မတ် ၅၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ ယာဉ်ပိုင်ရှင်များမှ CNG ဂတ်စ်အိုးလျောက်ထားမှုနဲ့ပတ်သက်ပြီး စွမ်းအင်ဝန်ကြီးဌာနကို မ.ထ.သ (ဗဟို)မှ ကန့်ကွက်ထားသည်ဟု ပြောဆိုနေသည်ကို မ.ထ.သ (ဗဟို)အနေနဲ့ကန့်ကွက်ထားမှုမရှိပါဘူး၊ ကန့်ကွက်ရမဲ့အကြောင်းလဲမရှိပါဘူး ဟုမ.ထ.သ (ဗဟို)ဥက္ကဌ ဦးလှအောင်ကပြောကြားခဲ့သည်။
“CNG ဂတ်စ်လျောက်ထားမှုကို မ.ထ.သ ကကားတွေဆိုရင် ထောက်ခံပေးပါလို့ စွမ်းအင်ဝန်ကြီးဌာနက ကျွန်တော်တို့ကိုပြောခဲ့တယ်။ ဒါပေမဲ့ ၂၆-၆-၂၀၁၃ နောက်ပိုင်းမှာလာလျှောက်တဲ့ကားတွေကိုတော့ ဆက်ပြီးလက်မခံတော့ဖို့ပြောခဲ့တယ်။ ဘတ်စ်ကားတွေကိုပဲ အဓိကဦးစားထားပေးမယ်လို့ ဇွန်လ ၉ ရက်နေ့မှာ ညွှန်ကြားခဲ့တယ်။ အဲဒီနောက်ကစပြီး ကျွန်တော်တို့အနေနှင့်ရပ်ဆိုင်းထားတာပါ။ ကန့်ကွက်ခဲ့တာမရှိပါဘူး” ဟု ဦးလှအောင်ကပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့အတွင်း ယာဉ်စီးရေများပြားခြင်းကြောင့် ယာဉ်တိုက်မှုများလျော့ချခြင်းကို ဦးစားပေးလုပ်ဆောင်နေသောအချိန်ဖြစ်သောကြောင့် လူဦးရေအများအပြားသယ်ဆောင်နိုင်သော ဘတ်စ်ကားများ၏ CNG ဂတ်စ်လျောက်ထားမှုကို အဓိကဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကားဟောင်းများအပ်ပြီး TAXI ယာဉ်များကိုလျှောက်ထားသောယာဉ်ပိုင်ရှင်များ CNG လျောက်ထားမှုကို မ.ထ.သ ၏ ကန့်ကွက်မှုဖြင့် စွမ်းအင်ဝန်ကြီးဌာနမှ ကန့်ကွက်ထားကြောင်းကို သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
Comments