ဇူလိုင် ၃ ရက်၊ ၂၀၁၄
M-Media
.သီဟ
. နိုင်ငံသားများ အကြား အမုန်းတရားပွားစေမယ့် အပြုအမူ၊ အပြောအဆို အရေးအသားများကို ရှုတ်ချဆန့်ကျင်မှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပုံမှန်ပြုလုပ်နေကြဖြစ်တဲ့ ရေဒီယိုမိန့်ခွန်းမှာ အောက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
” ကျွန်တော်တို့ တိုင်းပြည်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဒီလို နိုင်ငံမျိုးမှာ နိုင်ငံသား အားလုံး အနေနဲ့ တစ်ဦးနဲ့ တစ်ဦး သဟဇာတ ရှိရှိ နေထိုင် ပူးပေါင်းဆောင်ရွက်နိုင်မှာသာ တိုင်းပြည်အတွင်းမှာ တည်ငြိမ်အေးချမ်းမှုများရှိပြီး လက်ရှိ ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒိလို အောင်မြင်နိုင်ဖို့အတွက် တိုင်းပြည် အတွင်းမှာရှိတဲ့ ပြည်သူများ အကြားမှာ မုန်းတီးမှုဖြစ်ပွားစေမယ့် ပြုမှုပြောဆိုရေးသားမှုများနဲ့ လှုံဆော်မှုများကို ရှောင်ရှားကြဖို့ တိုက်တွန်းအပ်ပါတယ်။ နိုင်ငံသား အချင်းချင်း ၊ တိုင်းရင်းသား အချင်းချင်း အမုန်းတရားတွေ ကြောင့် စည်းလုံး ညီညွတ်မှု ပျက်ပြားပြီး ပြည်သူတွေ ဒုက္ခမျိုးစုံ တွေ့ကြုံနေကြရာကို ကမ္ဘာ့ဖြစ်စဉ် ဖြစ်ရပ်များ သက်သေပြနေပါတယ်။ ဒါကြောင့် နိုင်ငံသားများ အကြား အမုန်းတရားပွားစေမယ့် အပြုအမူ၊ အပြောအဆို ၊ အရေးအသား များကိ ကျွန်တော်တို့ လူအဖွဲ့အစည်းအနေနဲ့ ရှုတ်ချ ပြစ်တင် ဆန်ကျင်ကြရမှာလည်းဖြစ်ပါတယ်။”
လက်တလော မန္တလေးမြို့တွင် ဖြစ်ပေါ်နေသည့် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ဖြစ်ပေါ်နေစဉ် သမ္မတ ဥိးသိန်းစိန်မှ ယခုကဲ့သို့ သတိပေး ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မိထ္ထီလာ၊ လားရှိုး၊ ဥက္ကံ၊ လှည်းကူး စတမြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံသား မွတ်စလင်တို့ကို အကြမ်းဖက်မှုတွေဟာ လကုန် ပိုင်းရက်များနှင့် လဆန်းပိုင်းရက်များတွင် ဖြစ်ပွားခဲ့ပြီး သမ္မတရဲ့ ရေဒီယို မိန့်ခွန်းတွင် အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်များနှင့် ဆက်လျဉ်းပြိး ထည့်သွင်းပြောဆိုလေ့ ရှိတာကို လေ့လာတွေ့ရှိရပါတယ်။
Ref: ၃-၇-၂၀၁၄ ကြေးမုံ
ဓါတ်ပုံ- သမ္မတရုံး Website
Comments