ဧပြီ ၁၈ ၊ ၂၀၁၄
M-Media
– ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားပေးရန် အလ်-အဇ်ဟာရ် အစ္စလာမ့် ဓမ္မတက္ကသိုလ်မှ အကြီးဆုံး ရှေ့ဆောင် ဆရာတော်ကြီး ရှိခ် အဟ်မဒ် အလ်-တိုင်ယစ်ဘ်အား ဘရာဇီးနိုင်ငံက ဖိတ်ကြားခဲ့သည်ဟု သိရသည်။
“အကြမ်းဖက်ဝါဒ သိသိသာသာ တိုးလာနေတဲ့အချိန် အစ္စလာမ်ရဲ့ သမာသမတ်ကျတဲ့ အရှိတရားတွေကို ဖော်ဆောင် တည်ဆောက်တဲ့နေရာမှာ အလ်-အဇ်ဟာရ် တက္ကသိုလ်ရဲ့ ထင်ရှားတဲ့ အခန်းကဏ္ဍကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတယ်ဆိုတာ အခုလို ဖိတ်ကြားခြင်းက ကိုယ်စားပြုပါတယ်” ဟု ကိုင်ရိုရှိ ဘရာဇီး သံအမတ် မာကို ဘရန်ဒါအိုက အီဂျစ်ထုတ်နေ့စဉ် သတင်းစာ al-Shorouk သို့ပြောကြားခဲ့သည်။
ဆရာတော် အလ်-တိုင်ယစ်ဘ်နှင့် အင်္ဂါနေ့ကတွေ့ဆုံစဉ် အတွင်း အလ်-အဇ်ဟာ တက္ကသိုလ်မှာ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှု တန်ဖိုးများ ပျံ့နှံ့စေခြင်း၊ တည်ငြိမ်အေးချမ်းမှုအား ထောက်ပံ့ခြင်းနှင့် အကြမ်းဖက် ၀ါဒအား ရှုံချခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင် လုပ်ဆောင်နေသည်ဟု ဘရန်ဒါအိုက ထည့်သွင်းပြောကြားခဲ့သည်။
ဆရာတော် တိုင်ယစ်ဘ်ကလည်း အလ်-အဇ်ဟာရ် တက္ကသိုလ်မှာ သည်းခံခြင်း တရားထားရှိခြင်းနှင့် မတူညီမှုများအား လက်ခံခြင်းကဲ့သို့ သာသာသာသနာ၏ တန်ဖိုးများကို မြဲမြံစွာ ဆုပ်ကိုင်ထားရန် တိုက်တွန်းသည့် အစ္စလာမ်၏ တရားစစ် တရားမှန်များကို အသေးစိတ်ချပြနေသော ပညာရေးအဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း တွေ့ဆုံပွဲပြီးနောက် ပြောကြားခဲ့သည်ဟု အီဂျစ် သတင်းအချက်အလက် ထုတ်ပြန်ရေးဌာနက ဖော်ပြခဲ့သည်။
ထို့ပြင် ဘရာဇီးရှိ မွတ်စလင်များ အနေဖြင့် ဘရာဇီးလူ့အဖွဲ့အစည်းအတွင်း အပြုသဘောဆောင်သည့် ပေါင်းစည်းမှုများဖြစ်လာရန် အလို့ငှာ အစ္စလာမ်၏ တန်ဖိုးများကို ထိန်းသိမ်းလျက် နိုင်ငံအတွင်းရှိ လူ့အဖွဲ့အစည်းအတွင်း ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်လည်း ဆရာတော်က တိုက်တွန်းခဲ့သည်။
ဘရန်ဒါအိုကလည်း ဘရာဇီးရှိ မွတ်စလင်များမှာ ဘရာဇီးလူ့အဖွဲ့အစည်း အတွင်း တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ဆောင်ရွက်နေပြီး နိုင်ငံတစ်ဝှမ်း ဗလီဝတ်ကျောင်းတော်များနှင့် အစ္စလာမ့် အဖွဲ့အစည်းများ အများအပြားရှိကြောင်း ပြောကြားခဲ့သည်။
ထိုကဲ့သို့ ဖိတ်ကြားမှုကို ဆရာတော်၏ အကြံပေးဖြစ်သူ မိုဟာမက် မီဟန်နာကလည်း ချီးကျူးပြောဆိုခဲ့ပြီး သမာသမတ်ကြသည့် အစ္စလာမ့် သဘောတရားများကို အလ်-အဇ်ဟာရ်မှ ဖော်ပြမှုကို တစ်ကမ္ဘာ့လုံးက အလေးထားကြောင်း၊ အစ္စလာမ်ကလည်း ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းမှုအတွက် အားကစား လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း ပြောကြားခဲ့သည်။
“သန်းပေါင်းများစွာသောပြည်သူတွေက ဒီ(ကမ္ဘာ့ဖလား)ပွဲကို စောင့်ကြည့်ကြမှာပါ။ ပြီးတော့ ဆရာတော်ကြီးရဲ့ မိန့်ခွန်းကနေ သူတို့တွေဟာ အစ္စလာမ်နဲ့ ပတ်သက်ပြီး ပိုသိလာပါလိမ့်မယ်” ဟု မီဟန်နာက ဆိုသည်။
အလ်-အဇ်ဟာရ် တက္ကသိုလ်မှာ အစ္စလာမ်ကမ္ဘာတွင် အကြီးဆုံးနှင့် အထင်ရှားဆုံး အစ္စလာမ့်ဓမ္မ တက္ကသိုလ်ဖြစ်ပြီး ထိုတက္ကသိုလ်မှ အကြီးဆုံး ရှေ့ဆောင် ဆရာတော် ရှိခ်အဟ်မဒ် အဲလ်-တိုင်ယစ်ဘ်မှာလည်း အစ္စလာမ် ဘာသာရေးဆိုင်ရာ သြဇာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
၂၀၀၁ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်း အရ ဘရာဇီးနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် ဦးရေမှာ ၂၇၂၃၉ ဦးရှိသည်ဟု သိရသည်။ သို့သော်လည်း ဘရာဇီးအစ္စလာမ်အသင်းကမူ ဘရာဇီးရှိ အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၁ သန်းခွဲ ၀န်းကျင်ရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
ယခုနှစ် ဇွန်လ ၁၂ ရက်နေ့မှ ဇူလိုင် ၁၃ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို မြို့ ၁၂ မြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဆာပေါ်လိုမြို့တွင် ပြုလုပ်မည်ဖြစ်သည်။
OnIslam & News Agencies
Comments