.မေ ၂၆၊ ၂၀၁၄
M-Media
ဆရာရဟ်မတွလ္လာဟ်၏ ဇာတိသည် ရန်ကုန်ဖြစ်သည်။ အမိဘက်မှ ရခိုင်ကမန်နွယ်၊ အဘဘက်မှ စူရတီနွယ်ဖြစ်၍ ကမန်စူရတီစပ် ဖြစ်သည်။ ငယ်စဉ်က ရန်ကုန်မြို့၊ အစိုးရဟိုက်စကူးကျောင်းနှင့် ရန်ဒေးရီးယား ကျောင်းများ၌ ၈-နှစ်ခန့် ပညာဆည်းပူးသည်။ ထိုစဉ် တမန်တော်မြတ်၏ သြ၀ါဒတော်များတွင် သာသနာ့ပညာ၏ အရေးပါမှုကို ဖတ်ရှုဆင်ခြင်မိသည်။ တရုတ်ပြည်သို့တိုင် သွားရောက်ပညာရှာရန် သြ၀ါဒကို အသည်းစွဲဖြစ်သည်။ နှစ်ဘ၀နှစ်ဌာန လူဖြစ်ရှုံး ယူကျူံးမရ ရှိရမည့်အရေး ထိတ်လန့်မိသည်။ သာသနာ့ပညာ၏ အရင်းအမြစ်ဖြစ်သော အရဗီဘာသာ ကျမ်းရင်းများ ဆည်းပူးနိုင်မည့် ဒေသသို့ ရှေ့ရှုထွက်ခွာရန် သန္နိဋ္ဌာန်ချလိုက်သည်။ သို့နှင့် ၁၉၁၂-ခုနှစ် စက်တင်ဘာလ ၂၈-ရက်နေ့တွင် မိဘနှစ်ပါးအား အသိမပေးဘဲ အိန္ဒိယနိုင်ငံသို့ တိတ်တဆိတ် ထွက်သွားသည်။ အိန္ဒိယနိုင်ငံ မြို့တော် ဒေလီမြို့ရှိ မဒရ်ဆာအာမီနီယာခေါ် သာနာပညာ ကျောင်းတော်တွင် အရဗီဘာသာဖြင့် ဟဒိဆ်၊ တဖ်စီရ်၊ ဖေကာ၊ မန်တစ်၊ ဖလ်စဖြာ၊ ဟိုင်အတ်၊ မအာနီအစရှိသည့် ပညာရပ်များကို ဇွဲနပဲကြီးစွာ တပ်မက်စွာ ဆည်းပူးသည်။ ၉-နှစ်ခန့် ကြာသည်အထိ အိန္ဒိယတွင်သာ ကြိုးစားနေသည် မြန်မာနိုင်ငံသို့ လုံးဝမပြန်ခဲ့ပါ။
ဇာတိဌာနေမှခွဲခွာခဲ့သည်မှာ ကြာတောင်းကြာပြီးဖြစ်၍ ဆရာက သတိရတမ်းတနေစဉ် မြန်မာပြည်မှ သံကြိုးရောက်လာသည်။ ဖခင်ကြီး မကျန်းမမာဖြစ်နေ၍ ကျောင်းအုပ်ကြီးမှ တစ်ဆင့် သံကြိုးပို့လိုက်ခြင်း ဖြစ်သည်။ မောင်လာနာသည် မနေသာတော့ပါ။ ၁၉၂၁-ခု သြဂုတ်လ ၂၂-ရက်နေ့တွင် မိဘများရှိရာ ရန်ကုန်မြို့သို့ပြန်လာသည်။ ရန်ကုန်တွင် မိခင်ကြီးနှင့် အစ်မတစ်ယောက် အရှင့်အမိန့်တော် ခံယူပြီး ဖြစ်ကြောင်း သိလိုက်ရသောအခါ ပုထုဇဉ်ပီပီ ယူကျူံးမရဖြစ်ရသည်။ တရားနှင့် ဖြေရရှာသည်။ သို့သော် ဆယ်ရက်ပြည့်အောင်ပင် ဆွေးမနေအားပါ။ သာသနာ့အရေး ဦးစားပေးရပါသည်။ ရန်ကုန်မြို့ ဆင်ခြေဖုံး အင်းစိန်မြို့အပိုင် သမိုင်းအရပ်၌ တည်ထောင်ဖွင့်လှစ်ထားသည့် မဒရ်ဆာတဗ်လီဂိယာ ကျောင်းတွင် ၁၉၂၁-ခု စက်တင်ဘာလဆန်း ၁-ရက်နေ့မှစ၍ သင်ကြားရေး တာဝန်စတင်ထမ်းဆောင်ရ သည်။ ထိုကျောင်းကို ရန်ကုန်မြို့၊ မဂ်ျမအိုလ်အဟ်ဗဗ် အသင်းမှ စီမံအုပ်ချုပ်သည်၊ ကျောင်းအိပ် ကျောင်းစား အဖြစ် လက်ခံသင်ကြားပေးသည့် ကျောင်းဖြစ်သည်။ ကျောင်းတွင် အရဗီ၊ အူရဒူနှင့် မြန်မာဘာသာများဖြင့် သင်ကြားပေးသည်။
