ဇန်နဝါရီ ၁၂၊ ၂၀၁၄
တက္ကသိုလ် မြင့်ဝေ
ကမ္ဘာ့စီးပွားပျက်ကပ်ကြီးကြောင့် ဆန်စပါးဈေး အဆမတန်ကျခဲ့သည်။ ၁၉၂၉-ခုနှစ် တွင် မီးစရိတ်၊ နေရေးစရိတ် အလွန်ကြီးမြင့် လာသဖြင့် မြန်မာနိုင်ငံ တောင်သူ လယ်သမားများမှာ ဒုက္ခဆင်းရဲ အမျိုးမျိုးနှင့် ကြုံတွေ့ကြရပါသည်။ တောင်သူလယ်သမားများမှာ နွေမိုးမရှောင် ရွံ့နွံထဲတွင် ရုန်းကန်လှုပ်ရှားကြရသော်လည်း စားတော့ တစ်လုပ်တစ်ဆုပ်၊ ငတ်တော့ အစုတ်အနုတ်၊ နေတော့ တဲပုတ်တဲစုတ်ဘ၀တွင်ပင် ရှိနေကြသည်။
ဗြိတိသျှနယ်ချဲ့အစိုးရသည် တောင်သူလယ်သမားများ ဤမျှ အတိဒုက္ခရောက်နေသည်ကို အားရကျေနပ်ခြင်း မရှိသေးဘဲ ရေနစ်သူကို ၀ါးကူ၍ နှစ်သည့်နှယ် လင်စုံမယားဖက်ကို ငါးကျပ်၊ လူလွတ်ကို နှစ်ကျပ်ခွဲ လူခွန်ကောက်ခံခြင်း၊ သဿမေဓ အခွန်တော်ကောက်ခံခြင်းနှင့် ကြိုးဝိုင်း အပြင်တွင် ခုတ်သည့်ထင်းဝါးကိုပင် လှည်းတစ်စီး နှစ်ကျပ်ခွဲ သစ်တောခွန်ကောက်ခံခြင်းဖြင့် ထပ်မံ၍ နှိပ်စက်လိုက်ကြပြန်သည်။
၁၉၃၀-ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် နေ့တွင် ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီး သာယာဝတီမြို့ ဒါဘာပွဲသို့အလာ၊ တောင်သူလယ်သမားများက ဆိုင်းငံ့နိုင်သည့် အခွန်တော်များကို ဆိုင်းငံ့ပေးရန်၊ လျှော့နိုင်သည့် အခွန်တော်များကို လျှော့ပေးရန် အသနားခံကြသည်။ ဘုရင်ခံက ထိုတောင်းဆိုချက်များကို ချက်ချင်း ပယ်ချလိုက်သည်။
နယ်ချဲ့လက်ဝေခံတို့၏ အနိုင်ကျင့်မှုကိုလည်း မခံနိုင်သည့် အဆုံးတွင် ဂျီစီဘီအေ အဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦိးဖြစ်သူ ဆရာစံသည် သုပဏ္ဏကဂဠုနရာဇာ ဘွဲ့ခံပြီး ၁၉၃၀-ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် သာယာဝတီခရိုင် ရေတိုက်ရွာကစပြီး ဗြိတိသျှနယ်ချဲ့အား လက်နက်ကိုင် ပုန်ကန်ခြင်းအားဖြင့် “တောင်သူလယ်သမား အရေးတော်ပုံကြီး” ပေါ်ပေါက်ခဲ့ရလေသည်။
၁၉၃၁-ခုနှစ်၊ နိုဝင်ဘာလ ၂၀-ရက် နေ့တွင် ဗြိတိသျှအစိုးရအား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်မူဖြင့် ဆရာစံအား ကြိုးပေးလိုက်လေသည်။ အခြား ကြိုးပေးခံရသော၊ တစ်သက်တစ်ကျွန်းဒဏ် ကျခံရသော လယ်သမားခေါင်းဆောင် များလည်း အများအပြားပင်။
လယ်သမား ဂဠုန်တပ်ဖွဲ့များကို ဖွဲ့စည်းကြရာတွင် ဗိုလ်မှုးဖိုးထင် ဦးစီးသည့် တပ်ခွဲ(၄) တွင် ငဖြူလေးကျေးရွာမှ (က) တပ်သားကြီးများအဖြစ် (၂၅)ဦး ပါဝင်ခဲ့သည့်အထဲတွင် ဦးဒူးဒူးမှာ တိုင်းရင်းသား အစ္စလာမ်သာသနာဝင် တစ်ဦးဖြစ်ပါသည်။
