ဧပြီ ၂၉ ၊ ၂၀၁၄
M-Media
ဘာသာပြန်ဆိုသူ- မြင့်မိုရ်မောင်မောင်
မူရင်းအင်္ဂလိပ်ဘာသာဖြင့်ဆောင်းပါး- Myanmar Times
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံမှု အချက်အလက်အားလုံးနီးပါးမှာ ယခုသီတင်းပတ်အကုန်တွင် အချောသတ်ပြီဖြစ်သည်။ သို့သော် မေလဒုတိယပတ် အစောပိုင်းတွင် ရလဒ်များအပေါ် ပြန်လည် ဆန်းစစ်မည့် အစိုးရဖက်မှ လုပ်နည်းလုပ်ဟန်နှင့် စပ်လျဉ်းသော အငြင်းပွားမှုကတော့ ဆက်လက်ရှိနေနိုင်၏။
အဓိကပြဿနာဖြစ်ပွားသော ဒေသများမှာ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်ဖြစ်သည်။ ရခိုင်ပြည်နယ်၌ မိမိကိုယ်ကို ရိုဟင်ဂျာလူမျိုးဟု သတ်မှတ်ဖော်ပြလိုသည့် မွတ်စ်လင်မ်တို့ကို ကောက်ခံသူများမှ ထိုအချက်အလက် အတိုင်း ဖြည့်သွင်းရန် ငြင်းဆန်ခဲ့သည်။ ကချင်ပြည်နယ်၌ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ၏ ထိန်းချုပ်နယ်မြေများ အတွင်း သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့။
မွတ်စ်လင်မ်တို့အား ရိုဟင်ဂျာဟု သတ်မှတ်ဖော်ပြခွင့်ပြုလိုက်ပါက ရခိုင်ပြည်နယ်သာမက အခြားဒေသများတွင် ပြင်းထန်သည့်ပြဿနာများကို ဖြစ်ပေါ်လာစေနိုင်ကြောင်း၊ အကြောင်းမှာ ယင်းကိစ္စသည် နိုင်ငံသားအဖြစ် စာရင်းဝင်အောင် လုပ်ယူသည့်ခြေလှမ်း တစ်ရပ်ဟု လူများတို့မှ သိမြင်ထားသောကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းသို့ ဆုံးဖြတ်ဆောင်ရွက်လိုက်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ဆိုသည်။
“ဒီသန်းခေါင်စာရင်း ကိစ္စထဲ မည်သည့်ပြဿနာ၊ မည်သည့်သွေးချောင်းစီးမှုကိုမှ ကျွန်မတို့ မလိုလားပါဘူး” ဟု ၀န်ကြီးဌာန၏ သန်းခေါင်စာရင်း နည်းပညာ အဖွဲ့ဒါရိုက်တာ ဒေါ်ခိုင်ခိုင်စိုးက ပြောကြားသည်။
သို့သော် ကချင်ပြည်နယ်၌ သန်းခေါင်စာရင်းနှင့် စပ်လျဉ်းသော မနှစ်မြို့မှုများမှာ ဆိုးဆိုးရွားရွား ပေါ်လွင်ခဲ့သည်။ စာရင်းကောက်များ၏လုံခြုံရေး အတွက် ကေအိုင်အေပိုင်နက်အတွင်း တပ်စိတ် တစ်ခုအား ဦးဆောင်ဝင်ရောက်ခဲ့သော တပ်မတော်ဗိုလ်ကြီးတစ်ဦးမှာ သတ်ဖြတ်ခံလိုက်ရသည်။
နိုင်ငံပိုင်မီဒီယာသတင်းများနှင့် လုံးဝကွဲလွဲ ဆန့်ကျင်လျက် – ထိုတိုက်ပွဲသည် သန်းခေါင်စာရင်းကိစ္စနှင့် အလျဉ်း မသက်ဆိုင်ပါ ဟု ဒေါ်ခိုင်ခိုင်စိုးက အခိုင်အမာ ဆိုပါသည့်တိုင် ယင်းဖြစ်ရပ်ကြောင့် နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားရာ လူပေါင်း ၅၀၀၀ အိုးအိမ်စွန့်ထွက်ပြေးခဲ့ရသည်။
