ဇန်န၀ါရီ ၁၁-၂၀၁၄
M-Media
– ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် ယမန်နေ့က ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ ထိုဆန္ဒပြမှုအား ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ဖြိုခွင်းခဲ့မှုကြောင့် နိုင်ငံရေးသမားများ အပါအ၀င် လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြသည်ဟု သိရသည်။
ရုရှားနှင့် ဆက်ဆံရေးထိခိုက်မည်ကို စိုးရိမ်ပြီး ဥရောပ၏ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အား ယူကရိန်းအစိုးရက လက်မှတ်မထိုးခဲ့ခြင်းအပေါ် မကျေနပ်သောကြောင့် ပြည်သူများက ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများအတွင်း ဆိုဗီယက် ပြည်ထောင်စုအား ထူထောင်ခဲ့သူ လီနင်၏ ရုပ်တုကို ဖြိုချခဲ့မှုတွင် ပါဝင်ခဲ့သည့် လူသုံးဦးအား ထောင်ဒဏ် ၆ နှစ်စီချမှတ်ခဲ့ခြင်းကို မကျေနပ်သောကြောင့် တရားရုံး အရှေ့ဘက်တွင် ထောင်ပေါင်း များစွာသော ပြည်သူများက ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ဒဏ်ရာရသူများတွင် ယခင်ပြည်ထဲရေး ၀န်ကြီးဟောင်း ယူရိုင်း လက်ဆန်ကို လည်း ပါဝင်ခဲ့ပြီး ဒဏ်ရာရသူ အချို့မှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။ ထို့ပြင် လူစုခွဲရန် အတွက် ရဲတပ်ဖွဲ့ဝင်များမှာ မျက်ရည်ယိုဗုံးများကို အသုံးပြုခဲ့ကြသည်။
Ref: aljazeera
Comments