မေ ၁၂ ၊ ၂၀၁၄
M-Media
ထင်ရှားသည့် အစ္စလာမ် ဘာသာရေးဆရာကြီး အုစ်သာ့ဇ် အစ်ဗရာဟီမ် ကာစင်မ်အား ၀န်ကြီးချုပ် လီရှန်လွန်း၊ ဒုဝန်ကြီးချုပ် တျိုချီဟိန် နှင့် မွတ်စ်လင်မ်ရေးရာ စီမံဝန်ကြီး ဒေါက်တာ ယာကွတ် အီဗရာဟီမ် ပါဝင်သော စင်္ကာပူခေါင်းဆောင်များမှ ဂုဏ်ပြုစကားဆိုလိုက်သည်။
မွတ်စ်လင်မ် လူ့အသိုင်းအ၀ိုင်း၏ အရေးပါသည့်နေရာများတွင် ရှိနေသူ အုစ်သာ့ဇ် အီဗရာဟီမ်(၈၈ နှစ်)သည် နမိုးနီးယားရောဂါဖြင့် ကြာသပတေးနေ့ နံနက် ၂း၁၅ နာရီတွင် ကွယ်လွန်ခဲ့သည်။
သူ၏ရုပ်ကလာပ်ကို မမြုပ်နှံမှီ နောက်ဆုံးဈာပန၀တ်ပြုရန်အတွက် Teck Whye ရှိ အလ်ခိုင်းရ် ဗလီဝတ်ကျောင်းတော်သို့ သယ်ဆောင်ခဲ့ကြသည်။
အုစ်သာ့ဇ် အီဗရာဟီမ်သည် မလေး မွတ်စ်လင်မ်လူ့အဖွဲ့အစည်း၏ ဘာသာရေး အခြေတည်လူမှုဘ၀ ဖွံ့ဖြိုးရေး၌ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးဆပ် ခဲ့သူဖြစ်သည်။ အင်္ဂလိပ်၊ မလေး၊ အရဗီ၊ တမီလ်၊ အူရဒူ နှင့် ကမ္ဘာသုံးတရုတ် စသည့် ဘာသာစကားခြောက်မျိုးကို ကျွမ်းကျင် ပိုင်နိုင်သူဖြစ်သည့်အားလျော်စွာ စွမ်းရည်အသီးသီးမြင့်တက်ရေးအတွက် တံတားထိုးနိုင်ခဲ့သည်။
သူ့မိသားစုထံပေးပို့သော ၀မ်းနည်းကြောင်းသ၀ဏ်လွှာ၌ “အုစ်သာ့ဇ် အီဗရာဟီမ်သည် အလယ်အလတ် အစ္စလာမ့်လမ်းစဉ်ကို ရှေ့ဆုံးမှ ဦးဆောင်ခဲ့သည့်အပြင် စင်္ကာပူတွင် လူမျိုးရေး၊ ဘာသာရေး သင့်မြတ်စေရာလုပ်ငန်း အများအပြားကို ဖော်ဆောင်ခဲ့သူဖြစ်သည် ” ဟု ၀န်ကြီးချုပ်လီမှ မှတ်တမ်းတင် ရေးသားထား၏။ “သူ၏ကြွေလွင့်ခြင်းသည် ကျွန်ုပ်တို့အားလုံးအတွက် မဟာဆုံးရှုံးမှု ” ၊ ၎င်းပြင် “မွတ်စ်လင်မ် အသိုင်းအ၀ိုင်းနှင့် စင်္ကာပူအား တန်ဖိုးမဖြတ်နိုင်သော တရားများဟောကြားခဲ့သည့် ဂါရ၀ ထားအပ်ရာ ဘာသာရေးဆရာတစ်ဦး” ဟု လီက ပြောကြားသည်။
အုစ်သာ့ဇ် အစ်ဗရာဟီမ်သည် သာသနာပြန်လည် ထွန်းတောက်ရေးအဖွဲ့ Religious Rehabilitation Group (RRG)အပေါ် အခိုင်အမာ ရပ်တည်သူဖြစ်ပြီး ဆယ်စုနှစ် တစ်ခုမက အတိုင်ပင်ခံ အဖြစ်ဆောင်ရွက်နေသူဖြစ်သည်။ အစွန်းရောက် ဘာသာရေး အတွေးအခေါ်များကို ပြန်လည် ရင်ဆိုင်တုန့်ပြန်ရာ၌ အစိုးရနှင့်လည်းကောင်း၊ မွတ်စ်လင်မ်လူ့ အဖွဲ့အစည်းနှင့်လည်းကောင်း အနီးကပ် လက်တွဲဆောင်ရွက်ခဲ့သည်။
