ဧပြီ ၃၊ ၂၀၁၄
M-Media
– ကမ္ဘာကျော် ဟောလီးဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီမှာ စစ်အတွင်း အဓ္ဓမကျင့်မှုများအား ပပျောက်ရေး လှုံ့ဆော်ရန် ကုလ၏ အထူးကိုယ်စားလှယ် အဖွဲ့ နှင့်အတူ ဆာရာယေဗိုမြို့သို့ သွားရောက်ခဲ့သည်ဟုသိရသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ သံတမန်လည်းဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဂျိုလီမှာ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ၀ီလီယံဟေ့ဂ်နှင့် အတူ ဘော့စနီးယား ဟဇီဂိုဗီနာနိုင်ငံသို့ မတ်လ ၂၇ ရက်နေ့က သွားရောက်ခဲ့ခြင်းဖြစ်ပြီး၊ ဆာရာယေဗိုတွင် ပြုလုပ်မည့် ညီလာခံ တစ်ခုသို့လည်း တက်ရောက်ခဲ့သည်။
ထိုညီလာခံတွင် စစ်အတွင်း အဓ္ဓမပြုကျင့်ခံရမှုနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးက မိန့်ခွန်းပြောကြားခဲ့ပြီး ထို့ကဲ့သို့ အရပ်သားများအား အကြမ်းဖက်မှုကို တားဆီးရန်အတွက် ဆောင်ရွက်မှုကိုလည်း အားပေးထောက်ခံခဲ့သည်။ ထိုကဲ့သို့ အဓ္ဓပြုကျင့်မှာ အိုးအိမ် စွန့်ခွာထွက်ပြေးရသူများတွင် အများဆုံး ဖြစ်ပွား ပြီး ဆီးရီးယားနှင့် အာဖရိကနိုင်ငံများတွင် လက်ရှိဖြစ်ပွားနေသည်ဟု ဟေ့ဂ်က ပြောကြားခဲ့သည်။
ဘော့စနီးယား စစ်ပွဲအတွင်း အမျိုးသမီး ၅ သောင်းခန့်မှာ အဓ္ဓမ ပြုကျင့်ခြင်း ခံခဲ့ရပြီး၊ ပြစ်မှုကျူးလွန်သူများအား ကုလသမဂ္ဂ ခုံရုံးတွင် တရားစွဲ ဆိုထား သည်။
ဂျိုလီနှင့် ဟေ့ဂ်တို့မှာ စစ်အတွင်းသေဆုံး သွားသူများအတွက် တည်ဆောက်ထားသည့် Srebrenica အောက်မေ့ဖွယ်ပြတိုက်အား သွားရောက် ဂါရ၀ ပြုခဲ့ပြီး၊ လွမ်းသူ့ပန်းခွေလည်း ချခဲ့သည်။ ထို့ပြင် အဓ္ဓမပြုကျင့်ခံရသူများ၊ စစ်အတွင်းသေဆုံးသွားသူများ၏ ဇနီးသည်များနှင့်လည်း တွေ့ဆုံခဲ့သည်။ စစ်အတွင်း ၎င်းတို့ခံစားခဲ့ရသည်များကို နားထောင်ခဲ့သည့် ဂျိုလီမှာ မျက်ရည်များပင်ကျခဲ့သည်။
အဆိုပါ ညီလာခံတွင် ဂျိုလီက “အဓ္ဓမ ကျင့်ခြင်းကို စစ်ပွဲရဲ့လက်နက်အဖြစ် အသုံးပြုခြင်းဟာ အရပ်သားများအပေါ် ကျူးလွန်တဲ့ အရိုင်းစိုင်း အကြမ်းကြုတ် ဆုံး ရာဇ၀တ်မှုတွေထဲက တစ်ခုပါ” ဟု ပြောကြားခဲ့သည်။
ဂျိုလီမှာ အလှူဒါနပြုလုပ်သည့် အဖွဲ့အစည်းများအား ထောက်ပံ့ခြင်း၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများ အတွက် ပညာပေးခြင်း စသည့် လူမှုအကျိုးပြု လုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်သည်။ ဘောစနီးယားတွင် ၁၉၉၂ မှ ၁၉၉၅ ခုအတွင်း ဖြစ်ပွားသည့် စစ်ပွဲအတွင်း အရပ်သား ၈၀၀၀ကျော်မှာ သတ်ဖြတ်ခြင်းခံခဲ့ရသည်။
Ref : Islam RU
Comments