ဒီဇင်ဘာ ၂၀၊ ၂၀၁၃
M-Media
– ဗြိတိန်နာမည်ကျော် တင်းနစ်သမား အန်ဒီမာရေးမှာ BBC မှ ချီးမြှင့်သော ၂၀၁၃ခုနှစ်အတွက် BBC Sports Personality ဆုကို ရရှိသွားသည်ဟု သိရသည်။ မာရေးမှာ ၂၀၁၃ ခုနှစ်All England Club တင်းနစ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီး ၇၇ နှစ်အတွင်း ပထမဆုံး ပြန်လည်ဗိုလ်စွဲနိုင်ခဲ့သည့် ပထမဆုံး ဗြိတိန်ကစားသမားလည်းဖြစ်လာခဲ့သည်။ မဲပေးသူ ထက်ဝက်ကျော်က မာရေးအား ရွေးချယ်ခဲ့ပြီး၊ ရက်ဘီကစားသမား လေး ဟက်ဖ်ပဲနီက ဒုတိယနှင့် မြင်းစီးအားကစားသမား တိုနီ မက်ကွိုင်းက တတိယ အသီးသီးရရှိခဲ့သည်။
ယခုနှစ် ၀င်ဘလ်ဒန် ချန်ပီယံလည်းဖြစ်သည့် မာရေးမှာ ကာလကြာရှည်စွာခံစားနေရသော နောက်ကြောဒဏ်ရာအား ပြီးခဲ့သည့် စက်တင်ဘာလက ခွဲစိတ်ကုသခဲ့ပြီးနောက် တင်းနစ်ကစားခြင်းမှ အနားယူနေခဲ့သူဖြစ်ပြီး လာမည့်သီတင်းပတ်အတွင်း ယူအေအီးနိုင်ငံ အဘူဒါဘီတွင် ကျင်းပပြုလုပ်မည့် Mubadala World Tennis Championship တင်းနစ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
……………………………….
– မန်စီးတီးအား ၆-ဂိုး ၃-ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် မန်စီတီးပရိတ်သတ်အား ရိုင်းစိုင်းသော အပြုအမူ လုပ်ပြခဲ့သည့်အတွက် အာဆယ်နယ်ကွင်း လယ်လူ ဂျက်ဝီလ်ရှိုင်းယားအား FA က ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်ဟုသိရသည်။ ထိုပွဲတွင် ၀ီလ်ရှိုင်းယားမှာ မန်စီးတီးပရိတ်သတ်များ ဘက်သို့ လှည့်ကာ လက်ခလယ်ထောင်ပြခဲ့ခြင်းဖြစ်ပြီး၊ ပွဲစဉ်အတွင်း ကွင်းလယ်ဒိုင်မှ မမြင်ခဲ့သော်လည်း FA ၏ စည်းမျဉ်းသစ်အရ ပွဲဗီဒီယိုအား ပြန်လည် စစ်ဆေးပြီး ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၀ီလ်ရှိုင်းယားမှာ အသင်း၏ အရေးကြီး ပွဲစဉ်များဖြစ်သည့် ယခုတစ်ပါတ် ချယ်ဆီးပွဲနှင့် လာမည့်တစ်ပါတ်တွင်ကစားရမည့် ၀က်စ်ဟမ်းအသင်နှင့် ပွဲစဉ်တို့အား လွဲချော်တော့မည်ဖြစ်သည်။
…………………………
– ရီးယဲလ်အသင်းက ခေါ်ယူရန်စိတ်ဝင်စားနေသည့် ၀ါရင့်ကွင်းလယ်လူ အင်နီယေစတာမှာ ဘာစီလိုနာအသင်းနှင့် လာမည့်သီတင်းပတ်တွင် စာချုပ် သက်တမ်းတိုးတော့မည်ဟု သိရသည်။ ၂၀၁၈ ခုနှစ်အထိ အသင်းတွင်ရှိနေမည့် သက်တမ်းတိုးစာချုပ်အား လက်မှတ်ထိုးရန် အင်နီယေစတာ နှင့် နှုတ်ဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု ဘာစီလိနာအသင်း၏ ဥက္ကဌဖြစ်သူ ဆန်ဒရိုရော့ဆဲလ်က ပြောကြားလိုက်သည်။ ထိုစာချုပ် ချုပ်ဆိုပြီးပါက အင်နီယေစတာမှာ တနှစ်လုပ်ခ ယူရို ၁၄ သန်းရရှိမည်ဖြစ်ပြီး ယခုရရှိနေသည့်လစာထက် ၂ ဆပိုသွားခဲ့ကာ မက်ဆီပြီးနောက် ဘာစီလိုနာတွင် လခအများဆုံး ကစားသမားဖြစ်လာမည်ဖြစ်သည်။
…………………………..
