ဒီဇင်ဘာ ၂၆၊ ၂၀၁၃
M-Media
– အင်တာမီလန်အသင်း၏ စပိန် ဂန္ထ၀င် အလယ်တန်း ကစားသမား လူးဝစ်ဆွာရက်ဇ်က ပြီးခဲ့သည့် သီတင်းပတ်တွင် ကစားခဲ့သည့် မီလန်ဒါဘီတွင် ပြသခဲ့သော အီတလီတိုက်စစ်မှူး ဘာလော့တယ်လီ၏ ခြေစွမ်းမှာ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်၍ မရသေးဟု ပြောဆို လိုက်သည်။ ထိုပွဲတွင် အေစီမီလန်အသင်းမှာ ၁-ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဘာလော့တယ်လီမှာလည်း အသင်းအား အထောက်အကူ မပြုနိုင်ခဲ့သော ကြောင့် ဆွာရက်ဇ်က ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
………………………….
– တိုက်စစ်မှူး ခရစ္စတီယာ ရော်နယ်ဒိုမှာ ရီးယဲလ်အသင်းအား မောင်းနှင်သူဖြစ်သော်လည်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or အား ရရှိရန် ဘိုင်ယန်ကွင်းလယ်လူ ရီဘာရီကသာ ထိုက်တန်သည်ဟု နယူးကာဆယ်အသင်းကွင်းလယ်လူ ဘင်အာဖာက ပြောကြားလိုက်သည်။ လာမည့်လ ဒုတိယပတ်အတွင်း ပေးအပ်မည့် ထိုဆု၏ ဇကာတင်စာရင်းတွင် မက်ဆီ၊ ရော်နယ်ဒိုနှင့် ရီဘာရီတို့ ပါဝင်ကြသော်လည်း မက်ဆီမှာ ဒဏ်ရာကြောင့် အနားယူနေရပြီး ရော်နယ်ဒိုနှင့် ရီဘာရီနှစ်ဦးတို့သာ ထိုဆုအား ရရှိရန် ရေပန်းစားနေသည်။
…………………………..
– ယခုလက်ရှိ ရရှိနေသည့် ပုံစံကောင်းများကို ထိန်းသိမ်းကာ ရာသီအဆုံးတွင် ထိပ်ဆုံးလေးသင်းစာရင်းဝင်အောင်ကြိုးစားကြရန် အသင်းဖော်များ အား လီဗာပူးလ်အသင်းကွင်းလယ်လူ ဂျာရတ်က တိုက်တွန်းလိုက်သည် လီဗာပူးလ်အသင်းမှာ ယခုနောက်ပိုင်းတွင် ခြေစွမ်းပြနေပြီး အာဆင်နယ် အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ဇယားထိပ်တွင်ဦးဆောင်နေသည်။ သို့သော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမှာ အသင်း၏ အဓိက ရည်ရွယ်ချက်ဖြစ်သည်ဟု ဂျရတ်က Sky Spotrs သို့ ပြောကြားခဲ့သည်။
…………………………
– ပြီးခဲ့သည့် ရာသီကမှ အသင်းသို့ရောက်ရှိလာခဲ့ပြီး ၁၂ ဂိုးအထိ သွင်းယူပေးထားနိုင်သည့် ဂျူဗင်တပ်စ်အသင်း၏ အာဂျင်တိုင်း တိုက်စစ်မှူး တီဗက်ဇ် က ၎င်းတို့အသင်းမှာ ကြီးကျယ်ခမ်းနားသော ကလပ်အသင်းတစ်ခုဖြစ်ပြီး ၎င်းအနေဖြင့်လည်း ဂျူဗီတွင် ကစားရသည်ကို ပျော်ရွှင်မိကြောင်း ပြောကြား ခဲ့သည်။ ဂျှူဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ်တွင် ရုန်းကန်ခဲ့ရသော်လည်း စီးရီးအေတွင် ခြေစွမ်းကောင်းများ ဆက်လက်ပြသကာ ထိပ်ဆုံးတွင် ရှိနေ ပြီး၊ တီဗက်ဇ်မှာလည်း ပွဲထွက် ၁၁ ယောက်စာရင်းတွင် ပုံမှန်ပါဝင်နေသည်။
……………………………..
– ၂၀၂၂-ခုနှစ်တွင် ကာတာနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအား ဆောင်းရာသီတွင် ပြောင်းရွှေ့ကျင်းပရမည်ဟု အငြင်းပွားမှုများ ထွက်ပေါ်နေသော်လည်း ကာတာရှိ ပြိုင်ပွဲကျင်းပရေးကော်မတီက ပုံမှန်အတိုင်း နွေရာသီတွင်ကျင်းပရန်ကိုသာ စိတ်အား ထက်သန်နေကြသည်။
ပြိုင်ပွဲကျင်းပမည့်အချိန်တွင် ကာတာနိုင်ငံ၏ အပူချိန်မှာ ၅၀ ဒီဂရီ စဲလ်စီယက်စ်အထိ ရှိနေမည်ဖြစ်သောကြောင့် ကစားသမားများနှင့် ပရိတ်သတ် များ၏ ကျန်းမာရေးအား အန္တရာယ်မဖြစ်စေရန်အတွက် ပြိုင်ပွဲကို ဆောင်းရာသီ၌ ပြောင်းရွှေ့ကျင်းပရန် သင့်မသင့်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ဥက္ကဌ ဆပ်ဘလတ္တာက အကြံဥာဏ်ရယူခြင်းများကို ပြုလုပ်နေသည်။
သို့သော်လည်း အပူချိန်သက်သာအောင် ကစားကွင်းများတွင် အအေးပေးစနစ်များ တပ်ဆင်ရန် အစီအစဉ်အား ဆက်လက်လုပ်ဆောင်ပြီး ကမ္ဘာ့ ဖလားပြိုင်ပွဲကို နွေရာသီတွင် ကျင်းပနိုင်ကြောင်း၊ ကမ္ဘာ့ဘောလုံးလောကနှင့် ဖီဖာတို့က ပြိုင်ပွဲအား ဆောင်းရာသီတွင်ကျင်းပစေချင်ပါက ၎င်းတို့ အနေဖြင့် အသင့်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ အထွေထွေအတွင်းရေးမှူး ဟာဆန် အလ် သာဝါဒီက ပြောကြားခဲ့သည်။
Comments