ဖေဖော်ဝါရီ ၇ ၊ ၂၀၁၄
M-Media
မိုးသောက်
ရခိုင် RNDP ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်နှင့် ALD ပါတီခေါင်းဆောင် ဦးအေးသာအောင်တို့သည် မလေးရှားနိုင်ငံသို့ ဇန်န၀ါရီ ၃၀ ရက်နေ့ကစတင်ပြီး အလည် အပတ်ရောက်ရှိခဲ့ကြောင်း ရခိုင်အမျိုးသားသတင်းဌာနများက သတင်းဖော်ပြခဲ့ပါသည်။ ၄င်းတို့၏ ခရီးစဉ်ကို မလေးရှားရောက် ရခိုင်အမျိုးသားတို့၏ ဖိတ်ကြားချက်အရ အလည်အပတ်ရောက်ရှိခြင်းဖြစ်သည်ဟု ထိုသတင်းဌာနများက ဖော်ပြထားပါသည်။
သို့သော် မလေးရှားသတင်းမီဒီယာများနှင့် လူ့အခွင့်ရေးလှုပ်ရှားသူအချို့ကမူ ရခိုင်ခေါင်းဆောင်နှစ်ဦး၏ မလေးခရီးစဉ်မှာ သံသယပွားဖွယ်ဖြစ်ကြောင်း၊ ၄င်းတို့၏ ခရီးစဉ်ကို ကွာလာလန်ပူရှိ တရုတ်စီးပွားရေးသမားတို့ ထောက်ပံ့ပေးကြောင်း သုံးသပ်ကြပါသည်။
ရခိုင်ခေါင်းဆောင်များ၏ အငြင်းပွားဖွယ် နောက်ခံ အခြေအနေများကြောင့်လည်း မလေးရှားနိုင်ငံသားများက ၄င်းတို့နှစ်ဦး မလေးသို့ လာရောက်ခြင်းဖြင့် နိုင်ငံတွင်း ဆူပူမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်ပြီး မေးခွန်းထုတ် ဝေဖန်နေကြသည်ဟု မလေးအခြေဆိုက် agenda daily သတင်းအရ သိရှိရပါသည်။
မလေးရှားသတင်း မီဒီယာများက ဒေါက်တာအေးမောင် ၄င်းတို့နိုင်ငံသို့ လာရောက်ပြီး ကွာလာလန်ပူရှိ Chinese Assembly Hall တွင် ကျင်းပမည့် အထူးညီလာခံသို့ ဖေဖော်ဝါရီ (၄)ရက် တွင်တက်ရောက်မည့်အကြောင်း utusan.com.my ကသတင်းဖော်ပြသဖြင့် ဒေါက်တာအေးမောင်တို့၏ ခရီးစဉ်မှာ တရုတ် စီးပွားရေးသမားများ အထောက်အပံ့ ရှိနေကြောင်း ပို၍ သံသယ ပွားစရာ ဖြစ်သည်ဟု သုံးသပ်ကြပါသည်။
မလေးနိုင်ငံသားများ၏ စိုးရိမ်မကင်းဖြစ်မှုများကြောင့် ရခိုင်ခေါင်းဆောင် နှစ်ဦးက ၄င်းတို့၏ခရီးစဉ် မင်္သကာဖွယ် တစုံတရာပြုလုပ်ခဲ့ပါက အရေးယူသွား မည်ဟု မလေးအစိုးရက ကတိက၀တ်ပြုပေးခဲ့ရကြောင်းကိုလည်း ကွာလာလန်ပူအခြေဆိုက် utusan.com.my က ဖေဖော်ဝါရီ (၅)ရက် တွင် သတင်းဖော်ပြခဲ့ပါသည်။
ရခိုင်ခေါင်းဆောင်နှစ်ဦး ကွာလာလန်ပူတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟူသော သတင်းကို မလေးမီဒီယာများတွင် ဖော်ပြခြင်းမရှိသေးပါ။
Photo Credit =>Arakan Community Malaysia
Comments