သာသနာပြုရာ၌ စာပေ၏ ထိရောက်မှုကို သဘောပေါက်သော ဆရာသည် အစ္စလာမ်သာသနာပြု စာအုပ်တိုက် The Muslim Mission Book Deport အမည်ဖြင့် စာအုပ်တိုက် တည်ထောင်ပြီး စာပေ ထုတ်ဝေရေးလုပ်ငန်းကို ဆောင်ရွက်သည်။ ဦးစွာ ဗဟစ်ရှ်တီ ဇေ၀ါရ်ခေါ် “နိဗ္ဗာန်ဘုံဘယက်တန်ဆာကျမ်း”ကို ဘာသာပြန်ထုတ်ဝေသည်။ ထုတ်ဝေရ ခြင်းအကြောင်းကို ကျမ်းတွင်ဖော်ပြသည်မှာ မြန်မာပြည်အနယ်နယ် အရပ် ရပ်မှ မွတ်စလင်မ် အမျိုးသမီးများသည် သာသနာရေးအသိပညာ ကင်းမဲ့နေသည်။ အိမ်ထောင်ရေး စိတ်မအေးဖွယ်၊ ရင်လေးဖွယ် ရင်ဆိုင်နေရသည်။ ဤသို့ သာသနာ့ အဆုံးအမ ကင်းပနေကြသည့် အခြေအနေကို ဟာဂျီ ယူစွတ်ကဲ့သို့ သာသနာပြု စူရတီလူကြီးအသိုင်းအ၀ိုင်းက မကြားလို မမြင်လို မကြည့်ရက်မရှုရက် ဖြစ်နေကြသည်။ သို့နှင့် အမျိုးသမီးများကို စိတ်ကြိုက် ပြုပြင်ပေးနိုင်သည့် ထိုအခါ အိန္ဒိယနိုင်ငံထုတ် မောင်လာနာ အရှ်ရဖ်အလီထာန၀ီ၏ ဗဟက်ရှ်တီဇေ၀ါရ်ကျမ်းကို သဘောကျကြသည်။ ဆရာကလည်း သဘောတူသည်။
သာသနာ့ပညာရှင်များ၊ သာသနာပြုများသည် ပရ်ဒါစနစ်ကိုသာ လက်ခံသည်။ အမျိုးသမီးများ ပရ်ဒါအတွင်း နေစေချင်သည်။ ပရ်ဒါစနစ် အောင်မြင်ရေး စိုက်လိုက်မတ်တတ် ကြိုးပမ်းခဲ့ကြသည်။ ဆရာတို့အလျင် ၁၈၉၅ ခု၊ မေလ ၂၈-ရက်နေ့ကလည်း မန္တလေးမြို့ ဈေးချိုတော်ကြီး တောင်ဘက် သီရိရတနာ ပုံနှိပ်တိုက်က အတ္တစ်ဘယာန်၊ ဖွည်ဟေဂျာဗျင် ရစ္စ၀ါန်အမည်ဖြင့် “မိန်းမတို့ ပါရ်ဒ်အကြောင်း” စာအုပ် ပုံနှိပ်ထုတ်ဝေခဲ့ဖူးသည်။ ပိပြားသေ၀ပ်မှုအတွက် ဖိရမည်ဟူသည့် ယုံကြည်ချက် ရှင်သန်နေဆဲဟု သိရသည်။
အဆိုပါကျမ်း၏ နိဒါန်းတွင် ကုရ်အာန်ကျမ်းတော်မြတ် ဋီကာ ပထမစာစောင် ပြီးစီးလုနီးပြီဖြစ်၍ ၀ယ်ယူလိုသူများ ကြိုတင်မှာကြားရန် ကြော်ငြာထားသည်။
“သမာဇီဝများကို လှီးစားခြင်း သုစရီတဖြစ်ကြောင်း” ကျမ်းကို မြန်မာနိုင်ငံ အိုလမာအဖွဲ့ချုပ်၏ စာစဉ် ၁၅အဖြစ် ဖြန့်ချိခဲ့သည်။ ဦးစွာ သူ့အသက် သတ်ခြင်း၏ အဓိပ္ပာယ်အယူအဆကို ရှင်းပြသည်။ သားငါး တိရစ္စာန်တို့၏ အသက်ကို တရားသဖြင့် လှီးစားထိုက်ကြောင်း၊ ပြုပြင်စီမံသူ အနန္တအရှင် မုချဘုရား တုနှိုင်းယှဉ်ရာ မရှိကြောင်း၊ ကိုယ်ပိုင်ပစ္စည်းများကို စည်းကမ်းနှင့် သုံးတတ်သည့် ပမာဖြစ်ကြောင်း တိရစ္စာန်များကို အဘယ်ကြောင့် လည်လှီးရကြောင်း၊ အချို့သတ္တ၀ါအချို့ အသားအဘယ်ကြောင့် မစားသင့်ကြောင်း၊ လူမျိုး ၁၀၁ပါး သားငါးစားသောက်ကြပုံ အကြောင်းများကို နားလည်လွယ်အောင် ရှင်းလင်းဖော်ပြသည်။
