ဖေဖော်ဝါရီ ၃၊ ၂၀၁၄
M-Media
– မိုးခေါင်မှုအန္တရာယ်ကို ဆိုးရွားစွာကြုံတွေ့နေရသည့် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားရှိ ဒေသတစ်ခုတွင် အစ္စလာမ်ဘာသာဝင်များက မိုးဆုပန်ဝတ်ပြုမှု ပြုလုပ်ပြီးနောက် မိုးများရွာချခဲ့သည်ဟုသိရသည်။
ကယ်လီဖိုနီးယားပြည်နယ် Bay Area ဒေသရှိ အစ္စလာမ်ဘာသာဝင်များက စနေနေ့တွင် မိုးဆုပန်ဝတ်ပြုမှု ပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့က မိုးရွာခဲ့ခြင်းဖြစ်သည်။
“သိပ်ကို အံ့သြစရာကောင်းတဲ့ အဖြစ်အပျက်ပါပဲ၊ Bay Area က မွတ်စလင်တွေဟာ မိုးဆုပန်ခဲ့ကြပြီး နောက်တစ်နေမှာပဲ မိုးရွာခဲ့တာပါ” ဟု mohamedghilan အမည်ဖြင့် ကယ်လီဖိုးနီးယား ဒေသခံတစ်ဦးက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
ထို့ပြင် KQZinstitute အမည်ရှိသူ တစ်ဦးကလည်း “(ဆရာတော်) ရှိခ်ဟမ်ဇာယူစွဖ်နဲ့၊ အီမာမ် ဇိုဒ်ရှာကီရ်က မုဟမ္မဒ်သခင်(ဆွ)ရဲ့ ဓလေ့တော်ကို အကောင်းအထည် ဖော်ခဲ့ပြီးတဲ့နောက် ရှည်လျားတဲ့ မိုးခေါင်မှုကနေ သည်းထန်တဲ့ မိုးရွာသွန်းမှု ဖြစ်လာပါတော့တယ်” ဟု မှတ်ချက်ပေးခဲ့သည်။
Bay Area ဒေသရှိ အမေရိကန် အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR က စီစဉ်ပြီး စနေနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ မိုးဆုပန် အထူးဝတ်ပြုမှုကို Zaytuna ကောလိပ်ကို ပူးတွဲတည်ထောင်ခဲ့သူ အမေရိကန် ပညာရှင် ရှိခ် ဟမ်ဇာ ယူစွဖ်က ဦးဆောင်ခဲ့ခြင်းဖြစ်ဖြစ်သည်။
ခြောက်သွေ့သော ရာသီဥတုကြောင့် ကယ်လီဖိုးနီးယားတွင် မိုးခေါင်ခြင်းမှာ ၃ နှစ်ဆက်ရှိနေပြီဖြစ်ပြီး ဇန်န၀ါရီလတွင် ပြည်နယ်အစိုးရက မိုးခေါင်မှုအရေးပေါ် အခြေအနေကြေညာခဲ့သည်။
ထို့ပြင် ပြည်နယ် အနောက်နှင့် အလယ်ပိုင်းရှိ ခရိုင် ၁၁ ခုကို သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ရသည်။
ဇန်န၀ါရီလအစောပိုင်းကလည်း ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဒေသအတော်များများတွင် အစ္စလာမ်ဘာသာဝင်များက ဆွလာသွလ် အစ်သစ်ကာ (Salatul Istisqu) ဟု ခေါ်သည့် မိုးဆုပန် ၀တ်ပြုမှုများပြုလုပ်ခဲ့ကြသေးသည်။
မိုးခေါင်သည့်အချိန်တွင် မိုးဆုပန်အထူးဝတ်ပြုခြင်းမှာ တမန်တော် မုဟမ္မဒ်သခင်၏ ဓလေ့တော်တစ်ရပ်ဟု အစ္စလာမ်ဘာသာဝင်များက ယုံကြည်ကြသည်။ ဆွလာသွလ် အစ်သစ်ကာမှာ မိုးခေါင်သည့် အခက်အခဲကို ကျော်ဖြတ်နိုင်ရန်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ အကူအညီတောင်းခံခြင်းလည်းဖြစ်သည်။
Ref: OnIslam
Comments