ဇူလိုင် ၁၂ ၊ ၂၀၁၄
M-Media
.ရေးသူ- ညီသွေး
ဒုတိယ မိတ္ထီလာ (သို့) တစ်ကျော့ပြန် သွေးမျက်ရည်ကျ နေ့ရက်များ မန္တလေး နေပြည်တော်ကြီးအပေါ်သို့ ရုတ်တရက် ကျရောက်လာခဲ့သည်မှာ ပဉ္စလက် ဆန်းလွန်းလှသည်။ ဖြစ်စဉ်ဖြစ်ရပ်များက မိတ္တူကူးထားသလို တစ်ပုံစံတည်း ရဲအရေးပိုင် သာမန်အမှုတစ်ခုကို အမျိုးဘာသာ အကြောင်းပြ ဆူပူအုံကြွမှုတွေဖြစ်၊ ကနဦး ဆူပူအော်ဟစ်ဆဲဆို စုဝေးမှုတွေကို မြန်မြန်ဆန်ဆန် အရေးမယူ၊ ရဲတပ်ဖွဲ့ဝင်တွေက “ရပ်ကြည့်သွား” အဆင့်ကမတက်။ ပြီးနောက်တော့ ထုံးစံအတိုင်း တဖြည်းဖြန်းနဲ့ အစားပြန်မရတော့သည့် လူသတ်မှုတွေကို မီးရှို့မှုတွေအထိ၊ လူလယ်ခေါင်၊ လမ်းလယ်ခေါင်တွေမှာ ပွဲတော်ကြီးတွေလို ဖြစ်လာသည်အထိ အတင့်ရဲကျူးလွန်လာကြသည်။
တုတ်ကိုင်ရမ်းကား ခဲနှင့်ပေါက်နတာမျိုးတွေကိုတော့ မလိုလားတဲ့ ဆိုးရွားတဲ့ ဖြစ်စဉ်ထိ မရောက်အောင်တော့ စောင့်ကြည့်တာပါ”တဲ့။ နယ်စပ်ရေးရာနဲ့ လုံခြုံရေးကို ၀န်ကြီးတစ်ဦးရဲ့ တရားဝင် နှုတ်ထွက်စကားများ ဖြစ်ပါတယ်။ အဲဒီလို စောင့်ကြည့်နေရင်းနဲ့ပဲ မိတ္ထီလာမြို့ကြီး မီးလောင် ပြာကျခဲ့တာ မဟုတ်လား။ အဲဒီလို စောင့်ကြည့်ရင်းနဲ့ပဲ အပြစ်မဲ့ ပြည်သူတွေ အိုးအိမ်တွေ၊ အထွတ်အမြတ် ၀တ်ကျောင်းတွေ ပျက်ဆီးခဲ့ရပြီ။ ဆူပူအကြမ်းဖက်မှုများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်” ဟု ၈၈ မျိုးဆက်အဖွဲ့မှ ပြောနေပြီ။ အမြဲတမ်း “ကြားနေခဲ့”သော NLD မိခင် ဒေါ်အောင်ဆန်းစုကြည်မှလည်း “ဘာသာရေးကို သုံးပြီး နိုင်ငံရေး လုပ်နေတာကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့လည်း မကိုက်ညီဘူး”လို့ ပြောနေပြီ။ “ဘာသာရေး၊ လူမျိုးရေး၊ အသွင် အကြမ်းဖက် ပဋိပက္ခ ဖန်တီးရန် မြို့ခံမဟုတ်သော အခြားဒေသမှ လူများလာရောက် အကြမ်းဖက်ရန် ကြိုးစားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဦးရဲမြင့်ပြောနေပြီ။ လူ့အဖွဲ့အစည်းကို အန္တရာယ် ကျရောက်စေသည့် လုပ်ရပ်ကို လုံးဝသည်းခံတော့မည် မဟုတ်”ဟု အခုနောက်ဆုံး