ထူးခြားချက်မှာ ဗုဒ္ဓဘာသာ အမေးအဖြေကျမ်း၊ မဟာဝင်ဝတ္ထု ပရမတ္တစိန္ဒာမယကျမ်း စသည့်ကျမ်းများမှ ကောက်နုတ် ကိုးကားရေးသား ခြင်းဖြစ်သည်။ ခေတ်ပေါ် ဟိန္ဒူအဆိုအမိန့် ကောက်နုတ်ချက် အချို့လည်းပါသည်။ ဘာသာခြား စာဖတ်ပရိသတ်အတွက် ရှင်းပြလိုမှု အဓိကပြုဟန် ရှိသည်။ အာကာ ယေဒေ့အစ္စလာမ်နှင့် တွဟ်ဖသဟမီယာ ကောက်နုတ်ချက်မှအပ ကုရ်အာန်နှင့် ဟဒီးဆ်မူရင်း အကိုးအကား ညွှန်းဆိုမှုမတွေ့ရ။
ပထမတွဲ အပြီး၊ ဒုတိယတွဲ မစမီ An Historical Romance of phillippa the caesar’s niece ကို စူရတီ စွန္နီ ဂျာမေဗလီရှိ မြန်မာနိုင်ငံ ဂျမီအတုလ်အဖွဲ့တွင် မှာယူနိုင်ကြောင်း ကြော်ငြာထား သည်မှာ ထူးသည်။
ဤကျမ်းအရ ကျမ်းပြုစုသူသည် ဗုဒ္ဓစာပေကျမ်းဂန်များကို လေ့လာဆည်းပူးထားကြောင်း၊ ပါဠိဘာသာနှင့် ရင်းနှီးကြောင်းသိရသည်။ ကျမ်းခေါင်းစဉ်သည်ပင် မြန်မာသက်သက်မဟုတ်။
သမိုင်းအထောက်အထားအဖြစ် ရှဟီဒီအာဇာနည်လေးပါး ပေါ်ထွန်းခဲ့ရာ မြေထူးမြို့သို့ ကျမ်းပြုသူကိုယ်တိုင် ကွင်းဆင်းလေ့လာခြင်းနှင့်၊ သရက်မြို့၊ သမာဓိမြို့ဝန် ဦးဘကျော် စီမံရေးသားလိုက်သော ပသီလူမျိုး များ မြန်မာပြည်သို့ ၀င်ရောက်လာခြင်း အတ္ထုပ္ပတ္တိ ကိုးကားချက်ကို တွေ့ရသည်။
ထိုစဉ်က ဂျမီအတွလ် အိုလမာအဖွဲ့၏ အစ္စလာမ်စာပေ ဖြန့်ဖြူး ရေးအတွက် ကြိုးပမ်းမှုတွင် ဆရာကြီးသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်ဟု ဆိုနိုင်သည်။ ၁၉၃၅-ခုနှစ်ထုတ် မိုလ၀ီမိုဟမ္မဒ် ရဟမတွလ္လာ ဆရာတော်ပြန်ဆိုသည်ဟု ဖော်ပြထားသည့် တအ်လီမွလ်အစ္စလာမ်ကျမ်း ပထမတွဲ နောက်ဆုံးမျက်နှာတွင် အိုလမာအဖွဲ့ချုပ်က ထုတ်ဝေဖြန့်ချိပြီးသော စာအုပ်စာရင်းကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသည်။
list of books publishedby the jamiat-ul-ulema of burma
No. Name of Books Number
1. The Decision of ‘Farman-i-Mustafwi’
according to the Mohamedan Law (in Urdu)
2. do. do (in Gujrati)
3. do. do (in Burmese)
4. Thuhfa-Ramzan Shareef (A present for the
months of Ramzan) (in Urdu) 2
5. do. do (in Burmese)
6. ßGisalah Akhbarul Zalzalah (A Pamphlet on
