ဝါးမပျောင်း၍
ကျွန်တော် တင်ပြတဲ့ စကားကြောင်း (ဆောင်းပါး) အရ- ၀ါး ဆိုတာ ပြည်သူကို ဆိုလိုခြင်း ဖြစ်ပါတယ်။ နှီးကောင်း တစ်မျှင် ဖြစ်စေမယ့် တိုင်းပြည်အတွက် ပြည်သူများရဲ့ ဘ၀ဟာ ၀ါး နဲ့တူပါတယ်။ အကယ်၍ ဓါး (အုပ်ချုပ်သူ) က မကောင်းခဲ့ရင်တောင်- ၀ါးက ပျော့ပျောင်းနေခဲ့ရင် အဲ့ဒီဝါးကို ကြံဖန်ကိုက်ခွာပြီး နှီးချောင်း ပါးပါးလေးများ စိတ်ဖြာလို့ ရနိုင်ကောင်းပါတယ်။- အခုတော့ ၀ါးကလည်း ပျော့ပြောင်းမှု မရှိ- လိမ္မာပါးနပ်မှု အားနည်းလွန်းလှတယ် လို့ ကျွန်တော်မြင်မိပါတယ်။-
ဒီနေရာမှာ လိမ္မာပါးနပ်မှု အားနည်းတဲ့ ပြည်သူဆိုတာ ဘယ်လို အတန်းအစားလည်းလို့ ရှင်းပြဘို့ လိုမယ် ထင်ပါ တယ်။
(၁) ခေတ်နဲ့အညီ မိမိရဲ့ ခေါင်းဆောင်ကို အလိုက်သင့် မပြုပြင်တတ်တဲ့ ပြည်သူများဟာ လိမ္မာပါးနပ်မှု အားနည်း တဲ့ ပြည်သူများ ဖြစ်တယ်လို့ ဆိုရပါမယ်။ ဒီနေရာမှာ ဥပမာ တစ်ခု ပေးလိုတယ်–။ အင်္ဂလန် နိုင်ငံ ဆိုပါတော့ ဘုရင်စနစ်ကြီးနဲ့ အခုအချိန်ထိ တည်ရှိနေတယ် ၊ ဘုရင်စနစ်ဆိုတာ နိုင်ငံတော် အာဏာကို မျိုးစဉ်မျိုးဆက် စံစားအုပ်ချုပ်နေတဲ့ စနစ် ၊ တနည်းအားဖြင့် အလွန်ကြီးမားတဲ့ အာဏာရှင်စနစ်၊ အာဏာကို စွဲမက်သူများ ဖက်တွယ်ထားတဲ့ စနစ်လို့ ဆိုနိုင်တယ်။– အာဏာမက်လွန်းသူက အာဏာရထားတယ်- ဆိုတဲ့ အချိန်မှာ ပြည်သူက အာဏာရှင်ကို ဖြုတ်ချဘို့ မလွယ်ကူဘူး-၊ ဒီအချိန်မှာ အင်္ဂလန်ပြည်သူတွေက လိမ္မာပါးနပ်စွာနဲ့– အရှင်မင်းများပဲ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ပါ– သို့သော် တိုင်းပြည်ကို ဒီနည်းဒီဟန်လေးနဲ့ အုပ်ချုပ်ပေး ရင် ပိုမိုကောင်းမွန်ပါမယ်- ဆိုတဲ့ တိုင်းပြည်အုပ်ချုပ်မယ့် စည်းမျဉ်းကို ရေးသားတင်ပြလိုက်ကြတယ်။ ဒီတော့ ဘုရင်ဘက်က သူအနေနဲ့ အာဏာက တည်ရှိနေမယ် (ဆင်းပေးစရာ မလိုဘူး)၊ တိုင်းပြည်လည်း တိုးတက် လာနိုင်တယ် ဆိုတဲ့ အချက်ပေါ် မူတည်ပြီး အတည်ပြုပေးလိုက်တယ်– (ဒီ ကြားထဲမှာ အပေးအယူ ဆွေးနွေး မှုတွေ ဖြစ်စဉ် အများကြီး ရှိခဲ့ပါတယ်)၊- ဒါကြောင့် ကမ္ဘာ့ထိပ်သီး