ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ မြို့ပတ်ရထားများတွင် ခရီးသည်များရင်ဆိုင်တွေ့ကြုံနေရသော အခက်အခဲများကို ဖြေရှင်းပေးရန် မြန်မာ့မီးရထားမှ ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။
ဖေဖော်ဝါရီလလယ်ခန့်မှ စတင်ကာ မြို့ပတ်ရထားများပေါ်တွင် နေ့စဉ် ခရီးသည်များအား လတ်မှတ်ဝယ်မှု မ၀ယ်မှု၊ ခရီးသည်များ မြို့ပတ်ရထားပေါ် တွင် ကြုံတွေ့နေရသော အခက်အခဲများအား သိရှိစေရန် လတ်မှတ်စစ် ၁၁၂ ယောက်မှ နေ့စဉ်မြို့ပတ်ရထားတွဲများပေါ်တွင် လိုက်ပါကာ စစ်ဆေး ဖြေရှင်းပေးနေကြောင်း လက်ထောက်အထွေထွေမန်နေဂျာ တိုင်းတာဝန်ခံ ဦးကျော်ကျော်မျိုးက ပြောသည်။။
“ကျွန်တော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး ပြေလည်အောင် အဆင်ပြေအောင် ညှိနှိုင်းပေးနေပါတယ်။ မြို့ပတ်ရထားတွေနဲ့ မိန်းရထားတွေနဲ့ တိုးရင်လည်း ကြံ့ကြာမှုမရှိအောင် အတတ်နိုင်ဆုံးဖြေရှင်းနေကြပါတယ်။ ရထားချိန်နောက်ကျနေတာတွေကိုလည်း အတတ်နိုင်ဆုံးမဖြစ်အောင်လို့ပေါ့ ကြိုးစားလုပ်ဆောင်နေကြပါတယ်။ ခရီးသည်တွေ လတ်မှတ်ဝယ်စီး မစီးကိုလည်း ကျွန်တော်တို့ စစ်ဆေးနေပါတယ်။ စည်းကမ်းရှိဖို့တော့ လိုအပ်မယ် ထင်ပါတယ်။ ကျွန်တော်တို့ မီးရထားက သတ်မှတ်ပေးထားတဲ့ ဈေးနှုန်းက အရမ်းကိုတန်ပါတယ်၊ အခြေခံလူတန်းစားတွေ ၀ယ်စီးနို င်လောက်တဲ့ အခြေအနေကို ဖန်တီးပေးထားတာပါ” ဟု ၎င်းကပြောသည်။
မြို့ပတ်ရထားမောင်းနေစဉ်တွင်လည်း ခရီးသည်များအား စိတ်အနှောက်အယှက်ဖြစ်စေမည့် ဈေးသည်များအား ဈေးရောင်းခွင့်မပြုပဲ ရောင်းချ နေသည်ကိုလည်း တွေ့ရှိပါက ၎င်းတို့အနေနှင့် ထိရောက်စွာ အရေးယူလျက်ရှိနေကြောင်း၊ ရထားသွားရာ လမ်းကြောင်းများကိုလည်း အကောင်းဆုံး ဖြစ်အောင် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း၊ စည်ကမ်းမဲ့ လတ်မှတ်ဝယ်မစီးသည့် ခရီးသည်များကိုလည်း အရေးယူလျက်ရှိနေကြောင်း ၎င်းက ဆက်လက် ပြောခဲ့သည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲသွားလာနေသော မြို့ပတ်ရထား ၂၃ ဆိုင်းရှိပြီး ခေါက်ရေ ၂၁၅ ခေါက်ဖြင့် နေ့စဉ် ခရီးသည် ၈၈၀၀၀ ကျော်လိုက်ပါ စီနင်းလျက်ရှိသည်။
Comments