သမ္မတကြီးက ပြောနေပြီးဘဲ ဘာများ လိုသေးသနည်။ ဆင်ကောင်ကြီး တစ်ကောင်လုံးလည်း မြင်နေရပြီ။ ဆင်ခြေရာလည်း ရှာစရာမလို။ ဆင်ချေးတုံးများပါ တွေ့နေပါပြီဆိုမှ အကောင်အထည်ဖော်ဖို့ ဘယ်အရာတွေ ခက်နေပါလိမ့်ဆိုတာ ပြည်သူလူထုအဖို့ အဖြေမပေါ်သေးတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်စရာပါပဲ။ ဖမ်းဆီးရမိထားတဲ့ လူတွေကို အရေးအခင်းတွေကြားထဲမှာ ကျောင်းသားတွေကို စစ်သလိုများ နည်းနည်း လောက်စစ်လိုက်လျှင်ပင် မြို့ခံမဟုတ်တဲ့ တခြားဒေသ ဆိုသည့်နေ၇ာကို သေသေချာချာ သိရမည်။ မည်သူက ကြိုးကိုင်နေသည်၊ စီမံခန့်ခွဲနေသည်၊ အမိန့်ပေး ညွှန်ကြားနေသည်ကိုလည်း ကွက်ကွက်ကွင်း ကွင်း မြင်ရသည်။
အခုတော့ မပြေးသာ တစ်ရာမှီ၊ ရွှေသမင် ဘယ်ကလွတ် မင်းကြီးတာကလွတ်ရသလို တပည့်မကောင်း ဆရာ့ခေါင်း၊ သားသမီးမကောင်း မိဘခေါင်း၊ ပြည်သူမကောင်း၊ ဆရာ့ခေါင်းဖြစ်လာရသည် မှာ မည်သို့မှ မထူးဆန်းပေ။ လာရာလမ်းက သန်းနှင့်ချီသော လမ်းပေါ်တွင် ဆန္ဒပြနေသည့် လူအုပ်ကြီးကို တစ်ရပ်တည်းနှင့် ရပ်တန့်နိုင်ခဲ့သည့် အာဂ အစိုးရကနေ အရေးအခင်းများတွင် တောက်မည့်မီးခဲ တရဲရဲများကို မီးပွားသေးသေးလေး အရွယ်တွင် မငြိမ်းသက်ပဲ မီးတောက်ကြီး ဟုန်းဟုန်းထမှ စစ်တပ်ကူပါ၊ ကာချုပ်ဝိုင်းပါ လုပ်ရသည့် အခြေအနေ ရောက်အောင်၊ အမြဲ ဖန်တီးနေသည့် အဖြစ်ကလည်း ရိုးအီနေသည့် ပြဇာတ်တစ်ပုဒ်လို ဖြစ်နေပါသည်။ န၀တခေတ်က ရဲစခန်းနားတောင် လူမသိဝံ့၊ မိုးပေါ်ထောင်မယ်ဟု ဆိုသည့်ခေတ်ကို ပြန်လွမ်းရမလို ဖြစ်နေသည်။ မည်သည့်ရန်ပွဲပဲ ဖြစ်ဖြစ်၊ ရဲရောက်လာလျှင် အားလုံး လစ်ကုန်သည်။ ခုတော့ ဒီခေတ်ရေးက ဒီလိုမဟုတ်။ အကြမ်းဖက်သမားတွေကို ရဲက စောင့်ရှောက်သလို ဖြစ်နေသည်။ ငါတို့ကိုပြစ်မှာမဟုတ်၊ မိတ္ထီလာတုန်းကလည်း ပစ်တာမှ မဟုတ်တာဆိုသည့် အတွေးမှာ အကြမ်းဖက်သမားများစိတ်ထဲ မြဲနေပြီဖြစ်သည်လားမသိ။