နိုင်ငံ တစ်ခုဖြစ်တဲ့ အင်္ဂလန်နိုင်ငံဟာ အခု အချိန်ထိ ဖွဲ့စည်းပုံ ဥပဒေ မရှိဘဲ-၊ အဲ့ဒီ တင်ပြစာတမ်းစည်းကမ်းနဲ့ပဲ ရပ်တည်နေဆဲပါ။ (နှစ်ဦးနှစ်ဘက် အဆင် ပြေတဲ့ နည်းနဲ့ တိုင်းပြည်ကို တိုးတက်အောင် ကြံဆောင်နည်းလို့ ပြောရပါမယ်။)- ဒါကြောင့် မလွန်ဆန်နိုင်တဲ့ အာဏာရှင်အား ဖြေးဖြေးချင်း ကျုံးသွင်းသွားတဲ့နည်းကို မကျင့်သုံးတတ်တဲ့ ပြည်သူများဟာ လိမ္မာပါးနပ်မှု အား နည်းတဲ့ ပြည်သူများလို့ ဆိုသင့်ပါတယ်။
(၂) မြှောက်ပင့်ပေးမှု ၀ါဒ ကို အကျင့်ပါနေတဲ့ ပြည်သူများဟာ လိမ္မာပါးနပ်မှု အားနည်းတဲ့ ပြည်သူများလို့ သုံး သပ်ရပါမယ်။ ဒီဝါဒကို အချို့က သူရဲကောင်း ကိုးကွယ်မှု ၀ါဒလို့ ပြောဆိုပြီး အချို့က သာယာဖင်းဝါဒလို့ ပြောဆို ပါတယ်။ ဒီဝါဒမျိုးက တော်လှန်ရေး ခရီးစဉ်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ခေါင်းဆောင်တစ်ဦးကို ချည်းကပ်ရင် ချည်းကပ်သူက ငါဘာများ ရမလဲ ဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ ရောပြွန်းတဲ့ ၀ါဒ ဖြစ်ပါတယ်။ တစ်ကယ်တမ်း အနစ်နာခံရတော့မယ့် အချိန်မှာ ခေါင်းဆောင်ကို ထားပြေးတဲ့ ၀ါဒသာ ဖြစ်ပါတယ်။ ဥပမာ- ယေရှုခရစ်တော် ကို သူ့အနီးအနား လူတွေက (တပည့်တွေ) အရှင်က “ဘုရားသားတော်ပဲ–၊ ဘာ ညာ”- သူတို့ကိုယ်တိုင် နှလုံးလှိုက်လှဲ ယုံကြည်သယောင် သိဒ္ဓိတင်ပြောဆိုပြီး တစ်ကယ်တမ်း ယေရှုကိုလည်း ဖမ်းရော– “ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော့ကို ထား၍ ထွက်ပြေးကြကုန်သတည်း၊” (ရှင်မာကုကျမ်း ၁၄း၅၀) လို မျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီဖြစ်စဉ်က ၁၉၉၀ မှာ ဖြစ်ခဲ့ပါတယ်။ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ပါတီအောက်က ၀င်ရောက် အရွေးခံတဲ့ ကိုယ်စားလှယ်များပါ။- သူတို့များ အုပ်ချုပ်ရလေမလားလို့ အမတ် အဖြစ်တန်းစီနေလိုက်တာ–၊ ၁၉၉၅ လောက်မှာ စစ်အစိုးရကို ကြောက်ပြီး- အမတ်အဖြစ်က နှုတ်ထွက် ကြောင်း- အမတ်ပေါင်း သုံးရာကျော်လုံးရဲ့ နာမည်တွေနဲ့ လက်မှတ်တွေ သတင်းစာ စာမျက်နှာ အပြည့်ပါပဲ။ ဒီလို စိတ်မမှန်တဲ့ အုပ်စုခေါင်းဆောင်များကို ခေါင်းဆောင်အဖြစ် အားပေးတင်မြှောက်တဲ့ ပြည်သူတွေဟာ လည်း လိမ္မာပါးနပ်မှု အားနည်းတဲ့ ပြည်သူများသာ ဖြစ်ပါတယ်။ တစ်ကယ်တမ်းကျတော့ အဲ့ဒီ အမတ်တွေနဲ့ ပြည်သူက ခေါင်းဆောင်ဘက်က အသေခံရပ်တည်ရမှာပါ။ ဒါမှ မိမိက အဲ့ဒီ ခေါင်းဆောင်ကို တစ်ကယ် သစ္စာ ရှိရာ ရောက်တယ်၊ အဲ့ဒီ ခေါင်းဆောင်ကို တစ်ကယ်ယုံကြည်ရာ ရောက်ပါတယ်။ မိမိက “သာ“ မလားလို့ အနား ကို ၀င်ကပ်ပြီး ခေါင်းဆောင်ကို ပုဂ္ဂိုလ်ရေး အမွှမ်းတင် နေခြင်း ဟာ ခေါင်းဆောင်အပေါ်မှာ မြှောက်ပင့်ခြင်းသာ ဖြစ်ပြီး- မိမိရင်ထဲမှာ သာယာဖင်း စိတ် အပြည့်ထားခြင်းသာ ဖြစ်ပါတယ်။-
(၃) တစ်ဘက်စောင်းနင်း ၀ါဒ
တစ်ဘက်စောင်းနင်း ၀ါဒ ရှိတဲ့ ပြည်သူများဟာလည်း လိမ္မာပါးနပ်မှု အားနည်းတဲ့ ပြည်သူများလို့ ပြောရပါမယ်- တစ်ဘက်စောင်းနင်း- ဆိုတာ၊ အကောင်း အဆိုးကို မျှမျှတတ နားလည်မပေးနိုင်ဘဲ– ကောင်းတယ် ထင်ရင် အဲ့ဒီ ကောင်းတယ် ထင်တဲ့အချက်နဲ့ အခိုက်အတန့်မှာ အလွန်အကျူး ကောင်းကြောင်းဖွဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ် ပြီး- အဲ့ဒီ လူသားကို ခေါင်းဆောင်တင်- ကယ်တင်ရှင် အဖြစ် သတ်မှတ်ပစ်ပြီး-၊ မကောင်းဘူးထင်မှတ်တဲ့ အခါ များမှာ- ရှေ့က ကောင်းခဲ့တာများကိုပါ ချက်ချင်းမေ့ပစ်ပြီး- ဘီလူး သရဲ မကောင်းဆိုးဝါးလို သတ်မှတ်ပစ်တဲ့ အကျင့်မျိုး- တနည်းအားဖြင့် ကျေးဇူးမဲ့တတ်တဲ့ အကျင့်လို့ ဆိုနိုင်ပါတယ်။ ဒီလို လူထု အများ ရှိတဲ့ တိုင်းပြည် မျိုးဟာလည်း တိုးတက်သင့်သလောက် မတိုးတက်နိုင်ပါ။
ဥပမာ– မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ဦးနေ၀င်းကို ကြည့်ပါ။ သူတက်လာစဉ်ကာလက သူ့ကို တိုင်းပြည်ရဲ့ ကယ်တင်ရှင်ကြီးအလား လူအများစုကြီးက သတ်မှတ်ခဲ့ကြတယ်။ ကောင်းကြီးသြဘာတွေ ပေးခဲ့ကြတယ်-၊ တိုင်းပြည်အာဏာကို ထင်တိုင်း သုံးစွဲခွင့်များရအောင် ၀ိုင်းရံပေးခဲ့ကြတယ်။ (တိုင်းပြည်တိုးတက်မယ့် အကြံပေးသူ များကို