မတ် ၂၄၊ ၂၀၁၄
M-Media
– အာဆင်နယ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပြုလုပ်ခဲ့သည့် ဘိုင်ယန်ပရိတ်သတ်များ၏ အပြုအမူကြောင့် လာမည့်ပွဲတွင် ပွဲကြည့်စင်တစ်စိတ်တစ်ပိုင်းအား ပိတ်ထားရန် ဥရောပဘောလုံးအဖွဲ့ချုပ်က ဘိုင်ယန်မြူးနစ်အသင်းအား ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။
မတ်လ ၁၆ ရက်နေ့က ဘိုင်ယန်မြူးနစ်အသင်း၏ Allianz Arena ကွင်းတွင် ကစားခဲ့သည့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်တွင် ဘိုင်ယန်ပရိတ်သတ်များက အာဆင်နယ်အား စော်ကားသည့် နဖူးစီးအား ဝှေ့ယမ်းပြသခဲ့သည်။
ထို့ကြောင့် လာမည့်လအတွင်းကစားမည့် မန်ယူအသင်းနှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အိမ်ကွင်းပွဲစဉ်တွင် Allianz Arena ကွင်း၏ ပွဲကြည့်စင် တစ်စိတ်တစ်ပိုင်းကို ပိတ်ထားရန် ဥရောပ ဘောလုံးအဖွဲ့ချုပ်က ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊ ယူရို ၁ သိန်းဒဏ်ရိုက်ခဲ့သည်။
“ယူအီးအက်ဖ်အေရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက Allianz Arena ကွင်းရဲ့ ပွဲကြည့်စင် တစ်စိတ်တစ်ပိုင်းကို ပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဧပြီ ၉ ရက်နေ့ မန်ယူနဲ့ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အိမ်ကွင်းပွဲစဉ်မှာပါ” ဟု ယူအီးအက်ဖ်အေမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါနဖူးစီးအပြင် ဘိုင်ယန်ပရိတ်သတ်များမှာ အာဆင်နယ်ကစားသမား အိုဇေးလ်အား ရိုင်းစိုင်းစွာ စော်ကားလှောင်ပြောင်သည့် ရုပ်ပုံကားချပ်ကိုလည်း ဝှေ့ယမ်းပြသခဲ့သည်။
Comments