ဇူလိုင် ၃၊ ၂၀၁၄
M-Media
– တောင်ဆူဒန်နိုင်ငံတွင်လိုအပ်နေသည့် စားနပ်ရိက္ခာထောက်ပံ့ရေးအတွက် ရန်ပုံငွေများ သီတင်းပတ်အနည်းငယ်အတွင်း မရရှိပါက ငတ်မွတ်ခေါင်းပါးမှုနှင့် ကြုံတွေ့ရမည်ဟု ဗြိတိန် အကူအညီပေးရေး အဖွဲ့ DEC က ယမန်နေ့တွင်သတိပေးခဲ့သည်။
“တောင်ဆူဒန်မှာ ပဋိပက္ခတွေ ဆက်ဖြစ်နေမယ်၊ ပြီးတော့ အကူအညီတွေကိုလည်း ပိုပြီး မပေးနိုင်ဘူးဆိုရင်တော့ ပြည်သူအချို့ဟာ ငတ်မွတ်ခေါင်းပါးမှု ဒဏ်ကို ခံစားရပါလိမ့်မယ်” ဟု ဘေးအန္တရာယ် အရေးပေါ်အကူအညီပေးရေး ကော်မတီ DEC က ပြောကြားခဲ့သည်။ အဆိုပါ ကော်မတီမှာ အကူအညီပေးရေးအေဂျင်စီ ၁၃ ခု ပါဝင်ဖွဲ့စည်းထားသည့် ကော်မတီဖြစ်သည်။
ဆူဒန်နိုင်ငံမှ မကြာသေးမီးက ခွဲထွက်ခဲ့သည့် တောင်ဆူဒန်နိုင်ငံတွင် သမ္မတ ဆာလ်ဗာ ကီရ်ကို သစ္စာခံသူများနှင့် အတိုက်အခံခေါင်းဆောင် ရိက်မာချာကို သစ္စာခံသူများ အကြား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာမှ စတင်ကာ ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လူပေါင်း ၁.၅ သန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
နိုင်ငံအတွင်းရှိ အိမ်ထောင်စုများ၏ ၂၀ ရာခိုင်နှုန်းမှာ အစားသောက် ဆိုးရွားစွာ ပြတ်လတ်မှုကို ကြုံတွေ့နေပြီး၊ ပြည်သူ ၃၀ ရာခိုင်နှုန်းမှာ အဟာရချို့တဲ့နေသည်။ ထို့ပြင် လူတစ်သောင်းတွင် ၂ ဦးမှာ နေ့စဉ်သေဆုံးနေသည်ဟု ကုလ၏ ထုတ်ပြန်မှုများအရ သိရသည်။
တောင်ဆူဒန်တွင် စားနပ်ရိက္ခာထောက်ပံ့ရန် လိုအပ်ငွေ၏ ၄၀ ရာခိုင်နှုန်းမှာ UN တွင်ရှိနေသော်လည်း ဒေါ်လာ ၁ ဘီလီယံ ကျော်လိုအပ်နေသည်။
Comments