အဖျက်ကောင်များလို့ ဘေးဖယ်နိုင်မယ့် အခွင့်အလမ်းတွေ ပေးခဲ့ကြတယ်)။ ထိုင်းနိုင်ငံက ဆင်ဖြူရှင်ဆု၊ ဖီလစ်ပိုင်က ဟိုဆေးရီဇာဆု၊ အမေရိကန်က စစ်သူရဲကောင်းဆု အပါအ၀င် ပြည်တွင်းပြည်ပ ဆုကြီး ၆ ဆုတောင် ချီးမြှင့်ခံခဲ့ရသေးတယ်။ သူ့ခေတ်က သူဟာ ကမ္ဘာမှာ ဆုအများဆုံး လူသားတစ်ဦးလို ဖြစ်ခဲ့တယ်။ သူ့ကို အားကျလို့ ကမ္ဘာမှာ သူ့နာမည်ကို အထူးပြုပြီး သားသမီးများကို နာမည်ပေးခဲ့တာတောင် ရှိတယ်။ မကြာသေးမှီ ထိုင်းဝန်ကြီးချုပ်ထာ့က်ဆင် လက်ထက်မှာ စိုက်ပျိုးရေးဝန်ကြီး ဖြစ်လာတဲ့ ထိုင်းနိုင်ငံရေးသမားကြီး တစ်ဦးဆိုရင် ချာ့ဒ်ချိုင်း နေ၀င်း လို့ ဖြစ်တယ်- အဲ့ဒီ ၀န်ကြီးရဲ့ ဖခင်က ၀န်ကြီးဖြစ်လာမယ့် ကလေးကို နေ၀င်း လို အောင်မြင်စေရမယ် ဆိုပြီး နာမည်ပေးခဲ့တာ ဆိုပဲ။ (ဒီဝန်ကြီးဟာ အခုထိ ထိုင်းနိုင်ငံရေးလောကမှာ နာမည် ရှိနေဆဲပါ။)
ဒီလိုနဲ့ သူ့ခေတ်ကုန်လာ တော့ သူ့ကိုပဲ ဘီလူး သရဲ မောင်းထုတ်သလို မောင်းထုတ်ကြပြန်တယ်။ ၈၈ အရေးအခင်းကာလ ဦးနေ၀င်းနဲ့ သူ့ကို ဆက်ခံသူများက တိုင်းပြည်အုပ်ချုပ်ခွင့်- အပေးအယူ ညှိတာကိုတောင် ပြည်သူဘက်က လက်မခံတော့ ဘဲ ဦးနေ၀င်းတို့ကို မဟာရန်သူကြီးများလို သတ်မှတ်ခဲ့ပြန်တယ်။ အဲ့ဒီမှာ သူ့အုပ်စု- ငါ့အုပ်စု ကွဲပြီး တိုင်းပြည်ဟာ နှစ်ပေါင်း ၂၀ ကျော် ဆန့်ငင်ဆန့်ငင် ဖြစ်ခဲ့ရတယ်။
မကောင်းတာ ရှိသလို ကောင်းတာတွေလည်း တည်ဆောက်ခဲ့တယ်- ဆိုတဲ့ ထောက်ထားမှုများနဲ့ အပြန်အလှန် တည်ဆောက်နိုင်ခဲ့ရင် တိုင်းပြည်ဟာ နှစ်ပေါင်း ၂၀ လောက် နောက်ကျခဲ့မှာ မဟုတ်ပါ။ အာဆီယံနိုင်ငံ ထဲက အင်ဒိုနီးရှားကို ကြည့်ပါ–၊ စစ်တပ်က အာဏာသိမ်းတက်လာတဲ့ သမ္မတကြီး ဆူဟာတိုနဲ့ ပြည်သူကြားမှာ အပေး အယူလုပ်ပြီး တိုင်းပြည်ကို တည်ဆောက်နိုင်ခဲ့တယ်။ ဒါကြောင့် အချိန်မပုပ်တော့ဘဲ တိုင်းပြည်ကို ပြန် လည်တည်ဆောက်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။
