မေ ၇ ၊ ၂၀၁၄
M-Media
.ရေးသူ- အောင်ဇော်ဦး
မေ လဆိုတာ မြန်မာပြည်က အခြေခံကျောင်းများရဲ့ ကျောင်းအပ်နှံရေး လပါ။ ဒီလဟာ ကျောင်းနေ အရွယ် သားသမီး ရှိတဲ့ မိဘတိုင်းရဲ့ သားသမီးနဲ့ပက်သက်ပြီး ထားတဲ့ နောင်ရေး အပူတွေကို ဒီလမှာ အထင်အရှားမြင်ကြရမှာပါ။ မိဘတိုင်းက သားသမီးတိုင်းကိုပညာတတ်ကြီးတွေ ဖြစ်စေချင်တာ ဘယ်တော့မှ မပြောင်းလဲတဲ့ သဘာဝအလှတရားပါ။
အခြေခံလူတန်းစားနဲ့ ဆင်းရဲတွင်းနစ်နေတဲ့ ပြည်သူအများစု ရှိနေတဲ့ နိုင်ငံမှာ ဒီလို ကျောင်းဖွင့်ရာသီဆို မိဘတွေ ရုန်းကန်ပြေးလွှားရပြီးဆိုတာ ဗေဒင်မေးစရာမလိုတဲ့ ကိစ္စပါ။ လက်လုပ်လက်စား မိဘတွေက အလျင်မှီအောင် သားသမီးကို ကျောင်းအပ်နိုင်ဖို့၊ လူလတ်တန်းစားနဲ့ လူကုံတန် အသိုင်းအ၀ိုင်းက မိဘတွေကလည်း သားသမီးတွေကို နာမည်ကြီး ကျောင်းတွေမှာ အပ်နိုင်ဖို့ ပြေးလွှားနေရတာကိုမြင်ရတာ မရိုးနိုင်တဲ့ မြင်ကွင်းတွေပါ။ အမှန်တော့ ဒီလို အခြေခံပညာရေး စနစ်ကို သင်ကြားခွင့်ရဖို့ဆိုတာ မိဘအုပ်ထိန်းသူတွေရဲ့ တာဝန်တခုတည်း မဟုတ်ပါဘူး။ အုပ်ချုပ်မင်းလုပ်တဲ့ အစိုးရမှာ လုံးဝ တာဝန်ရှိတာပါ။ ဒီမှာ မေးစရာရှိလာပါတယ်၊
မိဘတွေရဲ့ တာဝန်က ဘာလဲဆိုတာပေါ့။ အမှန်တော့ မိဘတွေရဲ့ တာဝန်က သားသမီး တက်ရောက် သင်ကြားနေတဲ့ ပညာရေးမှာ ထူးချွန်ထက်မြက်လာအောင်၊ လိမ္မာရေးခြားရှိလာအောင် သွန်သင်ဆုံးမဖို့၊ သားသမီးရဲ့ ပင်ကိုယ်ပါလာတဲ့ ထူးချွန်တဲ့အရည်အသွေး (၀ါသနာ) ကို ဖော်ထုတ်ပြီး မြေတောင် မြောက်ပေးဖို့စတာတွေပါ။
ကျနော်ဟာ မိဘနေရာမရောက်သေးပေမယ့်၊ ဒီလိုရာသီမျိုးရောက်တိုင်း ကျနော့်မိဘ နှစ်ပါးရဲ့ကျနော်တို့ ညီအစ်ကိုတွေ အပေါ်မှာ ထားခဲ့တဲ့ မေတ္တာ တရားတွေနဲ့ ပြေးလွှားခဲ့ရတာတွေကို အမြဲမြင်ယောင်မိတယ်။ ဒါကြောင့် ကျနော့်မှာ ကျောင်းအပ်ရမယ့် သားသမီး တာဝန် မရှိသေးပေမယ့်လည်း ဒီလိုအချိန်တွေဆို အရွယ် မရောက်သေးဘဲ လုပ်ငန်းခွင်ထဲမှာ ဆင်းရဲပင်ပန်းကြီးစွာ လုပ်နေရတဲ့ ကလေးတွေနဲ့ လမ်းပေါ်လေလွင့်နေရတဲ့ ကလေးတွေ အတွက် ပူပန်မိတယ်။ ဒီနေရာမှာတတ်နိုင်တဲ့ လူတန်းစားတွေ၊ သားသမီး မရှိကြသေးတဲ့ လူတွေ၊ သားသမီးတွေ အရွယ်ရောက်သွားလို့ ကျောင်းအပ်စရာ မလိုတော့တဲ့ မိဘတွေ၊ စတဲ့ အလွှာစုံက လူတွေဟာ ကျောင်းနေအရွယ် ကလေးတွေအတွက် မဆိုင်သလို မနေကြဘဲ တတ်နိုင်သလောက် ကူညီကြပါလို့ တိုက်တွန်းချင်တယ်။ မျိုးဆက်တဆက်နဲ့ တဆက် တိုးတက်ဖြစ်ထွန်းမှာသာလျှင် အဲဒီလူ့အသိုင်းအ၀ိုင်း၊ အဲဒီ လူသားမျိုးနွယ်ဟာ ရှင်သန်မှာပါ။ လူတိုင်းဟာမိမိ မိသားစု၊ ဆွေမျိုးသားချင်းတွေရဲ့ စားဝတ်နေရေး တခုတည်းကို ထောက်ပံကူညီနေရုံနဲ့ လူသားတယောက်ရဲ့ တာဝန်ဝတ္တရားတွေ ကျေပွန်တာ မဟုတ်ပါဘူး။ ဒီလို မိသားစုတာဝန်၊ နီးစပ်ရာဆွေးမျိုးသားချင်း တာဝန်တွေဆိုတာကတော့ လူသားတွေ မပြောနဲ့ တိရိစ္ဆာန်တွေလည်း အသိုက်အမြုံလေးတွေလုပ်၊ မိတ်လိုက်၊ ဥ တွေ ဥ၊ သားသမီးတွေကို ဂရုစိုက်ကျွေးမွေး၊ တချို့တိရိစ္ဆာန်တွေဆိုဥာဏ်ရည်မြင့်သလောက် လုပ်ကိုင်နိုင်စွမ်းတွေလည်း မြင့်မားကြတာဘဲ။ ဒါပေမယ့် သူတို့တိရိစ္ဆာန် မျိုးစိတ်တွေမှာ အရည်အသွေးတွေ တိုးတက်ထွန်းကားလာအောင်၊ သူတို့ မျိုးစိတ်တွေ မျိုးမတုန်းသွားအောင် လုပ်ဆောင်ဖို့ သူတို့မှာ တာဝန်မရှိကြသလို၊ လုပ်ရကောင်းမှန်းလည်း အသိဥာဏ် မမြင့်မားကြပါဘူး။
အစိုးရရဲ့ တာဝန်မဲ့မှု့၊ ဆိုးရွားတဲ့ အုပ်ချုပ်ရေးစနစ်၊ ပညာရေးဘက်ဂျက်မှာ မသာထာရေစာလို သုံးစွဲနေမှု့၊ ကျောင်းသားလူငယ်တွေကို တလွှဲအသုံးချနေမှု့၊ စတာတွေကို ချရေးနေရရင် အခန်းဆက် ၀တ္တူရှည်ကြီး တစ်ပုဒ်ဖြစ်သွားမှာပါ။ ဒါကြောင့် မိဘတွေနဲ့ ကျနော်တို့ပြည်သူတွေကဘဲ မနိုင်ဝန်ထမ်းပြီး သွားရမှာပါ။ ကမ္ဘာလုံးဆိုင်ရာ ကူးလူးယှက်နွယ်ဖြစ်ထွန်း တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ပညာရေးက အရေးကြီးဆုံး အခန်းကဏ္ဍကို ရောက်လာနေပါတယ်။ ဒီနေရာမှာ လောကီ ပညာတင် မကဘဲ လောကုတ္တရာ ပညာတွေလည်း အကျုံးဝင်လာ ပါတယ်။ နိုင်ငံရေး၊ စီးပွါးရေးတွေ၊ လူမှုရေးတွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာတရားတွေဟာ ပထ၀ီ အကန့်အသတ်ဆိုတာ မရှိတော့ဘဲ ကူးလူးဆက်နွယ်ပြန့်ပွားနေတယ်။ ဒီလို ကိုးကွယ်ယုံကြည်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာ ပြန့်နှံလာနေတာကို မည်သည့် ယုံကြည်မှုကမှ တပါးသူရဲ့ ယုံကြည်မှု့ကို မဟန့်တားနိုင်တော့ပါဘူး။ တပါးသူရဲ့ ယဉ်ကျေးမှု၊ ယုံကြည်မှု စတာတွေကို