ဖေဖော်ဝါရီ ၅ ၊ ၂၀၁၄
M-Media
မြန်မာနိုင်ငံ ပေါက်မြို့နယ်ရှိ လျှို့ဝှက်ဓာတုလက်နက် စက်ရုံသတင်းဖော်ပြချက်နှင့်စပ်လျဉ်း၍ ယူနတီ အပတ်စဉ်သတင်းစာ၏ သတင်းထောက် လေးဦးနှင့်CEO တို့မှာ လွန်ခဲ့သော ၄ ရက်က ထိန်းသိမ်းခံခဲ့ရသည်။
“ ဒီဂျာနယ်လစ်တွေကို ထိန်းသိမ်းချက် အပေါ် ကျွန်တော်တို့ အခိုင်အမာ ရှုတ်ချပါတယ်။ နှောင့်နှေးခြင်းမရှိဘဲ ပြန်လွှတ်ပေးဖို့ မြန်မာ အာဏာပိုင်များကို ကျွန်တော်တို့ တောင်းဆိုပါတယ် ” ဟု နယ်စည်းမခြား သတင်းထောက်များ သုတေသနမှူး Lucie Morillon မှ ပြောကြားလိုက်သည်။
“ ဒီသတင်းလွတ်လပ်ခွင့်ဆိုင်ရာချိုးဖောက်ချက် နောက်ဆုံးဖြစ်အင်က မြန်မာနိုင်ငံမှာ တရားဥပဒေ လစ်ဟာမှုရှိနေတာကို ညွှန်ပြလိုက်တာပါပဲ။ ယေဘူယျအားဖြင့် လူထုတွေအဖို့ အကြောင်းတစ်ရပ်ရဲ့သတင်းကို သိရှိခွင့်ရှိပါတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတဲ့ ဂျာနယ်လစ်တွေကို အကာ အကွယ်ပေးကြရပါမယ်။ တကယ်လို့ အရေးယူကြ စတမ်းဆိုရင် သတင်းစာ/ဂျာနယ်ကိုသာ အရေးယူအပ်ပါတယ်။ ဂျာနယ်လစ်တွေဟာ မိမိဖော်ပြလိုက်တဲ့ဆောင်းပါးကြောင့် ထောင်သွင်းအကျဉ်းချခံစရာ ဘာအကြောင်းမှ မရှိပါဘူး ”။
ပေါက်မြို့နယ်တိုင်းမှူး၊ တရုတ်ပညာရှင်များနှင့် ဗိုလ်ချုပ်ဟောင်းတို့၏ လျှို့ဝှက်ဓာတု လက်နက်စက်ရုံ အကြောင်းကို ခေါင်းကြီးသတင်း အဖြစ် ရေးသား တင်ပြလိုက်သောကြောင့် အထက်ပါဖြစ်စဉ်ပေါ်ပေါက်လာခဲ့သည်။
ယူနတီ အပတ်စဉ်ဂျာနယ် သတင်းထောက် လူမော်နိုင်အား ပထမဆုံး ဖမ်းဆီးခဲ့ကြသည်။
သူ့အား နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုပုဒ်မဖြင့် ပေါက်မြို့တွင် ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့၏။ ထိုပုဒ်မအရ ထောင်ဒဏ် ၁၄ နှစ်အထိစီရင် ခံရဖွယ်ရာရှိနေသည်။ သူသည် ငွေဒဏ်ဆောင်ခြင်းဖြင့် လွတ်မြောက်ဖွယ်ရာ မရှိကြောင်း၊ သူ့အား ပခုက္ကူ အနီးရှိ အထူးရဲတပ်ဖွဲ့သို့ လွှဲပြောင်းမည်ဖြစ်ကြောင်း အာဏာပိုင်များက သူ့မိသားစုသို့ ပြောပြခဲ့သည်။
CEO ဖြစ်သော ဦးတင့်ဆန်း၊ ဂျာနယ်လစ်များဖြစ်သော ရာဇာဦး၊ ပိုင်သက်ကျော် နှင့် စည်သူစိုးတို့သည်လည်း နောက်တစ်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းခံရသည်။
အဖမ်းမခံရမီ အချိန်ပိုင်းတွင် ဦးတင့်ဆန်းမှ ဧရာဝတီသတင်းဌာနသို့ “ ထိုသတင်းအချက်အလက် အပေါ် အထောက်အထားပြနိုင်ကြောင်း၊ ဖြစ်လာသမျှ ရင်ဆိုင်ရန် အသင့်ရှိကြောင်း ” ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် နိုင်ငံတစ်ဝှမ်း ပျံနှံ့နေသည့် ယင်းအပတ်စဉ်ထုတ်စာစောင်အား အာဏာပိုင်များမှ လိုက်လံသိမ်းဆည်းခဲ့ကြ၏။
ထိုသတင်း၌ ၎င်းဓာတုလက်နက်စက်ရုံကို ၂၀၀၉ ခုနှစ်တွင် တည်ဆောက်ခဲ့ကြောင်း၊ ယင်းနေရာအတွက် လယ်သမားများထံမှ မြေယာဧကပေါင်း သုံးထောင်အထက်ကို အဓမ္မသိမ်းယူခဲ့ကြောင်း၊ စစ်တပ်အကြီးအကဲဟောင်း ဦးသန်းရွှေမှ ၂၀၀၉ ခုနှစ်တွင် လာရောက်ခဲ့ဖူးကြောင်း၊ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တွင် ဒုသမ္မတလည်း ရောက်ရှိဖူးကြောင်း ဖော်ပြထားသည်။
“ နယ်စည်းမခြားသတင်းထောက်များအဖွဲ့အနေနဲ့ မြန်မာနိုင်ငံက ဂျာနယ်လစ်တွေရဲ့ မလုံခြုံတဲ့အနေအထားအပေါ် အလွန်စိုးရိမ်ပူပန်နေမိပါတယ် ” ဟု Morillon က ဆက်လက်ပြောကြားသည်။
သတင်းလွတ်လပ်ခွင့်မရှိဆုံး နိုင်ငံပေါင်း ၁၇၉ နိုင်ငံအနက် မြန်မာနိုင်ငံသည် အမှတ် ၁၅၁ ဖြင့် အဆင့် ၁၈ နေရာသို့ ထိုးတက်သွားသည်ဟု နယ်စည်းမခြားသတင်းထောက်များအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
Ref: Eurasia Review
Comments