မြန်မာနိုင်ငံဘက်ကို ပြန်ကြည့်ရင် အခုထိ သေချာသေးတဲ့ နိုင်ငံ မဟုတ်ဘူးလို့ သုံးသပ်ရမယ်။ အခွင့်မသာရင် အလွန်အမင်း ကြောက်တတ်ပြီး ဘာလုပ်လုပ် ငုံ့ခံတတ်တယ်၊ အခွင့်သာရင် လုံးဝ မျက်နှာမထောက်တော့ဘဲ အပြတ်နှိပ်ကွပ်တတ်တဲ့ အကျင့်တွေ ရှိနေတော့-၊ ပေးရမယ့်သူဘက်ကလည်း အသေခံပြီး လိုက်လျှောလိမ့်မယ် လို့ တွက်ထားလို့ မရနိုင်ပါ။ ဒီလိုအဖြစ်ဆိုးမျိုးကို ကျော်ဖြတ်ဘို့ တိုင်းသူပြည်သားတွေမှာ တစ်ဦးနဲ့တစ်ဦး ထွက် သာဝင်သာ ရှိတဲ့ နည်းလည်ပေးတတ်မှု အလေ့အကျင့်မျိုးကို တည်ဆောက်ဘို့ လိုပါလိမ့်မယ်။
ဒါမှ မဟုတ်ရင် ရန်လိုမှု၊ ရန်ပိုမှု၊ ရန်ငြိုးထားမှု၊ မယုံကြည်မှုများကြားမှာသာ နစ်မွန်းနေရပြီး- ကိုယ့်အသက် ကိုယ်လုရင်း စီးပွားလုပ်ချိန်မရ၊ တိုးတက်ရာတိုးတက်ကြောင်း စဉ်းစားချိန်မရဘဲ- တိုင်းပြည်တစ်ခုဟာ ဆက်လက်မွဲတေနေဦးမှာပါ။
ပြုပြင်ပြောင်းလဲရေး ဆိုတာ ပြောသလောက် မလွယ်ပေမယ့်- ပြုပြင်နည်းမှန်ရင် ထင်သလောက်လည်း မခက် ပါ။
နိုင်ငံတစ်ခုကို တိုးတက်စေဘို့ (၁) နိုင်ငံရေး ဦးဆောင်များ (၂) ဘာသာရေး ဦးဆောင်များ (၃) ပြည်သူလူထု ကိုယ်တိုင်က တစ်ပြိုင်နက်တည်း ပြုပြင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့အမြင်ကတော့ အထူးသဖြင့် လူထုသာ ပါးနပ်လိမ္မာလာမယ် ဆိုရင်- တိုင်းပြည်တစ်ခုလုံးဟာ လူထုလက်ထဲမှာသာ ရှိပါတယ်။ နိုင်ငံရေး ခေါင်းဆောင် ဆိုတာလည်း လူထုထဲက မွေးဘွားကြီးပြင်းလာသူ၊ ဘာသာရေး ခေါင်းဆောင် ဆိုတာလည်း လူထုထဲက မွေး ဘွားကြီးပြင်းလာသူသာ ဖြစ်လို့ တစ်ကယ်တမ်းသာ လူထုကြီးက တရားမျှတမှု၊ နားလည်ပေးတတ်မှု၊ အပြန် အလှန်တည်ဆောက်တတ်မှုများ ကျင့်သားရလာရင် အဲ့ဒီ ကျင့်သားရပြီး လူထုထဲက မွေးဘွားလာတဲ့ လူ (ခေါင်း ဆောင်များ)ဟာလည်း မွေးရာပါ အလေ့အကျင့်ပေါ်မှာ ဆက်လက် လျှောက်လှမ်းဘို့ ၀န်လေးတော့မှာ မဟုတ် ပါ။——
တစ်ကယ်လို့ ဓါးမကောင်းခဲ့ရင်လည်း ၀ါးက ပျောင်းအိနေရင်- နှီးချောင်း အခြေအနေ မဆိုးနိုင်ပါ။
တိုင်းပြည်တစ်ခု ကောင်းစားစေဘို့-၊
ဆက်လက်တင်ပြပေးပါမယ်-။
ဌေးလွင်ဦး
(မှတ်ချက် – ဤဆောင်းပါးသည် ဆောင်းပါးရှင်၏ အမြင်နှင့် သုံးသပ်ချက်များသာဖြစ်သည်။)
Comments