အတင်းအဓမ္မပိတ်ဆို့ဟန့်တားနေတာဟာ ရေကို ဓါးနဲ့ပိုင်ခြားနေသလိုဘဲ ရှုးသွပ်ရာရောက်သလို ပညာဥာဏ်နည်းရာလည်း ဖြစ်နေပါတယ်။ ဒီမှာတော့ နိုင်ငံရေးအတွက် ဒါတွေကို အသုံးချနေသလို၊ ဆင်ခြင်တုံတရား နည်းပါးတဲ့ လူတွေကလည်း စောစောက ပြောသလို မဖြစ်နိုင်တာတွေကို ဟန့်တားဖို့ကြိုးစားနေတာပါ။ အမှန်တော့ မိမိယဉ်ကျေးမှု၊ မိမိတို့ရဲ့ ကိုးကွယ်ယုံကြည်ရာဘာသာတရား၊ ရိုးရာအမွေအနှစ် စတာတွေကို မပျောက်ပျက်အောင် (သို့) တိုးတက်ပြန့်ပွား ချင်တယ်ဆိုရင် တပါးသူတွေရဲ့ ယင်းအရာတွေကို လိုက်ဖျက်ဆီးနေတာထက်၊ မိမိတို့ရဲ့ မျိုးဆက်သစ်တွေကိုသာလျှင် လောကီ နှင့် လောကုတ္တရာ ပညာရပ်တွေကို စနစ်တကျသင်ပေးရမှာဖြစ်ပါတယ်။
မိဘတွေဟာ သားသမီးတွေကို မိမိဖြစ်စေချင်တာ တခုတည်းထက်၊ သားသမီးရဲ့ မွေးရာပါ ဗီဇတွေကို ဖော်ထုတ်ပြီး လေ့ကျင့် ပျိုးထောင်ပေးမယ်ဆိုလျှင် အမှန်တကယ်ကို အဖိုးထိုက်တန်ပြီး၊ လူ့အသိုင်းအ၀ိုင်း အတွက် အကျိုးဖြစ်ထွန်းစေမယ့် မျိုးဆက်သစ်တွေဖြစ်လာမှာပါ။ ဒီနေရာမှာ အရေးတကြီး ပြောစရာက အတန်းထဲမှာ အဆင့် ၁ ဖြစ်နေအောင်ဘဲ ကလေးကို တိုက်တွန်းနေမှာလား၊ ဆရာဝန်နဲ့ အင်ဂျင်နီယာလောက်ဘဲ အဆင့်မြင့်တယ်လို့ သတ်မှတ်ထားတော့မှာလား။
ဒီနေရာမှာ သားသမီးတွေရဲ့ ပင်ကိုယ် ဗီဇနဲ့ ဥာဏ်ရည်အကြောင်းကို အနည်းအကျဉ်းဖော်ပြ ချင်ပါတယ်။ ဒါတွေကို ကြည့်ပြီး မိမိသားသမီးရဲ့ ပင်ကိုယ် ဗီဇဟာဘာလဲ၊ ဘယ်လိုပြုစု ပျိုးထောင်ပေးရင် ဘယ်နေရာမှာ ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက်ဖြစ်လာမလဲဆိုတာ မိဘတိုင်းနဲ့ လူတိုင်းသိသင့်ပါတယ်။ မိဘဆိုတာ သားသမီးကို မမွေးဖွားလာခင် ကိုယ်ဝန်ဆောင်ထားကတည်းက သားသမီးအတွက် အကောင်းဆုံးပြင်ဆင်ခဲ့ကြတာပါ။ ဥပမာအားဖြင့် ကိုယ်ဝန်ဆောင်စဉ် ကာလမှာ သားသမီးရဲ့ ဥာဏ်ရည်ထက်မြက်ဖို့အတွက် အနေအထိုင်တွေ၊ ဗီတာမင်ဆေးဝါးတွေ သုံးစွဲတာတွေ အပါအ၀င်ပေါ့။
