မတ် ၂၆၊ ၂၀၁၄
M-Media
– ဂါဇာကမ်းမြှောင်ဒေသအား ပိတ်ဆို့ထားခြင်းများနှင့် နယ်စပ်ဖြတ်ကျော်ကန့်သတ်မှုများအား ဖွင့်ပေးရန် အစ္စရေးနှင့် အီဂျစ်နိုင်ငံတို့အား ကုလသမဂ္ဂမှ တိုက်တွန်းခဲ့သည်ဟု သိရသည်။
ပါလက်စတိုင်း ဒုက္ခသည်များအရေး ဆောင်ရွက်နေသည့် UNRWA အဖွဲ့မှ အထွေထွေမဟာမင်းကြီး ဗီလစ်ပို ဂရန်ဒီ (ပုံ) က အကျဉ်းထောင်တွင် ပိတ်မိနေသကဲ့သို့ ဂါဇာကမ်းမြောင်တွင် ပိတ်မိနေသည့် ၁.၈ သန်းသော ပါလက်စတိုင်းများ၏ ဒုက္ခသုက္ခများအား အဆုံးသတ်ပေးရန်အတွက် အစ္စရေးနှင့် အီဂျစ်တို့အား ယမန်နေ့က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
“ဂါဇာဒေသကလူတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ကမ္ဘာကြီးက မေ့မထားသင့်ဘူးလို့ ကျွန်တော်ယူဆပါတယ်။ သူတို့ရဲ့ လုံခြုံရေးဟာ လူတိုင်းရဲ့လုံခြုံရေးလို တန်ဖိုးရှိပြီး လူသားချင်း စာနာထောက်ထားတဲ့ အမြင်တွေနဲ့ရှုမြင်ဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်” ဟု ဂရန်ဒီက ပြောကြားခဲ့သည်။
ဂါဇာဒေသအား အစ္စရေး၏ တရားမ၀င်ပိတ်ဆို့မှုကို ဖွင့်ပေးရန် ဂရန်ဒီက တိုက်တွန်းပြောကြားခဲ့ပြီး၊ ထိုဒေသအတွင်း ကုလမှဆောက်လုပ်နေသည့် အဆောက်အဦးများတွက် ပစ္စည်းများအား အကန့်အသတ်ဖြင့် အစ္စရေးက ခွင့်ပြုသော်လည်း သွင်းကုန်ထုတ်ကုန်များအား ပိတ်ဆို့ထားခြင်းကြောင့် ဂါဇာဒေသမျာ ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ဂါဇာရှိ ကျောင်းသားများနှင့် ဆေးကုသမှုခံယူရမည့် ပြည်သူများအတွက် အီဂျစ်ရှိ ရာဖာနယ်ခြားအား ဖြတ်ကျော် ခွင့်ပေးရန်လည်း မေတ္တာ ရပ်ခံခဲ့သည်။
ဂါဇာ၏ မြေပြင်၊ ဝေဟင်၊ ရေပြင် အ၀င်အထွက်များကို အစ္စရေးက ပိတ်ဆို့ထားသည်မှာ ၇ နှစ်ရှိပြီဖြစ်ပြီး၊ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် အီဂျစ်အစိုးရကလည်း ၂၀၁၃ခုနှစ် နွေရာသီမှစ၍ နိုင်ငံအတွင်းသို့ ဂါဇာမှ ၀င်ရောက်မှုအား တင်းကျပ်စွာ ထိန်းချုပ်ထားသည်။
ထိုကဲ့သို့ ပိတ်ဆို့ထားမှုက အကျယ်ချုပ်သဘောမျိုးဖြစ်စေပြီး လူနေမှုအဆင့်အတန်း နိမ့်ပါးလာကာ၊ အလုပ်လက်မဲ့နှုန်းနှင့် ဆင်းရဲမွဲတေမှုနှုန်းများအား အလျင်အမြန်မြင့် တက်လာစေခဲ့သည်။ ပါလက်စတိုင်းတာဝန်ရှိသူများကမူ ဂါဇာကမ်းမြှောင်အတွင်း အလုပ်လက်မဲ့နှုန်းမှာ ၄၀ ရာခိုင်နှုန်း အထိရှိသည်ဟု ပြေကြားခဲ့သည်။ UNRWA က ၎င်းတို့အနေဖြင့် ဂါဇာပြည်သူများ၏ ၈၀ ရာခိုင်နှုန်းအား အကူအညီများပေးအပ်နိုင်သည်ဟု ဆိုသည်။
MRS/AS/MHB
Comments