မေ ၂၉ ၊ ၂၀၁၄
M-Media
– အမေရိကန်နှင့် အနောက်နိုင်ငံများမှ အာဏာပိုင်များကို မိတ်ဆွေဖွဲ့၍ လျှိ့ဝှက် စုံစမ်းထောက်လှမ်းရန် အတွက် အီရန်ဟက်ကာများက Facebook အကောင့် အတုများကို ပြုလုပ်ခဲ့သည်ဟု အင်တာနက် လုံခြုံရေး ကုမ္ပဏီ ISight Partners က ပြောကြားလိုက်သည်။
အဆိုပါ ဟက်ကာများမှာ ဟန်ဆောင်ထားသော Profile ဖော်ပြချက်များဖြင့် လူကြိုက်များအောင် ဖန်တီးကာ မိတ်ဆွေများဖွဲ့ခဲ့ပြီး ၎င်းတို့၏ ပစ်မှတ်မှာ အမေရိကန် ရေတပ်ဗိုလ်ချုပ်၊ နိုင်ငံရေးသမားများ၊ သံအမတ်များ၊ ၀ါဒဖြန့်သူများ ယူကေနှင့် ဆော်ဒီအာရေဗျနိုင်ငံ အပါအ၀င် အခြားသောနိုင်ငံများမှ အာဏာပိုင် များလည်း ပါဝင်သည်ဟု ယုံကြည်ရကြောင်း အဆိုပါ ကုမ္ပဏီ၏အဆိုအရ သိရသည်။
သို့သော်လည်း မည်သူမည်ဝါမှာ ထောက်လှမ်းခံခဲ့ရပြီး မည်သည့်အချက်အလက်များ ခိုးယူခံခဲ့ရသည်ကို ပြောဆိုရန် ISight Partners က ငြင်းဆိုခဲ့သည်။
“တကယ်လို့ ဒီလိုလုပ်တာ တော်တော်ကြာနေပြီဆိုရင်တော့ သူတို့အောင်မြင်ခဲ့တာ ထင်ရှားနေပါပြီ” ဟု အဆိုပါ ကုမ္ပဏီ၏ အမှုဆောင် တစ်ဖနီဂျုံးက ပြောကြားခဲ့သည်။
အီရန်ဟက်ကာများမှာ newsonair.org ၀ဘ်ဆိုဒ် ၊ ကာကွယ်ရေး ကန်ထရိုက်တာနှင့် အခြားသော အဖွဲ့စည်းများတွင် အလုပ်လုပ်သည်ဟု ဖော်ပြထားသည့် အကောင့်အတုများဖြင့် အနည်းဆုံး ၂၀၁၁ ခုနှစ်ကတည်းက အဆိုပါ ထောက်လှမ်းရေးလုပ်ငန်းကို လုပ်ကိုင်နေသည်ဟု ယုံကြည်ရသည်။
၎င်းတို့မှာ လူပေါင်း ၂၀၀၀ ကျော်နှင့် အဆက်အသွယ်ရှိကာ ရာပေါင်းများစွာအား ပစ်မှတ်ထား၍ ဖြည်းဖြည်းမှန်မှန်ပုံစံဖြင့် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း အီရန်အစိုးရနှင့် ဆက်သွယ်မှုရှိမရှိကိုမှု မသိရဘဲ ထိုအလုပ်များမှာ ရှုပ်ထွေးသောကြောင့် အစိုးရ၏ ထောက်ပံ့မှုရှိမည်ဟု ယုံကြည်ကြောင်း ISight Partners က ထည့်သွင်း ပြောကြားခဲ့သည်။
Ref: Agencies
Comments