ဧပြီ ၅၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ သင်္ကြန်ကာလဖြစ်သော ဧပြီလ ၁၃ ရက်မှ ဧပြီလ ၁၇ ရက်အတွင်း ပန်းဆိုးတန်း-ဒလ ပြေးဆွဲမည့်ကူးတို့သည် ယခင်ပြေးဆွဲသည့် ခေါက်ရေထက် ၁၀-ခေါက် လျော့၍ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရပါသည်။
“ကျွန်တော်တို့ နှစ်တိုင်းလည်း ယခုလိုပဲလျော့ပြီးအခေါက်အရေကို ပြေးဆွဲနေကြပါ။ သင်္ကြန်အတွင်းဆိုတော့ လူတွေကလည်း သိပ်အသွားအလာ မလုပ်ကြပါဘူး။ နေ့လည်ပိုင်းတွေ ဆိုရင် သဘောင်္ပေါ်တွေမှာလူတွေတောင်သိပ်မပါပါဘူး။ အလုပ်တွေကလည်း ပိတ်ကြတော့ သွားတဲ့လာတဲ့ လူတွေလည်း သိပ်မရှိကြပါဘူး။ ဒါကြောင့် အခေါက်အရေကို လျော့ပြီးပြေးဆွဲခြင်းသာ ဖြစ်ပါတယ်”ဟု ပန်းဆိုးတန်းဆိပ်ကမ်း မန်နေဂျာ ဦးအေးမြင့်မောင်က ပြောသည်။
ယခင်အခေါက်အရေ ၃၆ ခေါက်ပြေးဆွဲလျက်ရှိနေပြီး ယခု ၂၆ ခေါက်သာ ပြေးဆွဲမည်ဖြစ်သည်။ ကူးတို့ပြေးဆွဲသည့်အချိန်ကိုလည်း နံနက် ၆-နာရီမှ ည ၈-နာရီ နောက်ဆုံးထား၍ ပြေးဆွဲမည် ဖြစ်ကြောင်းကိုလည်း သိရသည်။ ယခုကဲ့သို့ ပြောင်းလဲပြေးဆွဲမည့်အကြောင်းကို ခရီးသည်များကိုလည်း အသိပေးထားပြီးပြီဖြစ်ကြောင်း သိရသည်။
သင်္ကြန်ကာလအတွင်း ကူးတို့ကဲ့သို့ ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်လိုင်းအချို့နှင့် မြန်မာပြည်အနှံ့သို့ ပြေးဆွဲနေသည့် မီးရထားလိုင်းများတချို့လည်း ရပ်နားထားမည်ဖြစ်သည်။
Comments