ဇန်နဝါရီ ၂၉၊ ၂၀၁၄
M-Media
ကိုင်ရို၊ ဇန်န၀ါရီ ၂၇။ ။ တက္ကသိုလ်များတွင် ပညာသင်ယူနေသော အစ္စလာမ်ဘာသာဝင် ကျောင်းသား၊ ကျောင်းသူများ အစားအသောက် စားသောက်ရာတွင် လွယ်ကူမှုရှိစေရန်အတွက် ဂျပန်တက္ကသိုလ်များရှိ ကန်တင်းများတွင် ဟာလာလ်အစားအသောက်များကို စီစဉ်ပေးမှုများ ရှိလာခဲ့သည်ဟု သိရသည်။
Yamanashi ပြည်နယ်ရှိ Yamanashi တက္ကသိုလ်ရှိ ကန်တင်းတွင် ဟာလာလ်အစားအသောက် ၁၀ မျိုးကို ထည့်သွင်းပေးထားပြီး၊ ဟင်းလျာ စာရင်းများရှိ အဆိုပါ အစားအသောက်များအား အလွယ်တကူ ရွေးချယ်နိုင်ရန် ဟာလာလ် စတေကာ ကပ်ထားပေးသည်။
“ဒီအစီအစဉ် ဖြစ်မလာခင်အချိန်အထိ ကျွန်တော်ဟာ ကိုယ့်အစားအသောက်ကို ကိုယ့်ဟာကိုယ် စီစဉ်ရတာပါ။ ဒီအစီအစဉ်ဟာ တကယ့်ကို အကျိုးရှိပါတယ်” ဟု မလေးရှားနိုင်ငံမှ လာရောက်ပညာသင်ယူနေသည့် အသက် ၂၁ နှစ်အရွယ် ကျောင်းသား တစ်ဦးက စားသုံးနေရင်း The Mainichi သတင်းစာသို့ ပြောကြားခဲ့သည်။
Yamanashi တက္ကသိုလ်တွင် ပညာသင်ယူနေသော နိုင်ငံခြား ကျောင်းသား အရေအတွက်မှာ ၁၈၀ နီးပါးရှိပြီး အစ္စလာမ် ဘာသာဝင် ၅၀ ခန့်ရှိသည်။ ထိုတက္ကသိုလ် အပါအ၀င် ဂျပန်နိုင်ငံတွင် ဟာလာလ်အစားအသောက် စီစဉ်ပေးသော တက္ကသိုလ်များမှာ ၁၉ ခုရှိသည်ဟု တက္ကသိုလ်များပူးပေါင်းဆောင်ရွက်ရေးအသင်း NFUCA ၏ စစ်တမ်းကောက်ယူမှုမှ တစ်ဆင့် သိရသည်။
ဂျပန်တက္ကသိုလ်များအား အစားအသောက် ကုန်ကြမ်းများကို ထောက်ပံ့ပေးနေသည့် Tokyo Business Association of University Cooperatives က ၀ယ်ယူတင်သွင်းသော ကြက်သားနှင့် အမဲသားများမှာ မလေးရှားနိုင်ငံမှ ဟာလာလ် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးထားသော အသားများဖြစ်ပြီး၊ တက္ကသိုလ် ကန်တင်းများတွင် ချက်ပြုတ်သည့် အိုးခွက်များ၊ ပန်းကန်များကိုလည်း သီးသန့်ထားရှိသည်ဟု သိရသည်။
“နိုင်ငံတွေ၊ လူမျိုးတွေအလိုက် သင့်လျော်တဲ့ အစားအသောက်တွေဟာ ပြောင်းလဲနေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ နိုင်ငံသားကျောင်းသားတွေနဲ့ ဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့ရပါတယ်” ဟု Yamanashi တက္ကသိုလ် ကန်တင်းမှ မန်နေဂျာ တက်ဆုယ တာနာဟာရှီက ပြောကြားခဲ့သည်။
အစ္စလာမ်ဘာသာဝင် ကျောင်းသားများ စားသုံးနိုင်ရန် ရည်ရွယ်၍ ဟာလာလ် အစားအသောက် စီစဉ်ပေးမှုကို ၂၀၁၀ ခုနှစ်တွင် တိုကျိုရှိ တက္ကသိုလ်တစ်ခုမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် အခြားသော တက္ကသိုလ်များကလည်း ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ယူနေသည့် အစ္စလာမ်ဘာသာဝင် ကျောင်းသားများမှာ ယခုအချိန်တွင် ၁ သိန်း ၄ သောင်းခန့်ရှိနေပြီး အများစုမှာ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ ဖြစ်ကြသည်။
Comments