲ့။ ဒါပေမယ့် နည်းပါးလွန်းနေတယ်။ လူတွေကိုသယ်ပို့ပေးတဲ့ လော်ရီကားကြီးတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် တိရစ္ဆာန်အုပ်ကြီးကို တင်ဆောင်သလိုဖြစ်နေတော့ ကျွန်တော့်အဖို့ အလွမ်းမသင့်နိုင်ပါဘူးဗျာ။
ပုဂ္ဂလိကကားတွေလား၊ ငှားရမ်းလို့ ရတာပေါ့။ ဒါပေမယ့် တစ်ရက်ကို ငှားရမ်းခ ဒေါ်လာ ၂၅၀ ဆိုတော့ မေ့ထားလိုက်တာ ကောင်းပါတယ်။
သွားလာရေးအတွက် ပြည့်စုံလုံလောက်စွာရှိစေမယ်လို့ အာမခံထားသော်လည်း ထောင်နဲ့ချီတဲ့ ဆီးဂိမ်းအားကစားသမားတွေ၊ တာဝန်ရှိသူတွေအတွက် ကြိုပို့ဘတ်စ်ကား အနည်းအကျဉ်းလောက်သာ စီစဉ်ထားတာ တွေ့ရတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး။
သူတို့တစ်တွေဟာ နာရီနဲ့ချီပြီး လိုရာခရီးဆီကို မနည်းအလျဉ်မီအောင် အချိန်လုသွားလာနေရတယ်လေ။
ခမ်းနားလှတဲ့ ၀ဏ္ဏသိဒ္ဓိ ဧရာမ အားကစားရုံဝင်းကြီး အတွင်း လမ်းကြောင်း အသီးသီးအတွက် ကြိုပို့ဘတ်စ်ကားတွေကို ခပ်လှမ်းလှမ်းမှာ တွေ့ရတယ်။ ဒါပေမယ့် အနည်းငယ်မျှသာရှိတဲ့ အဲ့ဒီဘတ်စ်ကားတွေဟာ အားကစားတာဝန်ရှိသူတွေ၊ မီဒီယာတွေ နဲ့ သက်ဆိုင်ရာ အဖွဲ့သားတွေ အတွက်သာ ဖြစ်ပါသတဲ့။ ကြားရတာ နားဝ မချမ်းသာပါဘူး။
အားကစားဝင်းထဲမှာ သာမန်ပြည်သူလူထု အတွက် သယ်ယူပို့ဆောင်ရေးကို ခွင့်ပြုချက် မပေးကြောင်း သိရတယ်။
ဒါကြောင့် အချိန်သက်သာဖို့ လမ်းလျှောက်ခြင်းကိုပဲ အကောင်းဆုံးအဖြစ် အမြဲလိုလို ရွေးချယ်လိုက်ရတာပေါ့။
မြန်မာလူထုတွေ၊ လုပ်အားပေးတွေက ဟိတ်ဟန်မရှိ အကူအညီပေးတတ်တာဖြစ်လို့ ကံကောင်းတယ်ဆိုရမှာပါ။ သူတို့က “မင်္ဂလာပါ” လို့ဆိုပြီး ဖော်ဖော်ရွေရွေ နှုတ်ဆက်ကြပါပေတယ်။
မိမိသွားလိုရာကို မိုင်ပေါင်းများစွာဝေးနေသော်လည်း မရောက်ရောက်အောင် သွားမယ့်လူစားတွေကိုလည်း တွေ့ဖို့ မခဲယဉ်းလှပေဘူး။
“ ကစားသမားတွေက တစ်ဦးနဲ့တစ်ဦး ကော်နဲ့ကပ်ထားတဲ့အလား ဖြစ်နေပါတယ်။ သူတို့ဟာ ဟိုဟိုဒီဒီ သွားလာဖို့ ယာဉ် မရှိဘူး။ လေ့ကျင့်မှုနဲ့ပြိုင်ပွဲ အပြီးမှာလည်း ဘယ်ကိုမှ သွားလို့မရဘူး။ ဒါဟာ အသင်းညီညွတ်ရေးနဲ့သွေးစည်းရေးကို တည်ဆောက်ဖို့အတွက် တကယ့်နေရာကောင်းကြီး တစ်ခုပါပဲဗျို့ ” ဆိုပြီး နည်းပြတစ်ဦးဖြစ်သူ Rosman Razak က သယ်ယူပို့ဆောင်ရေးအခက်အခဲအပေါ် အရွှန်းဖောက်နေပါတော့တယ်။
Photo-(AP Photo/Khin Maung Win)
Comments