Earthquake) (in Burmese) 3
7. A Pamphlet on the Virtues or Merits of
Darood Shareef (in Burmese) 4
8. Risalah Tha-heyyat-ul Islam (A Pamphlet
let on Salutation of Greetings in Islam
(in Burmese) 5
9. Gulzar-i-Sunnat Part I (in Burmese) 6
10. A Present for the month of Ramzan in the
form of Pamphlet (in Burmese) 7
11. Gulzar-i-Sunnat Part II (in Burmese) 8
12. Hamare Aquiday (Our tenets in religion)
(in Burmese) 9
13. Phillippa The Caesar’s Niece-English 10
14. Gulzar-i-Hadees (in Burmese) 11
15. The Killing of Animals (according to the
Islamic Principles) and using their flesh as
food (in Burmese) 12
16. A Pamphlet on ‘How Spread Islam
Throughout the World (in brief) 13
17. The Teachings of Islam Series (in English) 14
18. do. do II (in Burmese) 15
19. do. do III (in Burmese) 16
20. Majmooa-Fatawa (in Burmese) 17
21. Nesabuddin (in Burmese) 18
22. Bahishty Samar I (in Burmese) 19
23. do. do II (in Burmese) 20
24. Rahe-Najat (in Burmese) 21
25. Fazilat-i-ilm (in Burmese) 22
26. Some of the Sayings of our Lord and Holy
Prophet Muhammad I and II (in English) 23
27. Talimul-Islam II (in Burmese) 24
28. do. do III (in Burmese) 25
29. do. do IV (in Burmese) 26
30. Savitri (in English) 27
31. Mobabbe-haat-Ibne-Hajar (in Burmese) 28
32. Ma-labud-minho I (in Burmese) 29
33. Proof of Prophet Muhammad. From the
Holy Bible and Way to Paradise for
Eternal Life (in English) 30
34. A short sketch of the Life of the Prophet
(in Burmese) 31
35. Friday Sermons (in English) 32
36. The Life sketch of Muhammad (in Burmese) 33
37. Life of the Prophet Muhammad Part I
(in Burmese) 34
(တအ်လီမွတ်အစ္စလာမ် ပထမတွဲ နှင့် မာလာဗွဒ်မင်ဟို ဒုတိယတွဲတို့ကို ဖော်ပြမထားပါ။)