Intelligent Quotient (IQ) ဆိုတာ ကျောင်းစာတွေကို ခရားရေလွတ် ရွတ်ဆိုပြနေရုံ၊ အတန်းထဲမှာ ထိပ်ဆုံးဖြစ်နေရုံလောက်ကိုဘဲ ခေါ်ဆိုတာ မဟုတ်ပါဘူး။ တချို့ကလေးတွေဟာ များသောအားဖြင့် ပန်းချီဆွဲနေတာ၊ ဂီတတခုခုကို တိတ်တဆိတ် အာရုံရောက်နေတာ၊ တချို့တွေက တခုခုကို စူးစမ်းလေ့လာချင်နေတာ စတာတွေမှာ တချို့ကလေးတွေဟာ လမ်းညွှန်ပြသတတ်တဲ့ မိဘနဲ့ဆို တချိန်မှာ သူဝါသနာပါခဲ့တဲ့ နယ်ပယ်မှာ ထူးချွန်တဲ့ ပညာရှင်ကြီးတွေ ဖြစ်လာကြတာများပါတယ်။ ပညာရှင်တွေကတော့ IQ အမျိုးအစားကို ၇ မျိုး၊ ၈ မျိုး၊ ၉ မျိုး စသည်ဖြင့် တိုင်းတာတွက်ချက်ကြပါတယ်။ ၈ မျိုးကိုတော့ အများဆုံးအသုံးပြုကြပါတယ်လို့သိရတယ်။
၁ – စာပေအရေးအသားနှင့် ဘာသာစကားလုံးတွေကို သိမှတ်တဲ့ဥာဏ်၊
၂- အတွက်အချက်နဲ့ ယုတ္တိဗေဒနဲ့ဆိုင်တဲ့ ဉာဏ်၊
၃- အမြင်အာရုံနဲ့ဆိုင်တဲ့ ဉာဏ်တဲ့၊ ဒီဇိုင်နာတွေ၊ အင်ဂျင်နီယာတွေ၊ပန်းချီ၊ပန်းပုဆရာတွေမှာ တွေ့ရတတ်တဲ့ အိုင်ကျူမျိုးပေါ့။
၎- ကိုယ်ခန္ဓာနဲ့ လှုပ်ရှားမှုတွေဘက်မှာ ပိုသာတဲ့ဉာဏ်ရည်ပေါ့။ အကသမားတွေ၊ ရုပ်ရှင်မင်းသားတွေမှာ တွေ့ရများမယ်ထင်တယ်။
၅- ဂီတနဲ့ပတ်သက်တဲ့ အိုင်ကျူ၊
၆- လူတွေနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ ဉာဏ်ရည်နဲ့
၇- စူးစမ်းလေ့လာလိုတဲ့ဉာဏ်ပေါ့။
၈- သဘာဝတရားကြီးကို နားလည်နိုင်စွမ်းရှိတဲ့ ဉာဏ်ရည်လို့ ပြောကြတယ်လို့ ဖတ်မှတ်ဖူးတယ်။
အဲဒီလို အိုင်ကျူ အမျိုးအစားရှစ်မျိုးထဲမှာ ကျောင်းသင်ခန်း စာတွေက ၁၊ ၂၊ ၆၊ ၇ စတာတွေကိုပိုပြီး အလေးထားကြပါတယ်။
နိဂုံးချုပ်ရရင် မိဘတွေနဲ့ လူတိုင်းဟာ မျိုးရိုးစဉ်ဆက်၊ လူ့ဘောင်အဖွဲ့အစည်း၊ လူသားမျိုးနွယ် တို့အတွက် တာဝန်ရှိကြပါတယ်။ ဒါကြောင့် လူတိုင်းဟာ မိမိတက်နိုင် သလောက် လက်လှမ်းမှီရာနှင့် ကျောင်းနေအရွယ် ကလေးတွေကို ကူညီပံ့ပိုးကြရမယ်ဆိုတာ မဖြစ်မနေတာဝန် တခုပါ။ ဒါမှသာလျှင် ကျနော်တို့ရဲ့ မျိုးဆက်တွေကို တလွဲအသုံးချခံရခြင်းမှလည်းကောင်း၊ ကျနော်တို့ လွန်သောအခါမှာ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းဟာ ကောင်းမွန်စွာ တိုးတက်ရှင်သန်နိုင်ဖို့ရာ လည်းကောင်း၊ မျိုးဆက်တစ်ဆက်နှင့် တစ်ဆက်ဟာ တိုးတက်ရှင်သန်နေခြင်းဆိုတဲ့ သဘောတရားကိုသော် လည်းကောင်း လုပ်ဆောင်နိုင်စွမ်းရှိကြမှာပါ။ ကျောင်းနေအရွယ် ကလေး အားလုံး ကျောင်းစာသင်ခန်းအသီးသီးဆီကို အရောက်ပို့နိုင်ဖို့ ကြိုးစားကြပါစို့လို တိုက်တွန်းလိုက်ရပါတယ်။
Aungzaw OO
7/5/14
Comments