တစ်သက်လုံး ဘယ်အမျိုးအဆွေ ဘယ်အနှိမ်ခံ အမျိုးသမီးတွေကို မချမ်းသာသည့် လူများကလည်း အခုမှ မျိုးချစ်၊ မျိုးချစ်လုပ်နေသည်ကလည်း မီးလောင်ရာ ဓာတ်ဆီလောင်းသလို ဖြစ်လာပါသည်။ စင်္ကာပူ၊ မလေးရှား၊ ဟောင်ကောင်သို့ အခြေခံသဖွယ် ပို့ဆောင်နေရသော အမေအမတွေကို မချစ်ဘူး၊ နိုကလပ်၊ ကာရာအိုကေ၊ အနှိပ်ခန်းရောက်နေတဲ့ နှမငယ်တွေကို မကာကွယ်ဘူး၊ လူမျိုးခြားနှင့်ဆိုလျှင်တော့ ချက်ချင်းကြီး မျိုးချစ်ပြလိုက်ရသည့် မဆုံးနိုင်သည့် မမုန်းနိုင် ဖော်မြူလာကြီးက ရိုးလွန်း၊ ဟောင်းလွန်းနေပြီ။ နှစ်ဖက် အသိုက်အ၀န်းက လူတွေရဲ့ ဒေါသတွေ၊ အုံကြွမှုတွေကို တဖြည်းဖြည်းနဲ့ မြှူနေ မျှားနေသလို ဖြစ်နေတယ် ဆိုတာ ဖြစ်ခဲ့ပြီးသော၊ ဖြစ်နေစဲသော၊ အထိကရုဏ်းတိုင်း၊ ပဋိပက္ခတိုင်းက သက်သေပါပဲ။ ဒီဖြစ်ရပ်တွေ၊ အမှုအခင်းတွေကြောင့် ပြည်သူလူထုရဲ့ လက်တွဲဆောင်ရွက်မှု စုစည်းညီညွတ်မှု စိတ်ဝမ်း မကွဲမှုတွေနဲ့အတူ ရန်သူကို မျက်ခြေမပျက် စောင့်ကြည့်နိုင်ဖို့ ပိုပို အရေးကြီးလာပါသည်။ ဒီနေရာမှာ လူထုခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ သံဃဦးသျှောင်တွေရဲ့ အခန်းကဏ္ဍက အလွန် အရေးပါသလို ဒီခေါင်းဆောင်တွေနဲ့ အတူ ပြည်သူကပါ ပူးပေါင်းညီညွတ်နေကြမယ်ဆိုလျှင် ဒီအကြမ်းဖက် လှိုင်းလုံးကြီးတွေကို အားပျော့ရပ်တန့်နိုင်အောင် အမြစ်ပြတ်သွားအောင် စွမ်းဆောင်နိုင်ပါလိမ့်မည်။
ပြဿနာတစ်ခု ဖြစ်ပြီးသွားပြီဆိုတာနဲ့ ဘယ်လိုပဲ ပြန်ကောင်းအောင်လုပ်လုပ် ပျက်သွားတဲ့ ကြိုးလေးတွေ ဘယ်လိုပဲပြန်ဆက်ဆက် ဆက်ထုံးကလေးတွေကတော့ ကျန်ခဲ့မှာပဲ။ အဲဒီဆက်ထုံးကလေး တွေ တဖြည်းဖြည်းနဲ့ များများလာပြီး ကြိုးတစ်ချောင်းလုံး၊ ဟိုနေရာလည်း အဆက်၊ ဒီနေရာလည်း အဆက် နဲ့ အချိန်မရွေး ထောင်းခနဲ ဖျက်သွားနိုင်တဲ့ ကြိုးဆွေးသည့် ဘ၀ကို ရောက်နေရှာပါပြီ။ ၂၀၁၅ ဖိုင်နယ်ပွဲကို မရောက်မချင်း ဒီ ၄၊ ၅၊ ၆၊ လအတွင်းမှာ ကွာတားပွဲတွေ၊ စီမီးပွဲတွေ၊ ပွဲကျက်တွေနဲ့ ပြည်သူလူထုအသင်း ဟာ ကြုံရဆုံရဦးမှာပါ။ အလွန်အကျွံ ဖိအားတွေ၊ အင်အားကြီးအသင်းတွေ၊ လုပ်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ လာပါလိမ့်အုံးမယ်။ ကျွန်တော်တို့ ပြည်သူတွေ ခြေစွမ်းကုန် ထုတ်မသုံးလို့ မဖြစ်တော့ပါဘူး။