– ဖရီးကစ်ကန်ရာ၌ လူတံတိုင်းကာသည့် ကစားသမားများ ရှေ့သို့တိုးမလာစေရန်တွက် စပေရေးဘူးဖြင့် မျဉ်းသားခြင်းအား လာမည့်နှစ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပွဲတွင် အသုံးပြုမည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ဥက္ကဌ ဆပ်ဘလတ္တာက ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထိုစနစ်အား ယခုလက်ရှိတွင် တောင်အမေရိကရှိ ဘောလုံးပွဲများ၌ အသုံးပြုလျက်ရှိပြီး၊ မော်ရိုကိုတွင် ကျင်းပနေသည့် ကမ္ဘာ့ကလပ်ချန်ပီယံပြိုင်ပွဲတွင်လည်း အသုံးပြုနေကာ အဆင်ပြေလွယ်ကူကြောင်း အပြုသဘောဆောင်သည့် မှတ်ချက်များ ရရှိခဲ့သောကြောင့် လာမည့်ကမ္ဘာ့ဖလားတွင် အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဖရီးကစ် ကန်ရာတွင် လူတံတိုင်းမှာ ဖရီးကစ်ကန်မည့်နေရာနှင့် ၁၀ ကိုက်အကွာတွင် ရှိနေရမည်ဖြစ်ပြီး လူတံတိုင်းရှိရမည့်နေရာအား အဆိုပါ စပရေးဘူး အသုံးပြု၍ ဒိုင်လူကြီးက မျဉ်းသားထားမည်ဖြစ်ကာ ၁ မိနစ်ခန့်အကြာတွင် ထိုစည်းမှာ အလိုအလျောက် ပျောက်ကွယ်သွားမည်ဖြစ်သည်။
……………………………..
– လာမည့်နှစ်တွင် ဘရာဇီး၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်း ဗိုလ်စွဲလိမ့်မည်ဖြစ်ပြီး၊ စပိန်နှင့် အီတလီအသင်းတို့၏ ခြိမ်းခြောက်မှုကိုလည်း လစ်လျူရှုထား၍ မရကြောင်း အာဂျင်တိုင်း ဂန္တ၀င်ကစားသမားကြီး မာရာဒိုနာက ပြောကြားလိုက်သည်။
၁၉၈၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်စွဲထားသည့် အာဂျင်တီးနားအသင်းမှာ အုပ်စု F တွင် ဘော့စနီးယား၊ အီရန်၊ နိုက်ဂျီးရီးယားတို့နှင့် အတူ ကျရောက်နေပြီး အုပ်စုမှတက်ရန် အလားကောင်းနေကာ၊ မာရာဒိုနာကလည်း ယခုလက်ရှိ အာဂျင်တီးနားအသင်းမှာ ဗိုလ်စွဲနိုင်ရန် စွမ်းဆောင် နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ အာဂျင်တီးနားအသင်းမှာ ကမ္ဘာ့ဖလားအား ၁၉၇၈ နှင့် ၁၉၈၆ ခုနှစ်များတွင် နှစ်ကြိမ်ရရှိခဲ့သည်။
Comments