လက်လှမ်းမီသမျှ အဆိုပါ အထောက်အထားအရ ၁၉၃၅-ခုနှစ် အထိ စာအုပ် ၃၉မျိုး ထုတ်ဝေခဲ့ပြီးဖြစ်သည်။ အူရဒူ၊ ဂူဂျရတီ၊ အင်္ဂလိပ် ဘာသာတို့ဖြင့် ထုတ်ဝေသည့်စာအုပ်များ အပါအ၀င်ဖြစ်သည်။ မြန်မာ ဘာသာဖြင့်ထုတ်ဝေသည့် အများစုသည် ဆရာကြီး၏လက်ရာများဖြစ်ဟန် တူပါသည်။ ဆရာကြီးသည် မိမိတို့အသင်းထုတ် မဟုတ်သော်လည်း အခြားသော ဓမ္မဒါနစာအုပ်များကိုလည်း ပြန်ဆိုခဲ့ပါသည်။
ကေအိုင်အိပ်ခ်ျဘွဲ့ခံ သူဌေးကြီး ဟာဂျီအဟမဒွလ္လာခေါ် ဦးဘအိုက ၁၉၃၈-ခုနှစ်တွင်ဓမ္မဒါန လှူဒါန်းဝေငှသော ဂန်ဂျွလ်အရတ်ရှ် အမည်ရှိသော မြတ်စွာဘုရား ဂုဏ်တော်များ စာအုပ်တွင် ဘာသာပြန်ဆိုသူ မော်လ၀ီ မိုဟမ္မဒ်ရဟ်မတွလ္လာဟု ဖော်ပြထားပါသည်။ တည်းဖြတ် သုတ်သင်ပြင်ဆင် ရေးသားသူ ဆရာကလေး မောင်ထွန်းကြွယ်ဟုလည်း မှတ်တမ်းပြုထားပါသည်။
၁၉၄၀ပြည့်နှစ်တွင် အစ္စလာမ်ပေါင်းချုပ်ကျမ်း ပထမတွဲ ပေါ်ထွက်လာသည်။ နှောင်းလူတို့က အစ္စလာမ် ပေါင်းချုပ်ကျမ်းကို ဆရာဦးထွန်းကြွယ် အမည်နှင့်သာ ယှဉ်တွဲဖော်ပြတတ်ကြပါသည်။ အမှန်မှာ အစ္စလာမ် ပေါင်းချုပ် (၀ါ) အစ္စလာမ့်မဟာဝင် ကျမ်းအတွက် ဆရာရဟ်မတွလ္လာ၏ ပယောဂလုံ့လ၊ အားထုတ်မှု အခြေခံကြောင်း အမည်ပေါက်သူ ကျမ်းပြု ဆရာ ဦးထွန်းကြွယ်က နိဒါန်းတွင် –
ရှေးယခင်က အရဗီဘာသာမှ မြန်မာပြန်ဆိုရေးသား လှူဒါန်းထားခဲ့သော မြန်မာဘာသာပြန် ကုရ်အာန် ကျမ်းတော် မြတ်ကြီး၌ ပါရှိပြီးသောနဗီရစူလ် ပိုင်ဂမ္ပာရ်အမေယာတို့၏ အကြောင်းအရာတို့ကို မှီငြမ်းတစ်ခုပြု၍လည်းကောင်း၊ မြန်မာ ဘာသာပြန်ဆိုရာဝယ် မပါမရှိခဲ့သေးသော အကြောင်းအရာများ ကိုလည်း ကစွစွလ်အမေတယာကျမ်း၊ အဟ၀ါလွတ်လ်အမေတယာ ကျမ်း၊ စွဟီဘိုခါရီကျမ်း၊ မွစ္စလင်သြ၀ါဒကျမ်း၊ အစ္စလာမ်ရာဇ၀င် ကျမ်းအစရှိသော ကျမ်းစာများမှ မော်လ၀ီရဟ်မတွလ္လာဆပ်က မြန်မာဘာသာ ပြန်ဆိုရေးသား၍လည်းကောင်း ရှေးယခင်က မြန်မာပြန်ဆိုရေးသားခဲ့ပြီးသော ကုရ်အာန်ကျမ်းစာ၌ ပါရှိ ပြီးသော စကားတရားများနှင့် မော်လ၀ီ ရဟ်မတွလ္လာဆပ် ပြန်ဆို ရေးသားသော စကားတရားများကိုပါ အလုံးစုံအကုန်လုံး အစ အလယ် အဆုံး သုံးပါးလုံးကို မြန်မာဘာသာအဓိပ္ပာယ် သိလွယ် မြင်လွယ်ထင်လွယ်သော စကားအသုံး အနှုန်းတို့ဖြင့် လည်းကောင်း၊ ယဉ်ကျေးသိမ်မွေ့စွာ၊ သာယာနာပျော်ဖွယ် ရှိသော မူရင်း အဓိပ္ပာယ်ကိုလည်း မပျောက်ပျက်စေဘဲ စကားတရား ချောမောပြေပြစ်စွာ ရေးသားစေရန် အလှူဒါယကာ သူဌေးကြီး၏ တပည့်ရင်းဖြစ်ပါသော ကျွန်တော်မောင်ထွန်းကြွယ်ကို အလှူ ဒါယကာ သူဌေးကြီးက ညွှန်းကြားပြသအမိန့် ရှိပါသဖြင့်”