တစ်ဖက်သတ်နိုင်တဲ့ အ၀ါကပ်တွေ၊ အနီကပ်တွေ၊ လူကျွံဘောတွေ၊ အများကြီးအဖြစ် ရပါလိမ့်ဦးမယ်။ ကိုယ့်အသင်းရဲ့ ရှေ့တန်း တိုက်စစ်မှုးတွေ ဖြစ်တဲ့ အမေစုတို့၊ မင်းကိုနိုင်တို့ ထိခိုက် ဒဏ်ရာ မရဘဲ ပွဲတိုင်းဝင်ကစားနိုင်မှ ဖိုင်နယ်ပွဲကို တက်လှမ်းနိုင်မှာပါ။ ဘယ်သူမှ ကိုယ်နဲ့မဆိုင် အရံထိုင်ခုံမှာ ထိုင်နေချင်လို့ မရတော့ပါဘူး။ တဖက်ပြိုင်ဘက်အသင်းက ညစ်နည်းပေါင်း တစ်ထောင်နဲ့ အနှစ်နှစ် အလလ ဆုဖလားတွေ သိမ်းပိုက်လာနိုင်တဲ့ အသင်း၊ အင်အားအတောင့်တင်းဆုံး အသင်းနဲ့ ကမ္ဘာ့အဖျက်သမား အကောင်းဆုံးတွေနဲ့ အလုံးစုံ နောက်တန်းကို ပိုင်ဆိုင်ထားတဲ့ အသင်းမို့ ဒီဘက်က ကန့်မည့် ပြည်သူလူထုနဲ့ ဒီမိုကရေစီ ဘက်တော်သား အသင်းအနေနဲ့ အဘက်ဘက်က သက်လုံကောင်းနေဖို့ လိုပါတယ်။ ရှေ့တန်းနဲ့ နောက်တန်း ခံစစ်တိုက်စစ် ချိတ်ဆက်မိမိ ညီညီညွတ်ညွတ်၊ ချစ်ကြည်မှု စည်းလုံးမှုတွေနဲ့ ကစားနိုင်မှ တန်ကာကျနိုင်မှာပါ။
မိဝေးဖဝေး၊ ပညာဝေးခဲ့တဲ့ ခြေစစ်ပွဲတွေ လင်ဆုံးသားကွဲ မျက်ရည်လည်ရွဲ အုပ်စုပွဲတွေ အဖိအနှိပ်၊ အရက်အစက်ခံ ဒီပဲယင်းရက်စွဲပတ်လည်ပွဲတွေကို ခက်ခက်ခဲခဲ စစ်ကုန်ထုတ်ပြီး တက်လာခဲ့တဲ့ အသင်းပါ။ ဒီလောက်ရင်းနှီးပေးခဲ့တဲ့ စွန့်လွှတ်ခဲ့ပြီးတော့မှ အခုချိန်မှာ အရှုံးပေးလို့ မဖြစ်တော့ပါဘူး။ အခုချိန် ရှုံးလို့တော့ဖြင့် ပြည်သူပြည်သားတွေရဲ့ သံသရာတစ်ခုလုံး အရှုံးဖြစ်မှာ သေချာ သွားလိမ့်မည်။ နောက်ထပ်အနှစ်(၆၀)လောက် ဖလား လက်မဲ့ဘ၀နဲ့ နေသွားရပါလိမ့်မည်။ တစ်ဖက်အသင်းက အခု PR ဆိုတဲ့ တိုက်စစ်မှုး အကျော်ဇေယျ တစ်ယောက်ကို ခေါ်ယူနိုင်လိုက်ပြီဖြစ်တယ်။ သူကလည်း ခေသူမဟုတ်။ တစ်ချိန်က ဂျာမနီမှာ ဟစ်တလာဆိုတဲ့ ဂျူးမျိုးသုန်းသတ်ဖြတ်ရေး အသင်းကို ဖလားကိုင် မြှောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့သူ။ ဒီတော့ ဟစ်တလာရယ် PR ရယ်၊ မြန်မာနိုင်ငံက ကျားသေကောင်များ အသက်သွင်းပွဲရယ်ဆိုပြီး ဖြစ်လာနိုင်တဲ့ပွဲပါပဲ။