သို့သော် စာရင်းကောက်များသည် နိုင်ငံတွင်းအခြားဒေသရှိ နေရာအတော်များများ၌ သတ်မှတ်မေးခွန်းအားလုံးကို မေးမြန်းခဲ့ခြင်းမရှိကြောင်း သတင်းတို့နှင့်တစ်ကွ သန်းခေါင်စာရင်းကောက်ယူပုံ စောဒကများလည်း ပွင့်အံလာခဲ့ကြသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့၏ ဒေသတွင်းအစီအစဉ်မှူး Salai Bawi Thaing က မိမိသည် မြို့နယ် များစွာရှိ ချင်းလူမျိုးတို့ထံမှ သတင်းများ လက်ခံရရှိခဲ့ကြောင်း၊ မျိုးနွယ်စု သို့မဟုတ် ကိုးကွယ်သည့် ဘာသာအား မေးမြန်းခဲ့ခြင်း မရှိပါဟု ၎င်းတို့မှဆိုကြောင်း ပြောပြသည်။ စာရင်းကောက်များသည် မေးမြန်းခြင်း မပြုဘဲ ရေးသွင်းခဲ့ရာ ထိုသူတို့အဖို့ မည်သည့် ဘာသာ၊ လူမျိုးအဖြစ် ထည့်သွင်းခံရကြောင်း မသိရှိကြပါဟု ဆိုသည်။
စာရင်းကောက်ခံရာ၌ အမှားအယွင်းများရှိခဲ့သည်ဟု မြန်မာအစိုးရအား နည်းပညာပံ့ပိုးသော ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့ United Nations Population Fund (UNFPA) ရော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနပါ ၀န်ခံထားကြသည်။ သို့ဖြစ်စေကာမူ အချက်အလက်အားလုံး ထိခိုက်ပျက်စီး သွားစေလောက်အောင် မကြီးမား မကျယ်ပြန့်နိုင်ဟု ယုံကြည်ကြောင်း ၎င်းတို့က ပြောဆိုထား၏။
“ မေးခွန်းတွေရဲ့အဖြေတွေကို ရံဖန်ရံခါ အမှန်တွေရခဲ့တယ်။ သူတို့ကွင်းဆင်းကောက်ယူတဲ့ အချို့အချိန်တွေမှာတော့ အသင့်ရှိနေသော ပြင်ပလူတွေက ၀င်ရောက်စွက်ဖက်တာမျိုးလည်း ရှိခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီဘေးပန်းဝေဖန် စကားတွေကို ဒုတိယဆင့်မှာပဲ ထားခဲ့ပါတယ် ” ဟု UNFPA မှ ဧပြီ ၁၁ ရက်တွင် ပြောကြားသည်။
ရခိုင်ပြည်နယ်မှအပ နိုင်ငံဒေသအများစုတွင် လုပ်ငန်းစဉ် ချောမွေ့ခဲ့သည်ဟု နိုင်ငံတကာလေ့လာသူများက ဆိုသည်။ မြန်မာနိုင်ငံအရေး UNFPA ကိုယ်စားလှယ် Janet Jackson က “ ရခိုင်ကဖြစ်ရပ်တွေမှာ ကတိပြုထားတဲ့ သန်းခေါင်စာရင်းအပေါ် ပုံဟန်တစ်မျိုးနဲ့ အရိပ် လွှမ်းမိုးနေကြောင်း ထင်ရှားခဲ့တယ် ” ဟု ပြော၏။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦစီးဌာနအရာရှိများက ဝေဖန်ချက် အများစုကို ပယ်ချထားပြီး အလွန်အောင်မြင်သည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ၉၀ ရာခိုင်နှုန်းသော လူဦးရေ စာရင်းကို ကောက်ခံပြုစုပြီးဖြစ်ကြောင်း၊ ရခိုင်နှင့် ကချင်ပြည်နယ်မှ ကျန်ရှိနေသေးသည့် အချက်အလက်များ ကောက်ယူနိုင်အောင် ကြိုးစား လုပ်ဆောင်နေကြောင်း လွန်ခဲ့သည့်ရက်သတ္တပတ်က ဖော်ပြခဲ့သည်။