ဟု အရင်းခံ ဆရာကြီး ရဟ်မတွလ္လာ၏ကျေးဇူးကို မထိမ်မြူးဘဲဖွင့်ဟ ဖော်ကျူးထားပါသည်။
ဆရာကြီး၏ ဘာသာပြန် လက်ရာများအနက် အစ္စလာမ်သင်ခန်းစာ ၄-တွဲနှင့် မာလဗွဒ်မင်န်ဟို ၂-တွဲမှာ ကျော်ကြားပြီး ယနေ့တိုင် ပျံ့နှံ့ဆဲ ဖြစ်ပါသည်။ မူရင်း တအ်လီမွလ်အစ္စလာမ် ၄-တွဲကို ဘာသာပြန်သူ၏ ဆရာ မောင်လာနာ မော်လ၀ီ မိုဟမ္မဒ် ကေဖာယာတိုလ္လာသခင်က အူရဒူ ဘာသာဖြင့် ပြုစုစီရင်ခဲ့သည်။ မောင်လာနာကေဖာ ယာတိုလ္လာသည် ဘက်စုံထူးချွန်သော သာသနာ့ပညာရှင်ကြီး ဖြစ်သည်။ အိန္ဒိယလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သော ခေါင်းဆောင်ကြီးလည်း ဖြစ်သည်။ မြန်မာနိုင်ငံမှ မွတ်စလင်မ်များက အဆိုပါ သုခမိန်ကြီး၏ အစ္စလာမ်သင်ခန်းစာများကို အသင်းအဖွဲ့အမျိုးမျိုး၊ ပုဂ္ဂိုလ်အသီးသီးက အထပ်ထပ်ပြန်ဆိုကြ အကြိမ်ကြိမ် ထုတ်ဝေကြပါသည်။ ယနေ့တိုင် နှစ်သက်စွဲလမ်းဆဲ ဖြစ်ပါသည်။ ပုံနှိပ်ဖြန့်ဝေဆဲ ဖြစ်ပါသည်။ အောင်မြင်ကျော်ကြားသော စာမူကောင်း ဖြစ်ပါသည်။
ဦးထွန်းကြွယ် ပြင်ဆင် ရေးသားသည်မှအပဖြစ်သော ဆရာကြီး၏ ဘာသာပြန်စကားပြေ ကျမ်းများတွင် မော်လ၀ီကို ဆရာတော်သခင်၊ မိစ္စာ ဒိဋ္ဌိ၊ ဝေယျာဝစ္စ၊ ဗျာဒိတ်ပေး၊ သမ္မာအာဇီဝတို့ကဲ့သို့ အများသုံး ပါဠိစကားလုံးများလည်း သုံးပါသည်။ သာသနာသုံး အရဗီဝေါဟာရ အများဆုံး ပါဝင်ပါသည်။ ဂန္တ၀င်စကားပြေမျိုးဟု ဆိုနိုင်ပါသည်။
ဆရာသည် ၁၉၃၁-ခုတွင် မြေထူးသခင်ကြီးလေးပါး ရှဟိဒ်ဖြစ်ရာ အရပ်သို့ အရောက်သွားသည်။ လေ့လာကြည်ညိုပြီး သောက ပွားသည်။ နောင်အစဉ်တည်တံ့စေရန် တံတိုင်းခတ်ပြီး ကမ္ဗည်း ထိုးရန် တိုက်တွန်း နှိုးဆော်ခဲ့သည်။ အဆိုပါအကြောင်းကို သမာဇီဝများကို လှီးစားခြင်း သုစာရိတဖြစ်ကြောင်း စာအုပ်တွင် တင်ပြထားသည်။
ဆရာသည် ခေတ်ပျက်ချိန်ကာလ ၁၉၄၁-ခုနှစ် ရွှေဘိုမှ မန္တလေးသို့ အပြန်စစ်ကိုင်းမြို့တွင် ပလိပ်ရောဂါဖြင့် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသည်။ သင်ကြားရေး၊ စာပေပြုစုရေး၊ ထုတ်ဝေဖြန့်ဖြူးရေး လုပ်ငန်းများနှင့် အသင်းအဖွဲ့တာဝန်များကို ကြိုးပမ်းနေစဉ်အတွင်း အမိန့်တော် ခံရရှာသဖြင့် အားထားသူများက အိုလမာအသင်းအတွက် သာမက တိုင်းရင်းမွတ်စလင်များအတွက်ပါ နစ်နာဆုံးရှုံးမှုကြီး ဖြစ်သည်ဟု နှမြောတသကြပါသည်။ ။
မှတ်ချက်- ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
Comments