ဖေဖော်ဝါရီ ၂၊ ၂၀၁၄
M-Media
ချမ်းငြိမ်းအေး
“တမန်တော်မြတ်ကြီးက ဗလီထဲမှာတောင် ခရစ်ယာန်တွေကို ဘုရား ရှိခိုးခွင့်ပေးခဲ့တယ်” လို့ ခရစ်ယာန် ဓမ္မတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ စောလှိုင်ဘွား မဟာတမန်တော်နေ့ မှာ ဟောပြော
ရန်ကုန်။ ။ အစ္စလာမ်ဘာသာဝင်တို့၏ နှစ်ဘ၀သခင် ကျေးဇူးတော်ရှင်ဖြစ်သော မဟာတမန်တော်မြတ်ကြီး မုဟမ္မဒ်သခင် (ငြိမ်းချမ်းပါစေသား) ဖွားမြင်သန့်စင်သောနေ့ ၁၄၈၈ ကြိမ်မြောက် အထိမ်းအမှတ် ဓမ္မသဘင်နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားကို သာကေတမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ(၂) ရက် နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီထိ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ကျမ်းတော်မြတ်ကုရ်အာန်ရွတ်ဖတ် သရဇ္ဈာယ်၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် အစီအစဉ်အတိုင်း တရားဒေသနာများ ဟောကြားခဲ့ကြသည်။ မြို့နယ် သံဃ နာယက ဥက္ကဌ ဘဒ္ဒန္တအဂ္ဂသာမိ၊ တိပိဋကရေ အရှင်သူမြတ်က ” တစ်ဘာသာနဲ့တစ်ဘာသာ မတူညီကြပေမယ့် ချစ်ကြည်နေရမယ့် အချိန်ပဲဖြစ်တယ်။ အခုဒီပွဲကို တက်ရောက်လာတာလည်း ဘာသာပေါင်းစုံဆိုတဲ့ စကားလုံးကို နှစ်သက်လို့ တက်ရောက်လာတာပါ။ လောကကြီးကို သာယာချင်ရင်တော့ ငြိမ်းချမ်းချင်ရင်တော့ သည်းခံမှုနဲ့ ခွင့်လွှတ်မှု ရှိဖို့ပဲလိုအပ်ပါတယ်” ဟု မိန့်ကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ ခရစ်ယာန် ဓမ္မတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ စောလှိုင်ဘွားမှ “တစ်ယောက်ထဲ ငြိမ်းချမ်းရေးကို တည်ဆောက်လို့ မရပါဘူး အားလုံးညီညွတ်မှ ဖြစ်မဲ့အချိန်ပါ။ သူ့ဘာသာ ကိုယ့်ဘာသာကို ကောင်းကောင်း မသိကြတဲ့အချိန်မှာ ဒီလိုပွဲတွေ ကျင်းပတာဟာ အရမ်းကို ကောင်းမွန် ပါတယ်။ ဂျီဟာဒ်နဲ့ ပတ်သက်ပြီးလဲ အားလုံးက အစ္စလာမ်ဘာသာဝင်တွေကို အထင်မှားနေကြပါတယ်။ တမန်တော်မြတ်ကြီး ကပြောခဲ့တယ် မတရားတဲ့ အုပ်ချုပ်သူတွေရဲ့ `ရှေ့မှာ အမှန်တရားကို ပြောခြင်းဟာ အကောင်းဆုံးသော ဂျီဟာဒ်ပဲလို့ ပြောခဲ့ပါတယ်။ တမန်တော်မြတ်ကြီးက ဗလီထဲမှာတောင် ခရစ်ယာန် ဘာသာဝင်တွေကို ဘုရား ရှိခိုးခွင့်ပေးခဲ့ပါတယ်။ တမန်တော်မြတ်ကြီးက လူသားအချင်းချင်းကိုလေးစားတဲ့အတွက်ပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
“ကိုယ့်ကိုယ်ကို လိမ်မှာအောင်စိတ်ထိန်းနိုင်ရပါ့မယ်။ စလာမ်ပေးတယ်ဆိုတာလည်း အင်မတန်ချစ်စရာကောင်းတဲ့ ဓလေ့ပါပဲ။ ငြိမ်းချမ်းပါစေလို့ မေတ္တာပို့တာ အရမ်းကောင်းမွန်တဲ့စကားလေးပါ။ ကောင်းတာကိုပဲ လုပ်ခိုင်းတာ တရားဓမ္မပါပဲ” ဟု ဟိန္ဒူပညာရှင် ဦးအောင်နိုင်မှ ငြိမ်းချမ်းရေးတရား တိုက်ကျွေးခဲ့သည်။
ဆက်လက်ပြီး အလ်ဟာဂ်ျ ခလီဖွာဆရာ ဦးအေးလွင်မှ “သူ့အကြောင်း ကိုယ့်အကြောင်းသိဖို့ ဒီအခမ်းအနားတွေကို ကျင်းပနေရတာပါ။ အစ္စလာမ်မှာ မိန့်ဆိုထားတာက ပတ်ဝန်းကျင်ကို အသံနဲ့၊ အနံ့ နဲ့တောင် ဒုက္ခပေးလို့မရပါဘူး။ တမန်တော်ကို ဓားကိုင်ပြီး သာသနာပြုတယ်လို့ပြောနေကြတယ်။ အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမ ဂန္နီက ပြောကြားခဲ့တာရှိတယ်။ တမန်တော်က ဓားကိုင်ပြီး သာနာပြုရင် အဲ့ဒီဓားဟာ မေတ္တာဓား ဖြစ်တယ်လို့ ပြောကြားခဲ့တယ်” ဟု ဟောပြောခဲ့ပါသည်။
ထို့နောက် တမန်တော် မုဟမ္မဒ်သခင်(ဆွ) အား ဂုဏ်ပြုသည့် ဓမ္မတေး လင်္ကာများရွတ်ဆိုပြီး အခမ်းအနားကို ဆုမွန်ဒိုအာဖြင့် ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ဘာသာပေါင်းစုံမှ ညီအကိုမောင်နှမ များတက်ရောက်ခဲ့ကြပါသည်။
Comments