ဇန်နဝါရီ ၉ ၊ ၂၀၁၄
M-Media
မန်ယူအသင်း ချန်ပီယံလိဂ် ၀င်ခွင့်မရမည်ကို အသင်းသားများက စိုးရိမ်နေသည်ဟု ၀ဲလ်ဘတ်ဆို
– ရာသီကုန်လျှင်အသင်းအနေဖြင့် ထိပ်ဆုံးလေးသင်းစာရင်းထဲ ၀င်ရောက်နိုင်ခြင်းမရှိမည်ကို အသင်းသားများက ကြောက်ရွံ့နေသည်ဟု မန်ချက်စတာ ယူနိုက်တက်အသင်း၏ တိုက်စစ်မှူး ဒန်နီယဲလ် ၀ဲလ်ဘတ်က ပြောကြားလိုက်သည်။
မန်ယူအသင်းမှာ ပရီးမီးယားလိဂ်သမိုင်းတွင် အဆင့် ၃ အောက် မည်သည့်အခါမျှ လျော့ကျခြင်းမရှိခဲ့သော်လည်း ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်ရဖွယ်အနေအထား ဖြစ်လာခဲ့သည်။ လက်ရှိတွင် အဆင့်လေးနေရာနှင့် ၅ မှတ်အကွာတွင်ရှိနေပြီး ၁၃ နှစ်အတွင်း ပထမဆုံး သုံးပွဲဆက်အရှုံးနှင့်လည်း ရင်ဆိုင်ထားရသည်။
“ပရိတ်သတ်တွေ ဘာကြောင့် စိတ်ပူနေတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ ချန်ပီယံလိဂ် ၀င်ခွင့်နေရာနားမှာ မရှိပါဘူး။ အသင်းရဲ့ ကစားပုံကို ပြန်ရဖို့နဲ့၊ နောက်ပွဲတွေကို အနိုင်ကစားဖို့ လိုနေပါတယ်” ဟု ၀ဲလ်ဘတ်က ပြောကြားခဲ့သည်။
မန်ယူမှာ ၂၀၁၄ နှစ်သစ်တွင် နိုင်ပွဲမရှိဘဲ နောက်ဆုံး ကစားထားသည့် ၃ ပွဲစလုံးတွင် ရှုံးနိမ့်ထားသည်။
…………………………………….
ဝက်စ်ဟမ်းအသင်းအား ဂိုးပြတ်ဖြင့်အနိုင်ယူကာ လိဂ်ဖလား ဗိုလ်လုပွဲသို့ တက်ရောက်ရန် အခြေအနေကောင်းသွားသည့် မန်စီးတီး
မန်စီးတီး ၆-၀ ၀က်စ်ဟမ်း
လိဂ်ဖလားပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့အဖြစ် မန်စီးတီးအသင်းနှင့် ၀က်စ်ဟမ်းအသင်းသို့ ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက အိမ်ကွင်း အီတီဟတ်တွင် ဂိုးပြတ် ခြေပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ မန်စီးတီးအသင်းမှာ FA ဖလားပွဲတွင် ဘလက်ဘန်းအသင်း ၁ ဂိုးစီ သရေကျခဲ့သောကြောင့် ယခုပွဲအနိုင်ရရှိရန် ဇာဘလက်တာ၊ ကန်ပနီ၊ လက်စကော့၊ နာဆရီ၊ တိုးယေး လူစုံနီးပါး ပါဝင်ခဲ့ပြီး ၀က်စ်ဟမ်းအသင်း တွင်တည်း ဒေါင်းနင်း၊ ဂျိုလ်ကိုး စသည့် ကစားသမားများပါဝင်ခဲ့သည်။
FA ဖလားတွင် နော်တင်ဟမ်ဖောရက်စ် အသင်းအား ၅ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ၀က်စ်ဟမ်းအသင်းမှာ ယခုပွဲတွင်လည်း မန်စီးတီးအသင်းအား အစစ အရာရာယှဉ်ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ မန်စီးတီးအတွက်ဂိုးများကို နီဂရီဒိုက ဟက်ထရစ်၊ ဇက်ကိုက ၂ ဂိုးနှင့် ယာယာတိုးယေးက ၁ ဂိုး အသီးသီး သွင်းယူပေးခဲ့သည်။ ဒုတိယအကျော့ကစားရန် ရှိနေသော်လည်း ယခုပွဲအနိုင်ကြောင့် မန်စီးတီးအသင်းမှာ ဗိုလ်လုပွဲသို့ တက်ရောက်ရန် အခြေအနေကောင်းနေပြီး ၀က်စ်ဟမ်းအသင်း၏ နည်းပြ ဆမ်အလာဒွိုက်စ်မှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီဖြစ်ကာ ၀က်စ်ဟမ်းအသင်းအား တိုးတက်မှုများကို ဆောင်ကျဉ်းမပေးနိုင်ပါက အသင်းမှ ထုတ်ပယ်ခြင်းခံရနိုင်သည်ဟု ပွဲအပြီးတွင်၎င်းကိုယ်တိုင် ၀န်ခံသွားခဲ့သည်။
…………………………………….
