ဇွန်လ ၉ ရက်၊ ၂၀၁၄
M-Media
– နိုင်ငံအရှေ့ပိုင်း ခွဲထွက်ရေးသမားများအား တိုက်ခိုက်နေမှုကို ယခုသီတင်းပတ်အဆုံးတွင် ရပ်တန့်သွားမည်ဟု ယူကရိန်းသမ္မတသစ် ပက်ထရို ပိုရိုရှန်ကိုက ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံဆိုင်ရာ ရုရှား သံအမတ်နှင့် ဗီယင်နာတွင်အခြေစိုက်သည့် ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပိုရိုရှန်ကိုက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“တိုက်ခိုက်နေတာတွေကို ဒီတစ်ပတ်အတွင်း ရပ်ပါမယ်။ နေ့စဉ် လူတွေသေနေတာ၊ နေ့စဉ် ယူကရိန်းက ပေးဆပ်နေရတာတွေဟာ ကျွန်တော့်အတွက်တော့ လက်မခံနိုင် စရာပါပဲ။ ဒီလို ရပ်တန့်ဖို့ ကျွန်တော်တို့ဟာ ယူကရိန်းနယ်စပ်တွေကို ပြန်ထိန်းသိမ်းရမှာဖြစ်ပြီး ဒါမှသာ ယူကရိန်း ပြည်သူတိုင်းရဲ့ လုံခြုံမှုကို အာမခံပေးနိုင်မှာပါ” ဟု သမ္မတ ရုံးဝဘ်ဆိုဒ်တွင် လွှင့်တင်ထားသော အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
လွန်ခဲ့သည့် သီတင်ပတ် ၈ ပတ်ကပင် ယူကရိန်းအရှေ့ပိုင်း၌ မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ပြီး ရုရှားလိုလားသူ ခွဲထက်ရေးသမားများက ဒေသအချို့အား လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် ကြေညာခဲ့သည်။
ပိုရိုရှန်ကို သမ္မတဖြစ်လာပြီးနောက် ထိုခွဲထွက်ရေးသမားများကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ပြီး ၎င်းတို့သိမ်းပိုက်ထားသည့် ဒေသအချို့ကိုလည်း ပြန်လည် သိမ်းယူနိုင်ခဲ့သည်။ ခွဲထွက်ရေး သမားများတွင် ရုရှားနိုင်ငံသားများလည်း ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
Agencies
Comments