ဧပြီ ၂၄၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ ၂၀၁၄ ဧပြီလ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ သတ်မှတ်ထားသည့်အတိုင်း ရန်ကုန်မြို့ စည်ပင်သာယာ နယ်နမိတ်အတွင်း ဟိုင်းလတ် ယာဉ်များပြေးဆွဲခွင့်ကို ရပ်နားခြင်းသည် ပြောင်းလဲတော့မည် မဟုတ်ကြောင်း မ.ထ.သ (ဗဟို) ဥက္ကဌ ဦးလှအောင်ကပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မ.ထ.သ (ဗဟို)တို့ပူးပေါင်းပြီး ရန်ကုန်မြို့စည်ပင်သာယာ နယ်နမိတ်အတွင်း ဟိုင်းလတ်ယာဉ်များ ၀င်ရောက်ပြေးဆွဲခွင့်ကို မတ်လ ၃၁ ရက်နေ့က ပိတ်သိမ်းခဲ့သော်လည်း ခရီးသည်များနှင့် ယာဉ်မောင်း ယာဉ်နောက်လိုက်တို့၏ အခက်အခဲ အမျိုးမျိုးတို့ကြောင့် ဧပြီလ ၃ ရက်နေ့တွင် တစ်လ ထပ်မံ တိုးမြှင့်ပေးခဲ့သည်။
“ကျွန်တော်တို့လည်း ဧပြီလ ၁ ရက်နေ့က မြို့ပြင်ကိုသွားပြီး လေ့လာကြည့်တယ်။ အခက်အခဲအမျိုးမျိုးကိုတွေ့ရတော့ အားလုံးတိုင်ပင်ပြီး နောက်ကို တစ်လဆုတ်ပေး လိုက်တယ်။ ယာဉ်လုပ်သားတွေ ဆန္ဒပြလို့နောက်ဆုတ်ပေးလိုက်တာ မဟုတ်ပါဘူး။ အခုဒီလကိုတော့ ထပ်ရွှေ့ပေးမှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့ကယာဉ်တွေကို ပိတ်သိမ်းတာ မဟုတ်ပါဘူး။ ပြေးဆွဲခွင့်ကို ကန့်သတ်လိုက်တာပါ။ လုံလောက်တဲ့ပြင်ဆင်မှုအတွက် အချိန် တစ်ခုပေးထားတာပါ” ဟု မ.ထ.သ (ဗဟို) ဥက္ကဌ က ဆက်လက်ပြောကြားခဲ့သည်။
စည်ပင်သာယာနယ်နမိတ် ၃၃ မြို့နယ်အတွင်း “ခ” လိုင်စင် “ခရီးသည်တင်ဆောင်သည့်ယာဉ်”ဖြင့်ပြေးဆွဲခွင့်ကိုကန့်သတ်ထားခြင်းဖြစ်ပြီး ၎င်းယာဉ်များသည် “က” လိုင်စင် “ကုန်စည်တင်ဆောင်သည့်ယာဉ်” အဖြစ်သို့ပြောင်းလဲမည်ဆိုကာပါ စည်ပင်သာယာနယ်နမိတ်အတွင်းသို့ ၀င်ရောက်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ရပ်နားမည့်ဟိုင်းလတ်ယာဉ်များနေရာတွင် မီနီဘတ်စ် ၁၁၉ စီးရှိပြီဖြစ်ပြီး ၁၆ စီးထပ်မံတင်သွားထားကြောင်း သိရသည်။ မီနီဘတ်စ်များတင်သွင်းရာတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြံ့ကြာမှုများလည်းရှိကြောင်း သိရသည်။
Comments