မြန်မာပြည်မြောက်ပိုင်းတွင် သန်းခေါင်စာရင်း လုပ်ငန်းစဉ်အား အေးချမ်းစွာဆောင်ရွက်နိုင်ရေး အတွက် အစိုးရသည် ကေအိုင်အေနှင့် စေ့စပ်ညှိနှိုင်းနေကြောင်း၊ ရခိုင်ပြည်နယ် အရေးတွင်မူ မိမိသည် UNFPA ၏ နိုင်ငံတကာ သန်းခေါင် စာရင်းကျွမ်းကျင်သူများ ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ နည်းပညာ အကြံပေးဘုတ် အဖွဲ့နှင့် အတူ လက်တွဲဆောင်ရွက်နေကြောင်း ဒေါ်ခိုင်ခိုင်စိုးက ဆိုသည်။
သို့သော် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနသည် မွတ်စ်လင်မ်တို့အား ရိုဟင်ဂျာ အဖြစ် သတ်မှတ်ညွှန်းဆိုမည့် မည်သည့်နည်းလမ်းကိုမှ လက်ခံ စဉ်းစားပေးလိမ့်မည်မဟုတ်ဟု သူမက အလေးအနက်ထား ပြောကြားသွားသည်။ ဘုတ်အဖွဲ့၏ ဒုဥက္ကဌ Paul Cheung က နည်းလမ်းရှာ အဖြေထုတ်ဖို့ အချိန်ယူရပေဦးမည်ဟု ဆိုသည်။
“ နည်းပညာပိုင်းအရ အဖြေရှာမှုတွေကတော့ ရှင်းလင်းလှပါတယ်။ ဒါပေမယ့် နိုင်ငံရေး အတိုင်းအတာအရ ခရီးတွင်ပေါက်မြောက်မှာတော့ မဟုတ်ဘူး။ နိုင်ငံရေးနဲ့ နည်းပညာက ထပ်တူကျဖို့လည်း မလွယ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုနဲ့ သုံးသပ်မှုအတွက် အကန့်အသတ်တွေကို ကျွန်တော်တို့ နားလည်ထားရပါမယ် ”။
အစိုးရဖက်မှ လမ်းကြောင်းတစ်ခုထပ်မံ ခင်းထားပြီးဖြစ်သည်။ ပထမအကြိမ် ချန်လှပ်ခံရသော ရခိုင်ပြည်နယ်မွတ်စ်လင်မ်တို့သည် မိမိကိုယ်ကို ဘင်္ဂလီများ ဟု သတ်မှတ်ဖော်ပြလျှင် သို့မဟုတ် တင်းပြည့် ကျပ်ပြည့်မေးမြန်းမှုကို လျစ်လျူရှုရန် သဘောတူလျှင် သန်းခေါင်စာရင်းထဲ ပြန်လည်ထည့်သွင်းနိုင်မည်ုဖြစ်သည်။ ဧပြီလ ၂၅ ရက်တွင် ရခိုင်ပြည်နယ်ရှိ အိမ်ထောင်စုပေါင်း ၆၀၀၀ မှာ ဤလမ်းကြောင်းကို လက်ခံလိုက်ပြီဟု နိုင်ငံပိုင်မီဒီယာများမှ သတင်းဖော်ပြခဲ့သော်လည်း ထိုကိန်းဂဏန်းမှာ နှောင်ကြိုးမဲ့ အတည် မပြုနိုင်သေးချေ။
နောက်တစ်ဆင့်မှာ “အခြားလူမျိုး” စာရင်းဝင်သူများအားလုံးကို ရေတွက်မှတ်တမ်းတင်မည့် လုပ်ငန်းစဉ်ဖြစ်မည်။ ၎င်းမှာ အချိန်ယူရမည်။ ဒေါ်ခိုင်ခိုင်စိုး၏ အဆိုအရ ဤလုပ်ငန်းစဉ်ကို စက်ဖြင့်မဖတ်ဘဲ လက်ဖြင့် ရေးသွင်း မှတ်တမ်းတင်မည်ဖြစ်သည်။