ဦးဒူးဒူး မြန်မာမွတ်စလင်မ် တစ်ဦးဖြစ်ကြောင်း ဆရာစံ၏ ဂဠုန်တပ်သားကြီး ကြိုးကျကျွန်းဖြင့် ဦးဖိုးဖြူက ၎င်းရေးသားသည့် ” ဗြိတိသျှအစိုးရအား ကျွန်ုပ်တို့တော်လှန်ခဲ့စဉ်က” စာအုပ်တွင် အောက်ပါအတိုင်း ရေးသားထားပါသည်။
“၁၉၃၀-ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၅-ရက်၊ ၁၂၉၂-ခုနှစ်၊ ပြာသိုလဆန်း ၇-ရက်၊ နံနက် (၆) နာရီအချိန်တွင် စပါးကြီး အိုင်ရွာတပ်စခန်း ဘုန်းကြီး ဦးသူရိယကျောင်းမှ မြောက်စူးစူရှိ ဗဟိုတပ်မကြီး တည်ရာ အလံတောင်ရွာသို့ ဗိုလ်မှုး ဖိုးထင်၊ ဗိုလ်မှုး ဖိုးစံ တို့ နှစ်ဦး ခေါင်းဆောင်သော တပ်ခွဲ (၄) သည် တပ်စခန်းမှ ထွက်ချီကြလျက် သင်းအစ်ရွာသို့ ရောက်သောအခါ ၎င်းရွာတွင် အင်္ဂလိပ်အစိုးရက ဖွဲ့စည်းပေးထားသော ဘော်လံတီယာတို့က ဆီးကြိုတိုက်ခိုက်သဖြင့် မိနစ်(၂၀)ကြာခန့် တိုက်ပွဲဖြစ်၏။ ထိုတိုက်ပွဲတွင် ဘော်လံတီယာ တပ်သား ဖိုးဘုဆိုသူတစ်ယောက်မှာ ဗိုလ်စိန်ခိုနှင့် ဗိုလ်သြတို့၏ လက်ချက်ဖြင် ကျဆုံးပြီး တပ်ပျက်ထွက်ပြေးသွားကြသည်။ ၎င်းနောက် ရွာအခြေအနေကို ၀ိုင်းဝန်းစစ်ဆေးပြီး ထူးခြားမှု မတွေ့ကြရ၍ ၎င်းရွာရှိ တရုတ်ကုန်စုံဆိုင်သို့ဝင်ပြီး တပ်တွင် ပါရှိသော မွတ်စလင်မ် တပ်သား ဒူးဒူးဆိုသူ စားသုံးရန် ဘီစကွတ်မုန့်သေတ္တာဝယ်ရန် ၀င်ကြရာ ဆိုင်ရှင် တရုတ်ကို မတွေ့ကြ၍ ထိုဆိုင်မှ မုန့်သေတ္တာနှစ်ဘူးနှင့် ငါးသေတ္တာ တစ်ဘူးယူ၍ထွက်ခဲ့ကြသည်” ဟု ရေးသားထားပါသည်။
အထက်ပါ စာအုပ်ကို ရေးသားခဲ့သည့် ကြိုးကျကျွန်းပြန် ဦးဖိုးဖြူမှာ လူချစ်လူခင်ပေါများသူ ဖြစ်ပါသည်။ လူတိုင်းက အမည်အရင်း မခေါ်ဘဲ ” အဘဖြူ” ဟုသာ ခေါ်ကြပါသည်။ အဘဖြူသည် သာကေတတွင် နေထိုင်ရင်း ကွယ်လွန်ခဲ့ပါသည်။
ဆရာစံ၊ အဘဖြူ၊ ဦးဒူးဒူး အစရှိသော ဂဠုန်တပ်သားကြီးများသည် အမိမြန်မာနိုင်ငံကို သိမ်းပိုက်ပြီး တောင်သူလယ်သမားကြီးများအား ဖိနှိပ်ချုပ်ခြယ်ခဲ့သည့် နယ်ချဲ့ဗြိတိသျှ အစိုးရအား ဒူးထောက် အရှုံးမပေးဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည်မှာ သမိုင်းမှတ်တမ်းများအရ ထင်ရှားပြီး ဖြစ်ပါသည်။
နယ်ချဲ့ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးကို ဆောင်ရွက်ရင်း တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကိုပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့သည့် ဆရာစံ၏ဂဠုန်တပ်သားကြီး ဦးဒူးဒူးအား ဂုဏ်ပြုသောအားဖြင့် ရေးသားဖော်ပြလိုက်ရပေသည်။
* လပြည့်ဝန်းမဂ္ဂဇင်းတွင် ပါရှိသော ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။
Comments