မတ် ၆၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန်။ ။ ၂၀၁၄ အာဆီယံပြည်သူ့ဖိုရမ်ကို မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ MCC ခန်းမ၌ ပြုလုပ်ကျင်းပမည်ဖြစ်ပြီး ပြုလုပ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ရုံးခန်းတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အာဆီယံပြည်သူ့ဖိုရမ်ကို ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတရေးနှင့် အာဆီယံလူထုသွေးစည်းညီညွှတ်မှုမြင့်မားရေး တို့အတွက်ကျင်းပရခြင်းဖြစ်သည်။ အာဆီယံပြည်သူ့ဖိုရမ်ကျင်းပရခြင်းသည် အာဆီယံဒေသအတွင်းရှိဒေသများအားလုံးမှ အရပ်ဖက်လူမှုအဖွဲ့အစည်းများအသီးသီး၏ အသံများကိုစုစည်းတင်ပြနိုင်ရန်ဖြစ်သည်။
“ကျွန်မတို့ ၂၀၁၃ သြဂုတ်လကစပြီး အာဆီယံနိုင်ငံများနဲ့ ဦးဆောင်ကော်မတီဖွဲ့ထားပါတယ်။ ဒီဖိုရမ်ကိုပြည်သူတွေပါဝင်သင့်ပါတယ်။ ဒီပွဲမှာရလာတဲ့ ပြည်သူတွေရဲ့အသံတွေကို နိုင်ငံရဲ့ခေါင်းဆောင်တွေဆီကိုတင်ပြသွားမှာပါ။ ဖိုရမ်မှာရလာတဲ့ Statement ကို အာဆီယံနိုင်ငံတွေရဲ့ခေါင်းဆောင်တွေကိုလည်းတင်ပြပြီးတော့ လုပ်ဆောင်ရမဲ့အရာတွေကိုလည်း တိုက်တွန်းသွားမှာပါ။ ရလာတဲ့ Statement ကိုပြည်သူတွေဆီကိုလည်းချပြသွားမှာဖြစ်ပါတယ်” ဟုအာဆီယံဖိုရမ်ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ ဥက္ကဌဖြစ်သူ ဒေါ်မေမေပြုံးကပြောကြားခဲ့သည်။
မတူတဲ့နိုင်ငံတွေကိုစုစည်းထားပြီး ရရှိလာမဲ့ ဆွေးနွေးချက်များကို အကောင်ထည်ဖော်နိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ အာဆီယံ နိုင်ငံများမှလာရောက်မည့်သူများမှလည်း ၎င်းဖိုရမ်တွင် လူ့အခွင့်အရေး၊ တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှု၊ ဖွံ့ဖြိုးမှု အစရှိသည်တို့ကိုဆွေးနွေးပွဲများတွင်ဆွေးသွားကြမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ ၃၀ ကျော်ထိပြုလုပ်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။
၂၀၁၄ အာဆီယံပြည်သူ့ဖိုရမ်ကို မြန်မာနိုင်ငံနှင့် အရှေ့တီမောအပါအ၀င် အာဆီယံဒေသတစ်ဝှမ်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ အပြင် မြန်မာနိုင်ငံရှိ အခြားသောနိုင်ငံများ၏ သံရုံးကိုယ်စားလှယ်များ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ စုစုပေါင်း ၁၂၀၀ခန့်တက်ရောက်နိုင်ရန် အာဆီယံပြည်သူ့ဖိုရမ်ဖြစ်မြောက်ရေးကော်မတီမှ မျှော်မှန်းထားကြောင်း သိရပါသည်။
အာဆီယံအရပ်ဖက်လူမှုအဖွဲ့အစည်းညီလာခံ/ အာဆီယံပြည်သူ့ဖိုရမ်ကို ၂၀၁၅ ခုနှစ်မှစတင်ကာ မလေးရှားနိုင်ငံမှစတင်ကျင်းပပြုလုပ်ခဲ့သည်။ အာဆီယံပြည်သူ့ဖိုရမ်ကို အာဆီယံထိပ်သီးညီလာခံများကျင်းပရာနိုင်ငံများတွင်ကျင်းပခဲ့ရာ ယခုနှစ်တွင် မြန်မာနိုင်ငံသည်အလှည့်ကျ အာဆီယံ ဥက္ကဌရာထူးကိုထမ်းဆောင်ခွင့်ရသောကြောင့် အာဆီယံပြည်သူ့ဖိုရမ်ကို မြန်မာနိုင်ငံတွင်ပြုလုပ်ကျင်းပရခြင်းဖြစ်သည်။
Comments