ယခုလအစောပိုင်း သတင်းစာရှင်းလင်းပွဲ တစ်ခု၌ လ၀က၀န်ကြီး ဦးခင်ရီက ရခိုင်ပြည်နယ်တွင်း စာရင်းကောက်ခံမှုဆိုင်ရာ သဘောကွဲလွဲမှုသည် အစိုးရနှင့် UNFPA သို့မဟုတ် နိုင်ငံတကာ အလှူရှင်များအကြားရှိ ဆက်ဆံရေးကို ထိခိုက်နစ်နာစေလိမ့်မည်ဟု မိမိ မယုံကြည်ကြောင်း၊ အကယ်၍ စာရင်းကောက်များမှ မွတ်စ်လင်မ်တို့အား ရိုဟင်ဂျာ အဖြစ် ရေးသွင်းခွင့်ပြုခဲ့ပါက ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှု ပိုမိုဖြစ်ပွားအောင် တွန်းပို့ရာရောက်ကြောင်းကို “ ကျွန်တော်တို့ဟာ နိုင်ငံ့ လုံခြုံရေးနှင့် အချုပ်အခြာ တည်တံ့ရေး အတွက် တာဝန်ထမ်းဆောင်နေတာပါ။ ကျွန်တော်တို့တိုင်းပြည်ရဲ့ မူဝါဒအရ ရိုဟင်ဂျာတွေဆီက စာရင်းကောက်ခံမှု မပြုခဲ့ကြပါဘူး ” ဟူ၍ ပြောဆိုခဲ့သည်။
၎င်းပြင် သူက ဘင်္ဂလီအစား ရိုဟင်ဂျာဟု ဖော်ပြလိုသူတို့၏ တရားဝင်မှုနှင့် စပ်လျဉ်း၍ မေးခွန်းထုတ်ခဲ့သည်။
“ တရုတ်လူမျိုးတွေက တရုတ်ပြည် ဇာတိ ဖြစ်တယ်။ ရိုဟင်ဂျာတိုင်းပြည်ဆိုတာ ဘယ်မှာလဲ ? ရိုဟင်ဂျာကို ဘယ်နိုင်ငံက လက်ခံပါသလဲ ? ကျွန်တော်တို့တိုင်းပြည်က သူတို့ကို လက်ခံဖို့ ဘယ်လိုမှ မဆီလျော်ပါဘူး ”။
ဝန်ကြီးဌာနမှ ဤပြဿနာများ ထုတ်ပြနေသလို အချက်အလက် လုပ်ငန်းစဉ်သည်လည်း မေလ ပထမလ၀က်အတွင်း စတင်မည်ဖြစ်သည်။ ပထမအဆင့်အနေဖြင့် ဗြိတိန်ကုမ္ပဏီ DRS မှ ၀န်ထမ်းများက ကုမ္ပဏီပိုင်စက်များဖြင့် အဖြေလွှာများကို အပြီးသတ်ဖတ်ယူမှတ်တမ်းတင်မည်။ DRS သည် UNFPA ၏ကန်ထရိုက်အောက်မှ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သန်းခေါင်စာရင်းနှင့် ရွေးကောက်ပွဲများအတွက် ပစ္စည်းကိရိယာထောက်ပံ့သည့် ပုဂ္ဂလိကအဖွဲ့အစည်းဖြစ်သည်။
နောက်တစ်ဆင့်မှာ “အခြားလူမျိုး” စာရင်းဝင်သူများ အားလုံးကို ရေတွက်မှတ်တမ်းတင်မည့် လုပ်ငန်းစဉ်ဖြစ်မည်။ ၎င်းမှာ အချိန်ယူရမည်။ ဒေါ်ခိုင်ခိုင်စိုး၏ အဆိုအရ ဤလုပ်ငန်းစဉ်ကို စက်ဖြင့် မဖတ်ဘဲ လက်ဖြင့် ရေးသွင်း မှတ်တမ်းတင်မည်ဖြစ်သည်။
ဝန်ကြီးဌာနသည် အခြားလူမျိုး စာရင်းဝင် မည်ရွေ့ မည်မျှရှိကြောင်း မသိရှိသေးသဖြင့် ရေတွက်မှုအချိန် မည်မျှကြာညောင်းမည်ကို သူမက မခန့်မှန်းနိုင်။ အချက်အလက်များ ဆန်းစစ်မှုကို နိုင်ငံတကာလေ့လာသူများရှေ့တွင် ပြုလည်မည်လောဟု မေးမြန်းရာ ၎င်းကိစ္စမှာ မူလအစီအစဉ်၌ မပါဝင်ဟု သူမက ဆိုသည်။
“ DRS ကုမ္ပဏီနဲ့ မဆွေးနွေးရသေးတဲ့ အတွက် ကျွန်မ အသေအချာ မပြောနိုင်သေးပါဘူး ”။
DRS မှလည်း မည်သည့် မှတ်ချက်မျှ မပေးနိုင်ခဲ့။
