ဒီဇင်ဘာ ၂၀-၂၀၁၃
M-Media
သီရိ
ပြည် ။ ။ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင် ပြည်မြို့ ၀က်ထီးကန်တိုက်နယ် ကံကြီးကုန်းအုပ်စု ကန်ကြီးကန် ကျေးရွာတွင် လိင်အဂါင်္ (၂) မျိုးပါရှိသည့် ထူးဆန်းသောကလေးငယ်တစ်ဦးကိုမွေးဖွားခဲ့ကြောင်း သိရသည်။
ထိုကလေးငယ်ကို ကန်ကြီးကန်ကျေးရွာတွင် နေထိုင်သော ကိုအေးမင်း၏ဇနီး မစန်းစန်းမော်(ခ) မပူစူးမ မှ ဒီဇင်ဘာလ ၁၄ -ရက် နံနက် ၄း၃၀ အချိန်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကျေးလက်သားဖွားအရံဆရာမ ၂ ယောက်မှ မွေးဖွားပေးခဲ့ပါသည်။
“ကလေးကို နံနက် ၄ နာရီခွဲမှာမွေးခဲ့တာပါ မမွေးခင်ကတည်းကတော့ဘာမှထူးခြားတာမျိုးမရှိခဲ့ပါဘူး ပထမကလိုချင်တာတော့မိန်းကလေးပါ။ အခုတော့ကံစီမံရာအတိုင်းပဲလေ ကလေးမမွေးခင်ကတော့ ဆုတောင်းတိုင်းမိန်းကလေးဖြစ်ပါစေဆိုတဲ့ ဆုတွေပဲအရမ်းတောင်းမိပါတယ်၊ ကလေးက ၇-ပေါင်နဲ့ ၈-အောင်စ ရှိပါတယ်၊ လူကြီးရောကလေးရောကျန်းမာရေးကောင်းပါတယ်” ဟု ကလေး၏ မိခင်မှ ပြောကြားခဲ့ပါသည်။
ကံကြီးကုန်းကျေးရွာမှ ကလေးငယ်ကိုလာရောက်ကြည့်ရူသူတစ်ဦးဖြစ်သော အဘွားအိုတစ်ယောက်ဖြစ်သူ ဒေါ်မသိန်းမှ” အဘွားကလေ ကလေး တွေကို တစ်ကျိတ်လောက်မွေးဖွားလာတာ ဒီလိုမွေးတာ အခုမှပဲကြုံဖူးတယ်၊ ဒီလိုလိင်အဂါင်္နှစ်ခုပါလာတာ တော်တော်ထူးဆန်းတယ်” ဟုပြောခဲ့ပါ သည်။
“အဲဒီကလေးကိုမွေးကတည်းက ဆေးရုံကြီးကိုလာဖို့ဖိတ်ခေါ်ထားပါတယ်၊ ယနေ့ထိတော့ ရောက်လာခြင်းမရှိသေးပါဘူး၊ ကလေးမွေးဖွားမှုကို ဆေးပညာအရပြောရရင် ကိုယ်ဝန်ဆောင်မိခင်တွေက ကိုယ်ဝန်စဆောင်ခင်မှာ ဗိုက်အပ်ရပါတယ်၊ နားလည်တတ်ကျွမ်းတဲ့ ကျေးလက်ကျန်းမာရေး ဆရာ ဆရာမတွေကို ဗိုက်အပ်မှ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လိုအပ်တာတွေကိုစီစဉ်ပေးနိုင်မှုကမှ ပိုမိုထိရောက်ပါတယ်၊ ကိုယ်ဝန်ဆောင်ချိန် ၃-လ မပြည့်မီမှာ ကိုယ်ဝန်ဆောင်မိခင်က ဆေးတွေမှားယွင်းသုံးစွဲမှုတို့ကြောင့်လဲဖြစ်နိုင်ပါတယ်၊ တချို့သောဆေးတွေကိုသုံးစွဲမိရင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ကိုယ်လက်အဂါင်္မစုံတာတွေ မွေးလာတာလဲဖြစ်တတ်ပါတယ်၊ မျိုးရိုးဗီဇ ကြောင့်လဲဖြစ်နိုင်ပါတယ်” ဟုဝက်ထီးကန်တိုက်နယ် ဆေးရုံအုပ်ကြီးမှ ပြောကြားခဲ့ပါသည်။
ကလေး၏မိခင်နှင့် ဖခင်တို့မှာ လယ်လုပ်ငန်း၊ ယာလုပ်ငန်း နှင့် အခြားကြံပင်စိုက်ခြင်းလုပ်ငန်းများကို ကံကြီးကုန်းကျေးရွာတွင် လုပ်ကိုင်လျက်ရှိသည်။
Comments