ကစားသမားဘ၀ကို ဘာစီလိုနာတွင် အဆုံးသတ်ချင်သည်ဟု မက်ဆီဆို
– ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် ဘာစီလိုနာအသင်း၏ အာဂျင်တိုင်း တိုက်စစ်မှူး မက်ဆီက ၎င်းအနေဖြင့် ကစားသမားဘ၀အား ဘာစီလိုနာအသင်းတွင်ပင် အဆုံးသတ်ချင်သည်ဟု ပြောကြားလိုက်သည်။
မက်ဆီမှာ တံကောက်ကြောဒဏ်ရာကြောင့် နိုဝင်ဘာလအစောပိုင်းကတည်းက အနားယူနေရသူဖြစ်ပြီး ယမန်နေ့က ကစားခဲ့သည့် ဂီတာဖေးအသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် Copa del Rey ဖလားပြိုင်ပွဲတွင် ပထမဆုံး ၀င်ရောက်ကစားခဲ့ကာ ခြေစွမ်းပြ၍ ၂ ဂိုး သွင်းယူပေးခဲ့သည်။
အသက် ၂၆ နှစ်အရွယ်ရှိ မက်ဆီမှာ ဘာစီလိုနာ အသင်းဒါရိုက်တာ ဂျာဗီယာ ဖောက်စ်နှင့် အဆင်မပြေဖြစ်နေပြီး ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ခေါ်ယူလိုသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ကစားသမားဘ၀ အနားယူသည်အထိ ဘာစီလိုနာတွက် နေချင်သည်ဟု ပြောဆိုခဲ့သည်။
……………………….
စပါးတိုက်စစ်မှူးဒီဖိုး မေဂျာလိဂ်သို့ ပြောင်းရွှေ့တော့မည်
– စပါးအသင်းတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် အင်္ဂလန် တိုက်စစ်မှူးဂျာမိန်းဒီဖိုးမှာ အမေရိကန်ဂျောလိဂ် MLS တွင် ကစားနေသည့် တိုရွန်တို အက်ဖ်စီ အသင်းသို့ ပြောင်းရွှေ့တော့မည်ဟု သိရသည်။
ပြောင်းရွှေ့ကြေး ပေါင် ၇.၃ သန်းဖြင့် လေးနှစ်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ပြီး၊ အပြောင်းအရွှေ့ကို လာမည့် တနင်္လာနေ့တွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကာ ထိုပြောင်းရွှေ့ကြေးမှာ မေဂျာလိဂ်စံချိန်တင် ပြောင်းရွှေ့ကြေးလည်းဖြစ်သည်။
အသက် ၃၁ နှစ်အရွယ်ရှိ ဒီဖိုးအား ၀က်စ်ဟမ်းအသင်းကခေါ်ယူရန် ကြိုးစားခဲ့သော်လည်း ဒီဖိုးက တိုရွန်တိုအသင်းကိုရွေးချယ်ခဲ့ခြင်းဖြစ်ပြီး၊ တစ်ပါတ်လုပ်ခ ပေါင် ၁ သိန်း ကျော်ရရှိမည်ဖြစ်သည်။
Comments