အုစ်သာ့ဇ် အီဗရာဟီမ်သည် ဇန္န၀ါရီလတွင် မကျန်းမာသည့်ကြားမှ မလေး မွတ်စ်လင်မ်ခေါင်းဆောင်များနှင့် အတူ tudung အရေးဆွေးနွေးပွဲသို့ အလေးထား တက်ရောက်ခဲ့ကြောင်း၊ ထိုအရေးနှင့်ပ တ်သက်၍ မိမိ၏အဆိုများကို လူ့အဖွဲ့အစည်းအကျိုး အတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် မကြာခဏ စာရေးသား တိုက်တွန်းခဲ့ကြောင်း၊ ဖေဖော်ဝါရီလက Pioneer Generation tribute party ၌ ထပ်မံတွေ့ဆုံစဉ် သူသည် ကျန်းမာရေး ဆိုးဝါးနေသော်လည်း စိတ်ဓာတ် ခိုင်မာစဲ ဖြစ်ကြောင်း၊ စုစည်းညီညွတ်သည့် လူမျိုးပေါင်းစုံ အသိုင်းအ၀ိုင်း ထူထောင်ရာ၌ ခက်ခဲသော အနေအထားများကို အခြားထိပ်တန်း မျိုးဆက်များအတိုင်း ကူညီပံ့ပိုးခဲ့သူဖြစ်ကြောင်း၊ စင်္ကာပူနိုင်ငံနှင့် လူ့အဖွဲ့အစည်းအပေါ် အကောင်းဆုံးအား ထုတ်စွမ်းဆောင်နိုင်ခဲ့သူ တစ်ဦး အပါအ၀င်ဖြစ်ကြောင်း လီက တခုတ်တရ ပြောကြားသည်။
ဒုဝန်ကြီးချုပ်ကလည်း အုစ်သာ့ဇ် အီဗရာဟီမ်သည် လူ့ဘောင်ရပ်ဝန်းအတွက် အရေးပါလှသည့် စွမ်းဆောင်ချက်များစွာကို ပြုလုပ်ခဲ့သူအဖြစ် သူ၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အမွှမ်းတင်ဖော်ပြခဲ့သည်။
အလားတူစွာပင် “ သူ့ရဲ့စွမ်းဆောင်ချက်တွေဟာ မွတ်စ်လင်မ်များ ထိမ်းမြားမှု အသိအမှတ်ပြုရေး ROMM (Registry of Muslim Marriages) ကနေ ရှရီအဟ်တရားရုံးအထိ တကယ့်ကို ကြီးမားထိရောက်ကျယ်ပြန့်လှပါတယ်။ သူ့တပည့်တွေကို စာပြေးပြနေတာလည်း မပျက်ကွက်ခဲ့ပါဘူး။ သို့သော် ပိုပြီး ထိရောက်ခဲ့တာက RRG နဲ့ပတ်သက်တဲ့ စွမ်းဆောင်ချက်တွေဘဲဖြစ်တယ်။ ဒီလုပ်ငန်းမျိုး မဖြစ်မနေပြုရမယ်လို့ သူက လက်ခံ အသိအမှတ်ပြုထားတယ်။ တကယ်လို့ ဘာသာရေးဆိုင်ရာ ထိပ်တန်း ပုဂ္ဂိုလ်တွေမှ ရှေ့ထွက်မလှမ်းရင် ဘယ်သူတွေ လုပ်ကြမှာလဲ (လို့ သူက ဆိုတတ်တယ်)။ ဒါဟာ အရေးပါလှတဲ့ နိုင်ငံတော် အဆင့်စွမ်းဆောင်ချက်လို့ ကျွန်တော် မြင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဘယ်မှာရှိနေနေ ငြိမ်းချမ်းရေးနှင့် သင့်မြတ်ရေး ကိုင်စွဲထားရမယ်ဆိုပြီး သူက လက်ခံထားတဲ့အပြင် အဲ့ဒီအပေါ် ခိုင်ခိုင်မာမာ ယုံကြည်ထားလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော့်အဖို့တော့ ဒါဟာ အလွန်အင်မတန် အရေးပါတဲ့ စွမ်းဆောင်ချက်ပါ။ ဘာကြောင့်လဲဆိုရင် သူဟာ အဲ့လိုပုဂ္ဂိုလ်မျိုးထဲက တစ်ယောက် ဖြစ်နေလို့ပါပဲ။ စင်္ကာပူနိုင်ငံဟာ လူမျိုးဘာသာ ယဉ်ကျေးမှုစုံဒေသကြီး တစ်ခုအဖြစ် တည်ရှိရမယ်လို့ လက်ခံ ထားခဲ့ကြကုန်သော ပထမဆုံး လမ်းဖောက် မျိုးဆက်ဝင် တစ်ဦး ဖြစ်လို့ပါပဲ ” ဟု ဆက်သွယ်ရေးနှင့်ပြန်ကြားရေး ၀န်ကြီးလည်းဖြစ်သူ ဒေါက်တာ ယအ်ကူးဗ် မှ ပြောပြခဲ့သည်။
– CNA/nd
Comments