မေ ၈ ၊ ၂၀၁၄
M-Media
– ရီးယဲလ်မက်ဒရစ် အသင်း တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ လက်ရှိအချိန်အတွင် ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမားဖြစ်သော်လည်း ပေါ်တူဂီ ဂန္တ၀င် ကစားသမား ဖီဂိုကဲ့သို့ ပါးနပ်မှု မရှိဟု ပေါ်တူဂီ ကစားသမားဟောင်း နူနိုဂိုးမက်စ်က ပြောကြားလိုက်သည်။
ဂိုးမက်စ်မှာ ၁၉၉၆ နှင့် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဖီဂိုနှင့် တွဲကစားဖူးပြီး ၎င်း၏ ကစားသမားဘ၀ နှောင်းပိုင်းတွင် ရော်နယ်ဒိုနှင့်လည်း တွဲကစားဖူးသည်။ ရော်နယ်ဒိုမှာ ရီးယဲလ် ကစားသမားဟောင်း ဖီဂိုထက် ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွင် သာလွန်ပြီး၊ ဖီဂိုက ပို၍ ဥာဏ်ရှိသည်ဟု ဂိုးမက်စ်က ဆိုသည်။
“ဖီဂိုဟာ သူ့ခေတ်သူ့အခါတုန်းက အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုကလည်း အခုအချိန်မှာ အကောင်းဆုံး ကစားသမားပါ။ ဖီဂိုဟာ ဦးနှောက် ပိုသုံးပြီး ရော်နယ်ဒိုကတော့ ပါဝါပိုသုံးပါတယ်။ ရော်နယ်ဒိုဟာ ဖီဂိုထက် ဂိုးတွေ ပိုသွင်းကောင်းသွင်းပါလိမ့်မယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူဟာ တောင်ပံကစားသမား တစ်ယောက်သာ မဟုတ်ဘဲ တိုက်စစ်မှူး တစ်ယောက်အဖြစ်လည်း ကစားနိုင်လို့ပါ။ ဖီဂိုကတော့ လျင်မြန်မှုထက် တောင်ပံမှာပဲ ပိုကစားတာပါ” ဟု uefa.com သို့ ဘင်ဖီကာ ကစားသမားဟောင်း ဂိုးမက်စ်က ပြောကြားခဲ့သည်။
ဖီဂိုမှာ အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကို ၂၀၀၀ ခုနှစ်တွင် ရရှိခဲ့ပြီး ၂၀၀၀ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ရီးယဲလ်အတွက် ၂၃၉ ပွဲကစားပေးခဲ့သည်။
Comments