သန်းခေါင်စာရင်းလုပ်ငန်းစဉ်အတွင်းရှိ လက်သည်းဝှက်များ၊ လျော့တိလျော့ရဲနိုင်မှုများကို ထောက်ပြ၍ လူမျိုးရေးတင်းမာမှုများ ကြီးထွားလာမည်ဟု ပရောဂျက် အလှူရှင်များ အပါအ၀င် ပြည်တွင်းနှင့် နိုင်ငံတကာ လေ့လာသူများက လွန်ခဲ့သည့် တစ်နှစ်လော်ကပင် သတိပေးထားခဲ့သည်။
အစိုးရအသိအမှတ်ပြု တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို အခြေခံသော ဆုံးဖြတ်ချက်မှာ ဗြိတိသျှကိုလိုနီခေတ်၏ လက်ဝေခံ လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ချက်များ ရှိသည်။ ထို့အပြင် သန်းခေါင်စာရင်း၌ မိသားစုသုံးအိမ်သာအမျိုးအစားမှသည် တစ်နှစ်အတွင်းသေဆုံးသူ မိသားစုဝင်အကြောင်းအချက်များအထိ မေးခွန်း ၄၁ ခုကို အဓိပ္ပာယ်မဲ့ ရှည်လျားထွေပြားစွာ ထည့်သွင်းထားသည်။
“ သန်းခေါင်စာရင်းရဲ့ အခင်းအကျင်းထဲမှာ အချက်အလက်တွေ ကောက်ခံစစ်ဆေးပြီးကာမှ ပြောင်းလဲပြင်ဆင်မှု ပြုမပြုဆိုတာ မပြောနိုင်ပါဘူး။ အထူးသဖြင့် ထည့်ခွင့်မပြုထားတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ပေါ့။ သန်းခေါင်စာရင်းအချက်အလက်များအရ နိုင်ငံတော်စီမံကိန်းနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းမှုကို လမ်းညွှန်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ဖွယ်ရာတော့ ရှိပါတယ်။ ဒါပေမဲ့ သန်းခေါင်စာရင်းဒီဇိုင်းနာတွေက စီစဉ်ဆဲအဆင့်မှာ ပြည်သူ့အသံ နားမစွင့်ခဲ့တာဟာဖြင့် သံသယ၀င်စရာပါဘဲ ” ဟု ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်မှုအဖွဲ့ သုတေသီ Mr David Mathieson က ဆိုသည်။
Foftify Rights လူ့အခွင့်အရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ Matt Smith ကလည်း အချက်အလက်သေချာစွာရရှိရေးကို ရခိုင်ပြည်နယ်မှာကဲ့သို့ တင်းမာမှုမီးမွှေးရန် အသုံးချမချဟူသည် နောက်ထပ်စိန်ခေါ်ချက်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသွား၏။
“ တင်းမာနေပြီးဖြစ်တဲ့ အနေအထားတစ်ရပ်ကို မပွင့်ထွက်စေဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ ဘာသာရေးထိန်းချုပ်မှုအပေါ် ဒီအချက်အလက်ကို ကိုင်တွယ်မယ်ဆိုရင် ဒီလမ်းကြောင်းက အဲ့ဒီမှာဘဲ အဆုံးသတ်သွားမှာဖြစ်တယ်။ ဒီအနေအထားရောက်ရင် အစိုးရရဲ့ ဖျက်ဆီးရေးထိန်းချုပ်မှုလို့ ဆိုရပါမယ်”။
Myanmar Times English ပိုင်းတွင် ဖော်ပြခဲ့သည့် Census collection winds down amid controversy ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
Comments