ဇွန် ၉၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ အစိုးရသစ်တက်လာပြီးသည့်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဦးစီးကျင်းပသည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲအား သြဂုတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုပြိုင်ပွဲတွင် ပေးပို့ပြိုင်ပွဲနှင့် လက်တွေ့ပြိုင်ပွဲဟူ၍ နှစ်မျိုးခွဲထားပြီး ပြိုင်ပွဲများကို မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်နှင့် အလွတ်တန်း ဟူ၍ ငါးတန်း ယှဉ်ပြိုင်နိုင်ရန် သတ်မှတ်ထားရာ မည်သူမဆို လွတ်လပ်စွာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
“အနာဂတ်လူငယ်တွေကို မြေထောင်မြှောက်ပေးချင်လို့ ယခုလိုပြိုင်ပွဲတွေ ပြုလုပ်ပေးရတာဖြစ်တယ်။ ဆုတွေကိုလည်း ထိုက်ထိုက်တန်တန်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှ ဌာနမှူး ဦးချိုထွန်းအောင် ကဆိုသည်။
ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်စေလိုကြောင်း၊ အခက်အခဲများစွာကို ဖြတ်ကျော်ပြီးမှ ယခုကဲ့သို့ ပြိုင်ပွဲကိုပြုလုပ်ရခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်ကြပြီး ပြည်သူများကိုလည်း ထိုပန်းချီ၊ ကာတွန်း၊ ပိုစတာပြပွဲအား လွတ်လပ်စွာ ကြည့်ရှုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ယင်း ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲတွင် ပန်းချီအကဲဖြတ်ဒိုင်အဖြစ် ၅ ဦး၊ ပိုစတာအကဲဖြတ်ဒိုင်အဖြစ် ၅ ဦး၊ ကာတွန်းအကဲဖြစ်ဒိုင်အဖြစ် ၆ ဦးအဖြစ် ပညာရှင်များမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“အခုလို မြို့တော်စည်ပင်က ကျင်းပမယ်ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံးကပါ ၀ိုင်းဝန်ကူညီပေးမယ်ဆိုပြီး ဒိုင်အဖြစ်ပါဝင်ခဲ့တာပါ။ ကလေးတွေပါ ပါဝင်ရမယ်ဆိုတော့ အရမ်းကောင်းပါတယ်။ ပန်းချီကားကို လှပအောင်ချယ်မှုန်းနိုင်သလို သူတို့တွေရဲ့ဘ၀ကိုလည်း လှပအောင် ချယ်မှုန်းနိုင်တဲ့ အတွေးတွေဝင်လာနိုင်ပါတယ်။ ဒါကြောင့် ပန်းချီပညာကို ကျောင်းတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့်သင်သင့်ပါတယ်” ဟု မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး မှ အတွင်းရေးမှူး ဦးဇော်ဝင်း (အင်းဝ) က သုံးသပ်ပြောကြားသည်။
ပေးပို့ပြိုင်ပွဲအား သြဂုတ်လ ၁၁ ရက်မှ ၁၅ ရက်နေ့ထိ မြို့တော်ခန်းမသို့ ပေးပို့ရမည်ဖြစ်ပြီး လက်တွေ့ပြိုင်ပွဲအတွက် “မြို့တော်သာာလှပရေး သစ်ပင်ပန်းမာန် စိုက်ပျိုးပေး”၊ “မြို့တော်သန့်ရှင်းလှပဖို့ အားလုံးပါဝင်ဆောင်ရွက်စို့”၊ “ကျန်းမာပျော်ရွှင် ရန်ကုန်မြို့တော်တစ်ခွင်” ဟူသည့် ခေါင်းစဉ်သုံးမျိုးကို မဲနှိုက်ပြီး သြဂုတ်လ ၁၇ ရက်နေ့တွင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
Comments