ဖေဖော်ဝါရီ ၂၅၊ ၂၀၁၅
M-Media
လမင်း
ရန်ကုန် ။ ။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၌နေထိုင်သူဖြစ်သူ အထည်ချုပ်စက်ရုံမှ အလုပ်သမ မ…….(၁၇)နှစ်အား လှိုင်သာယာမြို့နယ်၊ အမှတ်(၇) ရပ်ကွက် ဒီမိုကရက်တစ်(မြန်မာပြည်) ပါတီ ရပ်ကျေးဥက္ကဌဖြစ်သူသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် အလိုမတူဘဲသားမယားပြုကျင့်ခဲ့ကြောင်း သိရပါသည်။
မ……(၁၇)နှစ်သည် အိမ်ပြန်ရန်ကားဂိတ်သို့ထွက်လာစဉ် ပါတီရပ်ကျေးဥက္ကဌမှ ဆိုင်ကယ်စီးလာပြီး မိတ်ဆက်စကားပြော၍ ဆိုင်ကယ်ဖြင့်လိုက်ခဲ့ရန် ကယ်ရီခလည်းပေးစရာမလိုကြောင်းပြောသဖြင့် မ……..(၁၇)သည်လိုက်ပါသွားခဲ့သည်။ ထို့နောက် ထန်းတပင်မြို့နယ် သီတာအေးလမ်းဆုံသို့ အရောက်တွင် ထိုအမျိုးသားသည် ပိုက်ဆံအိတ်ကျန်ခဲ့သည်ဟုပြောဆိုကာ ဆိုင်ကယ်အားနောက်ကြောင်းပြန်လှည့်၍ လှိုင်သာယာမြို့နယ် ၅ ရပ်ကွက်ရှိ …….တည်းခိုးခန်းသို့ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် သူမအားပြစရာရှိသည်ဟုပြောကာ အခန်းထဲသို့အရောက်တွင် တံခါးဂျက်ထိုးပြီး အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည်။ ဆက်လက်ပြီး မ……(၁၇)နှစ်အား ဆိုင်ကယ်ဖြင့်ဆက်လက်တင်ဆောင်ကာ ရန်ကုန်-ပုသိမ်လမ်းအတိုင်း ဆက်လက်မောင်း နှင်ခဲ့ပြီး ……..ရွာထိပ်သို့အရောက်တွင် ဆိုင်ကယ်ကိုမရပ်ဘဲဆက်၍မောင်းနှင်ခဲ့ရာ မ……. သည်ဆိုင်ကယ်ပေါ်မှပြုတ်ကျပြီး ဒဏ်ရာ ရရှိခဲ့ပါသည်။
ထိုပတ်ဝန်းကျင်အနီးနားရှိလူများမှ ပါတီဥက္ကဌဖြစ်သူအား ၀ိုင်းဝန်းဖမ်းဆီးခဲ့ပြီး ၎င်းကိုထန်းတပင်မြို့နယ် တက်သစ်နယ်မြေရဲစခန်းသို့ပို့ဆောင်ခဲ့သည်။ မ…….(၁၇)နှစ်မှလည်း ရဲစခန်းသို့တိုင်ကြားခဲ့ရာ လှိုင်သာယာမြို့မရဲစခန်းမှ (ပ) ၂၂၇/၂၀၁၄ ပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရပါသည်။
ပြစ်မှုကျုးလွန်သူသည် တွံတေးမြို့နယ် ပန်းလှိုင်တံတားကျုးကျော်တဲများကို ဖယ်ရှားစဉ်ကအကွက်ချပုံစံများပြုလုပ်ရောင်းချခြင်း၊ အိမ်ထောင်စုစာရင်း စာရွက်များကို ၎င်းအပါအ၀င်လူ ၆- ဦးတို့မှ အတုပြုလုပ်၍ လတ်မှတ်ထိုးပေးထားသောအထောက်အထားများကို သိမ်းဆည်းရရှိမိ၍ ခလောက်ချိုက် နယ်မြေရဲစခန်းမှ (ပ) ၂၈/ ၂၀၁၄ ပုဒ်မ- ၄၂၀/၄၆၈ တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ၎င်းအမှုကိုပါဆက်လက်အရေးယူ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Comments