ဇန်န၀ါရီ ၈၊ ၂၀၁၄
M-Media
သီရိ
ရန်ကုန် ။ ။ မထသ(မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး) (ဗဟို) မှ မီဒီယာသမားများနှင့်တွေ့ဆုံကာ ယာဉ်လိုင်းများအကြောင်း ရှင်းလင်းပွဲကို တောင်ဥက္ကလာပ မြို့နယ် မထသ(ဗဟို) တွင် ယနေ့နံနက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မ ထ သ (ဗဟို) ဥက္ကဌ ဦးလှအောင် မှ ဖောင်းပွနေသော ယာဉ်လိုင်းများကို လျော့ချရန်ကြိုးပမ်းနေကြောင်း၊ လိုင်းကားများတစ်စီးနှင့် တစ်စီး လုယက်မောင်းနေသူများကို တားဆီးရန် ကြိုးပမ်းနေကြောင်း၊ ယာဉ်မတော်တဆမှုလျော့နည်း ကျဆင်းရေးကို ၂၀၁၄ တွင် ဦးစားပေးလုပ်ဆောင်နေကြောင်း၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား တိုင်ကြားမှုမားကို ထိရောက်စွာအရေးယူလျက်ရှိနေကြောင်း၊ ယာဉ်မောင်း ယာဉ်လုပ်သားများအား မွမ်းမံသင်တန်းများ ဖွင့်လှစ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှုပိုမို တိုးတက်ရေး၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် ပါဝင်တာဝန်ယူနေကြသူများအား ထားရှိသင့်သော စိတ်နေသဘောထားများထားရှိရေး၊ ယာဉ်တိုက်ခိုက်မှု တိမ်းမှောက်မှု လျော့နည်းစေရေး တို့ကို ဟောပြောဆွေးနွေးခဲ့ပါသည်။
Hilux ကားများနှင့် ပက်သက်၍ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၄၅-မြို့ရှိရာ စည်ပင်ပိုင်မြို့နယ် ၃၃ မြို့နယ်ကို မောင်းနှင်ခွင့် မပြုဘဲ ကျန် ၁၂ မြို့နယ်တွင် လွတ်လပ်စွာ သွားလာခွင့် ပြုထားပါသည်။ ၎င်းကားများဟာ လူတွေလည်းအများကြီးတင်တယ် အရမ်းလည်း မောင်းနှင်ကြတာ ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်းနှင်ခွင့်မပြုတာဖြစ်ကြောင်း၊ ပြည်သူတွေနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းရေးကို ဦးစားပေး ရည်ရွယ်၍လုပ်တာဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ထို့နောက် ရှင်းလင်းပွဲတွင် မီဒီယာများမှ မေးမြန်သည်များကို ဖြေကြားပြီး ၁၂ နာရီတွင် အခမ်းနားကို ရုတ်သိမ်းခဲ့ပါသည်။
Comments