မတ် ၉၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ အလုပ်သမားများ၏တောင်းဆိုချက်များကို လွှတ်တော်အနေနှင့် လိုက်လျောပေးရန်နှင့် အလုပ်သမားများ၏တောင်းဆိုချက် အသံများကို နားမထောင်ခဲ့ပါက နေပြည်တော် လွှတ်တော်ရုံးရှေ့ထိသွားရောက် ဆန္ဒပြသမည်ဟု မန္တလေး အောင်စိန်ချည်မျှင်နှင့် အထည်စက်ရုံ အခြေခံ အလုပ်သမား အဖွဲ့အစည်း ဥက္ကဌ ဦးသက်နှင်းအောင်က မတ်လ ၉-ရက်နေ့တွင်ပြုလုပ်သော အလုပ်သမားများ၏ ဆန္ဒဖော်ထုတ်ပွဲတွင်ပြောကြားခဲ့သည်။
“၂၀၁၂ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေး ဥပဒေကိုပြင်ရပါမယ်။ အလုပ်ရှင်တွေကို တရားစွဲလို့ရမယ့် ဥပဒေမျိုး မရှိပါဘူး အလုပ်သမားတွေအတွက် အများကြီး နစ်နာနေပါတယ်။ အလုပ်သမားတွေကို ကာကွယ်တဲ့ ဥပဒေမျိုးကို ပြဌာန်းပေးရပါ့မယ်။ အလုပ်ရှင်တွေကို ပြစ်ဒဏ် ချမှတ်တယ်ဆိုတာ အခု အချိန်ထိတစ်ယောက်မှ မတွေ့ဘူးသေးပါဘူး”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အလုပ်သမားတွေအနေနဲ့ အပ်ကြောင်းထပ်နေတဲ့အကြောင်းအရာတွေကိုပဲတောင်းဆိုနေရတာဖြစ်ပြီး အလုပ်သမားများ အနေနှင့် အမှန်တကယ် နစ်နာနေရကြောင်း၊ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းတွေ ကိုလည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်မရရှိကြောင်း၊ တရားရုံးများအနေနှင့်လည်း အလုပ်သမား ထုရဲ့အခွင့်အရေးများကို ကာကွယ်သော ဥပဒေမရှိကြောင်း၊ လိုအပ်ချက်များကို နိုင်ငံတော်အနေနှင့် ဆောင်ရွက်ပေးသင့်ရန် လိုအပ်ကြောင်း တရား လွှတ်တော်ချုပ်ရှေ့နေ ဦးအောင်သူရိန်ထွန်း ကပြောခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် မတရား အလုပ်ဖြုတ်ခံထားရသော အလုပ်သမား ၂၀၀ ကျော်သည် အလုပ်သမား အဖွဲ့ချုပ် (ယာယီ)၏ ဦးဆောင်မှုဖြင့် ဆူးလေဘုရားအနီးမြို့တော် ခန်းမဘေး မဟာဗန္ဒုလ ပန်းခြံရှေ့တွင် ဥပဒေမဲ့ အလုပ်ဖြုတ်မှု ရပ်တန့်ရေး၊ အလုပ်သမားအခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး၊ အလုပ်သမား အဖွဲ့အစည်း ဖြိုခွဲမှု ရပ်တန့်ရေး၊ အလုပ်သမား တရားရုံးအမြန်ဆုံးပေါ်ပေါက်လာရေး၊ ဥပဒေမဲ့အလုပ်ဖြုတ်သည့် အလုပ်ရှင်များ အလိုမရှိ ဟူသည့် ကြွေးကြော်သံများဖြင့်ကြွေးကြော်ခဲ့ကြသည်။
“အဓိကတောင်းဆိုချင်တာက အချက် ၄ ချက်ပါပဲ။ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းဖြိုခွဲမှု ရပ်တန့်ရေး၊ ဥပဒေမဲ့ အလုပ်ဖြုတ်မှု ရပ်တန့်ရေး၊ အလုပ်သမား များ၏ အခြေခံ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက် သော ဥပဒေကိုပြန်လည်ပြဌာန်းပေးရေး၊ အလုပ်သမား တရားရုံး အမြန်ဆုံးပေါ်ပေါက် လာရေး အဲဒီလေးချက်က ကျွန်တော်တို့အဓိက လိုချင်တာပါ” ဟုအလုပ်သမားအဖွဲ့ချုပ်(ယာယီ)ဥက္ကဌ ဦးအောင်လင်းကပြောခဲ့သည်။
အလုပ်ရှင်တွေကိုအရေးယူတဲ့ ဥပဒေဟာ အားပျော့နေပြီး အလုပ်ရှင်များမှ အလုပ်သမား သမဂ္ဂဖွဲ့စည်းရန် ကြိုးပမ်းသည့် အလုပ်သမားများကို အကြောင်းမဲ့ အလုပ် ထုတ်ခဲ့ကြကြောင်း၊ အလုပ်သမားများကို ကာကွယ်သည့် ဥပဒေ၊ တရားရုံးများ အမြန်ဆုံးပေါ်ပေါက်လာဖို့လိုအပ်ကြောင်း ၎င်းက သုံးသပ်ပြောခဲ့သည်။
၎င်းဆန္ဒထုတ်ဖော်မှုအား တရားဝင် ခွင့်ပြုမိန့် ရရှိထားပြီး မဟာဗန္ဒုလပန်းခြံရှေ့၌ နံနက် ၉-နာရီခန့်တွင် စတင်ခဲ့ကြပြီး အလုပ်သမားအင်အား ၂၀၀ကျော် နှင့် အဖွဲ့အစည်းပေါင်း ၁၂-ဖွဲ့တို့မှ အင်အားဖြည့် ပါဝင်ခဲ့ကြသည်။
Comments