မေ ၁ ၊ ၂၀၁၄
M-Media
– နိုင်ငံအရှေပိုင်း ၀န်ဇူးမြို့ရှိ အထင်ကရ ခရစ်ယာန် ဘုရားကျောင်းတစ်ခုအား ယခုတစ်ပတ် တနင်္လာနေ့က တရုတ်အစိုးရမှ ဘူဒိုဇာဖြင့်ထိုးကာ ဖြိုဖျက်ခဲ့သည်ဟု သိရသည်။
The Sanjiang Church ဟု ခေါ်သည့် အဆိုပါဘုရားကျောင်းမှာ မူလ ခွင့်ပြုထားသည်ထက် ၄ ဆ ပိုကြီးအောင် ဆောက်လုပ်ထားခြင်းကြောင့် တရားမ၀င် အဆောက်အဦးဖြင့် သတ်မှတ်ကာ ဖြိုချ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
ဝန်ဇူးမြို့မှာ ခရစ်ယျာန် ဘာသာဝင် အထူးများပြားမှုကြောင့် “အရှေ့တိုင်း၏ ဂျေရုစလင်” ဟု နာမည်ကျော်ပြီး အဆိုပါ ဘုရားကျောင်းဆောက်လုပ်ရန် အတွက် ၁၂ နှစ်တာ အချိန် ယူခဲ့ရကာ တရုတ်ယွမ်ငွေ သန်း ၃၀ (ကန်ဒေါ်လာ ၄.၇သန်း) ကုန်ကျခဲ့သည်။
ထိုကဲ့သို့ ဖြိုချမှုမှာ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများအား ဆန့်ကျင်သည့် အစိုးရ၏ အချက်ပေးမှုဖြစ်သည်ဟု ခရစ်ယာန် အဖွဲ့အစည်းများက စိုးရိမ်နေရသည်။ ထိုဘုရားကျောင်း မဖျက်ဆီးရေး အတွက် ခရစ်ယာန် ဘာသာဝင်များနှင့် အာဏာပိုင်များမှာ ၁ လခန့် အခြေအတင် ဖြစ်ခဲ့ကြသည်။
အဆိုပါ ပရိုတက်စတင့် ဘုရားကျောင်းကို အစိုးရ၏ Three-Self Patriotic Movement ပရောဂျက်အောက်တွင် ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ စံပြုရမည့် ဆောက်လုပ်ရေး ပရောဂျက်တစ်ခုအဖြစ် ဒေသခံ အာဏာပိုင်များက ပြီးခဲ့သည့် စက်တင်ဘာလကပင်ချီးကျူးခဲ့သေးသည်။
သို့သော်လည်း The Sanjiang Church ဘုရားကျောင်းတည်ရှိသည့် ယွန်ဂျီယာကောင်တီမှ ၀ါဒဖြန့်ဌာန ပြောရေးဆိုခွင့်ရှိသူ ဂျင်လီဘိုက ၁၈၈၁ စတုရန်း မီတာသာ ရှိရမည့် အဆိုပါ ဘုရားကျောင်းမှာ ၇၉၂၈ စကွဲယားမီတာရှိနေပြီး ဧပြီ ၂၂ ရက်နေ့နောက်ဆုံးထားကာ ပြန်လည်ပြုပြင်ရန် အချိန်ပေးခဲ့ကြောင်း၊ သို့သော်လည် ၅၀၀ စတုရန်းမီတာသာ ဖယ်ရှားခဲ့ခြင်းကြောင့် အာဏာပိုင်များက ဘူဒိုဇာဖြင့် ဖြိုဖျက်ခဲ့ခြင်းဖြစ်ကြောင်း CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။
ထို့ပြင် ထိုဘုရားကျောင်းအား တရားမ၀င် တိုးချဲ့ဆောက်လုပ်မှု အတွက် ဒေသခံအာဏာပိုင် ၅ ဦးကိုစစ်ဆေးနေပြီး တစ်ဦးအား ဖမ်းဆီးထားကာ၊ အခြား ၄ ဦးအား ထိန်းသိမ်းထားကြောင်း ဂျင်က ထပ်လောင်းပြောကြားခဲ့သည်။
CNN
Comments