မေ ၂၈၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် တို့မှ ပူးပေါင်းပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ပြည်သူများမှ လက်မှတ်ရေးထိုးဆန္ဒထုတ်ဖော်မှုများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ မေလ ၂၇ ရက်မှ စတင်ကာပြုလုပ်လျက်သည်။
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် သပြေကုန်း ရပ်ကွက်ရှိ NLD ပါတီမှ ဘဏ္ဍရေးမှူး ဦးသိန်းမြင့်က “ဒီနေ့နဲ့ မနေ့က လက်မှတ်ရေးထိုးတဲ့လူတွေ ၃၀၀ ကျော် လောက် ရှိသွားပြီ များသောအားဖြင့် ဒီရပ်ကွက်က လူအများစု လက်မှတ်ထိုးကြပါတယ်။ လမ်းသွားရင်နဲ့တွေ့တဲ့ လူတွေလည်း ၀င်လာပြီး လက်မှတ်ထိုးသွားကြတယ်” ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ တစ်နိုင်ငံလုံးလက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ခြင်းကို မေလ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်နေ့အထိ ၅၄ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပါသည်။ မေလ ၂၈ ရက် နေ့က နေပြည်တော် ဥတ္တရ သီရိမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မှ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
လက်မှတ်ရေးထိုးသူများသည် အသက် ၁၈ နှစ်ပြည့်ပြီးသူများ နှင့် စိတ်ပေါသွပ်သူ များမဟုတ်သူဖြစ်ရမည်ဖြစ်ပြီး လတ်မှတ်ရေးထိုးသူများသည် အမည် မှတ်ပုံတင် နေရပ် လိပ်စာတို့နှင့် တကွ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ ဟောပြောပွဲများကို ပြုလုပ်လျက်ရှိသည်။
Comments