ရခိုင်အရေးအခင်းရှုံးပွဲတွေ၊ မိတ္ထီလာရှုံးပွဲတွေ၊ ပြည်တွင်းစစ်ရှုံးပွဲတွေ၊ ငြိမ်းချမ်းရေး လက်မှတ် မရေးထိုးနိုင်သေးတဲ့ ရှုံးပွဲတွေ၊ အခု မန္တလေးရှုံးမလိုဖြစ်သွားပြီး အချိန်ပိုကျမှ ပြည်သူလူထု ကန်သွင်း လိုက်တဲ့နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့တာကို သင်္ခန်းစာတွေအဖြစ် ယူတတ်မယ်ဆိုလျှင် နောက်ကန်မည့် ပွဲတွေအတွက် အကောင်းဆုံးသော ခံစစ်များကို တည်ဆောက်နိုင်ပါလိမ့်မည်။
လွန်ခဲ့သော (၁၇)နှစ် ခန့်က ကဗျာဆရာ ကိုအောင်ကောင်းမြစ်က ဗျာဒိပ်တစ်ခုကို စာသားတွေနဲ့ အမှန်တရားလို အခုလို အဓိပ္ပာယ်ဖွင့်ဆိုပေးခဲ့ဖူးပါတယ်။
“ယုံကြည်လိုက်ပါ ညီမလေးရယ်
ဘယ်တုန်းကမှ လူရာမ၀င်ပေမယ့် အမှန်တရားဟာ အရိုးခံ ခွေအိပ်နေတတ်တာ
တစ်ကိုယ်လုံး အဆိပ်ပြင်းတွေပွတ်ထ
အလွယ်ချိုးမရတဲ့ ဘောင်ကွဲ့။”
ဝတ္ထုကြိုက်တဲ့ ညနေခင်း ညီမလေး
အောင်ကောင်းမြစ်
(သောင်းပြောင်းထွေလာ၊ နိုဝင်ဘာ ၁၉၉၇)
အခုကောက်နှုတ်ဖော်ပြခဲ့တဲ့ စာသားတွေက အမှန်တရားဆိုတဲ့ အရာကို အကောင်းဆုံး၊ အလှဆုံး၊ အလုံလောက်ဆုံး အနက်အဓိပ္ပာယ် ဖွင့်ဆိုထားချက်တွေပဲ ဖြစ်တယ်။ ဘယ်လိုပဲ လူရာမ၀င်အောင် အမှန်တရားကို ဖုံးအုပ်ဖိနှိပ် ချုပ်ချယ်တားဆီးထားစမ်းပါစေ။ ရှေ့တန်းမရောက်အောင် ဘယ်လောက်ပဲ ချောင်ထိုး အမှောင်ဆိုးထဲ ချထားစမ်းပါစေ။ တစ်နေ့နေ့ တစ်ချိန်ချိန် ကျရောက်လာလျှင် အဲဒီအမှန်တရား ထိန်းမနိုင်၊ သိမ်းမနိုင်၊ ဟုန်းဟုန်းထ နိုးကြွလာမည့် အကောင်အထည်ကြီး တစ်ခုပါ။ ဒီတော့ ကျွန်တော်တို့ ပြည်သူလူထုတွေ ညီညွတ်ခြင်းဆိုတဲ့အားတွေနဲ့ အတူတကွ ကျွန်တော်တို့ရဲ့ တိုက်စစ်မှုးကြီးတွေ ၀န်းရံလို့ ဒီအမှန်တရားကို နိုးလိုက်ကြပါစို့။
အဲဒီနေ့
ကောင်းကင်ဆက်တင် ဆေးသားအမှောင်
ဆက်ထုံးဖြေအောင် ဆွဲဆန့်လိုက်တဲ့ဝါကျနဲ့ ရင်ထဲတလှပ်လှပ်ငို ဇာတ်ဝင်ခန်းကို
ထောင်းကနဲ ဇာတ်သိမ်းမယ်
ဒီဘ၀မှာ ဒီညကို လင်းပစ်ဖို့ ငါတို့မှာ ခက်ဆစ်တွေရှိတယ်။
ညီသွေး
Comments