ဒီဇင်ဘာ ၁၉၊ ၂၀၁၃
M-Media
ပြည့်ပြည့်
ရန်ကုန် ။ ။ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တွင် ယနေ့ နံနက် ၂း၃၀-နာရီခန့်က မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၅-လုံး မီးလောင် ကျွမ်းခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ မရမ်းကုန်းမြို့နယ် ၉-ရပ်ကွက်၊ သူရလမ်း၊ အမှတ်-၉၀ အိမ်ရှင် ဒေါ်ခင်သန်း၏နေအိမ်အောက်ထပ်တွင် ငှားရမ်းနေထိုင်သူ ကိုမျိုးမြင့်အောင် မှ နေအိမ်အိပ်ခန်းအတွင်း လျှပ်စစ်မီးပူအား မီးပလပ်ထိုးထားရာမှ အပူလွန်ကဲကာ အကြော်ကြော်ရာတွင် အသုံးပြုသည့် အနီးရှိ ပွဲအိတ်များကို မီးကူးစက်ခဲ့သဖြင့် ၅၅-မိနစ်ခန့် မီးလောင်ကျွမ်းမှုတွင် အဆိုပါအိမ်နှင့် ၀န်းကျင်ရှိ အိမ်ခြေ ၁၅-လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးပေါ့ဆသူ ကိုမျိုးမြင့်အောင်အား မရမ်းကုန်းမြို့မ ရဲစခန်းမှ (ပ)၅၁၉/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ငွေကျပ် ၇၃-သိန်းခန့်ဆုံးရှုံးပြီး၊ အိမ်ထောင်စု ၄၅-စု၊ လူဦးရေ ၂၀၈-ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ မစိုးရိမ်ဘုန်းကြီး ကျောင်းဝင်း အတွင်း ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားပြီး ၎င်းဒုက္ခသည်များအတွက် ကူညီရေးများ လုပ်ဆောင်လျက်ရှိသည်။
ကိုးကား ။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာ
Comments