ဇူလိုင် ၁၇ ၊ ၂၀၁၄
M-Media
.ဆောင်းပါးရှင်- ဦးဦးမှော်ဆရာ
Politicide ဟူသည်မှာ လူ့အဖွဲ့အစည်း တစ်ခုအား လူမှုရေး ၊ နိုင်ငံရေး ၊ စစ်ရေး စသည်ဖြင့် ဘက်ပေါင်းစုံမှ ဖိအားပေးဖြိုခွင်းခြင်းအားဖြင့် ယင်း လူ့အဖွဲ့အစည်းသည် မိမိကြမ္မာ မိမိ ဖန်တီးနိုင်စွမ်း မရှိစေခြင်းငှာ စနစ်တကျနှင့် ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ အသေသတ်ခြင်းမျိုးကို ဆိုလိုပေသည် ။
Politicide ကို မြန်မာမှုပြုလျှင် နိုင်ငံရေးအရ အသေသတ်ခြင်း ဟူ၍ ခေါ်ဆိုရမည်ပင် ဖြစ်သည်။
Politicide ဟူသောခေါင်းစဉ်နှင့်ပက်သက်၍ အိုင်ဒီယိုလော်ဂျီပိုင်းမှ ရေးပါက ပိုမိုရှုပ်ထွေးသွားနိုင်သောကြောင့် စာဖတ်သူများ အလွယ်တကူမြင်သာနိုင်မည့် ကမ္ဘာကျော် အစ္စရေး-ပါလက်စတိုင်းအရေးနှင့် ဥပမာပေး၍ ရေးသားပါမည်။ အစ္စရေး-ပါလက်စတိုင်း အရေးနှင့်ပက်သက်ပြီး ဂဃနဏ မသိသူများကမူ “အစ္စရေးက သူတို့နိုင်ငံကို သူတို့ ကာကွယ်နိုင်ဖို့လုပ်ဆောင်ခြင်းကလွဲပြီး ပါလက်စတိုင်းများကို ဘာများဆိုးဆိုးရွားရွား လုပ်ခဲ့သလဲ” ဟု မေးခွန်းထုတ်နိုင်ပါသည်။ အမှန်တကယ်ပင် အစ္စရေးနိုင်ငံ စတင်တည်ထောင်သည့် ၁၉၄၈ ခုနှစ်မှစ၍ ယနေ့ချိန်ထိ သူတို့နိုင်ငံကို သူတို့ကာကွယ်ဖို့ အတွက်ရော၊ စိတ်ကူးထဲမှ ဂျူးသမ္မတနိုင်ငံ စစ်စစ်အဖြစ် ထူထောင်ဖို့အတွက်ပါ ပါလက်စတိုင်း လူမျိုးများအပေါ်တွင် Politicide ခေါ် နိုင်ငံရေးအရ အသေသတ်ခြင်းကို နည်းလမ်းပေါင်းစုံဖြင့် စနစ်တကျလုပ်ဆောင်ခဲ့ပါသည်လို့သာ ဖြေရပါမည်။ ယခုဆောင်းပါးတွင် အစ္စရေး၏လုပ်ရပ်များ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုသည်ကို ဆန်းစစ်ဝေဖန်လိုသည်မဟုတ်ဘဲ Politicide လုပ်ခြင်းအကြောင်းကိုသာ သီးခြားဖေါ်ပြလိုသော ရည်ရွယ်ရင်းသာဖြစ်ပါသည် ။
Politicide လုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းစေရန် ခေါင်းစဉ်ခွဲ၍ ရေးသားပါမည်။
(၁) လူအဖွဲ့အစည်းတစ်စုအပေါ် Politicide လုပ်ရသည့် အခြေခံအကြောင်းရင်း၊
(၂) Politicide လုပ်ဆောင်ပုံ အကျဉ်းချုပ်၊
(၃) လူအဖွဲ့အစည်းတစ်စုအပေါ် Politicide လုပ်သည့်အခါ ပြည်သူလူထု ထောက်ခံမှုရရှိစေရန် ၀ါဒဖြန့်ပုံ၊
(၁) လူအဖွဲ့အစည်းတစ်စုအပေါ် Politicide လုပ်ရသည့် အခြေခံအကြောင်းရင်း၊
ဤအချက်ကို အရှင်းဆုံးဖြေရလျှင် လူမျိုးရေး၊ ဘာသာရေးအရ ကွဲပြားမှုကိုအခြေခံသည့် မုန်းတီးမှုကြောင့် ဖြစ်သည်။ ထိုမှတဆင့် တက်ကာ ကိုယ့်လူမျိုးသီးသန့်သာရပ်တည်သော ကိုယ်ပိုင်ဟန်ရှိသည့် နိုင်ငံမျိုး ထူထောင်လိုသည့် (ယနေ့ခေတ်အမြင်အရ) အံ့သြစရာ ကောင်းသော လိုလားချက်ကြောင့်ဖြစ်သည်။
ပါလက်စတိုင်းဒေသမှ ဂျူးများအတွက်နယ်မြေအား ကုလသမဂ္ဂဆုံးဖြတ်ချက်ဖြင့် ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် သတ်မှတ်ပေးခဲ့သည်။ သို့ရာတွင် ၁၉၄၈ ခုနှစ်ရောက်သောအခါ ယင်းနယ်မြေမှာ ကုလသမဂ္ဂမှ သတ်မှတ်ပေးထားသည်ထက် များစွာပင် နယ်ကျော်နေပြီဖြစ်သည်။
ထိုစဉ်က ပါလက်စတိုင်းဒေသ တွင် အခြေချနေထိုင်သော ဂျူးတို့၏အမြင်၌ မိမိတို့အတွက် သတ်မှတ်ပေးထားရာ နယ်မြေအတွင်း အာရပ်များ မရှိစေရ ဟူ၍လည်းကောင်း၊ ဂျူးတို့နယ်မြေတွင် မူလရှိနှင့်ပြီးသော အာရပ်နှင့်ပါလက်စတိုင်းများ လူမှုရေးအင်အားစု တစ်ရပ်အဖြစ် လည်းကောင်း၊ နိုင်ငံရေးအင်အားစုတစ်ရပ် အဖြစ်လည်းကောင်း ရပ်တည်နေခြင်းကို လက်မခံနိုင် ကြချေ ။ အစ္စရေးနိုင်ငံ၏ ဒီမိုကရေစီဆိုသည်မှာလည်း ဂျူးလူမျိုးများ အတွက်သာ သီးသန့်ပြဌါန်း ထားသော လူမျိုးရေးခွဲခြားသည့် ဒီမိုကရေစီသာ ဖြစ်သည်။
ဤနေရာတွင်အစ္စရေးနိုင်ငံရေးလောက၌ ရေပန်းစားခဲ့သော အဆိုနှစ်ရပ်ကို ဆွေးနွေးရန် လိုအပ် လာပေသည်။
တစ်အချက်မှာ အစ္စရေးနိုင်ငံရေးသမားများနှင့် ပညာတတ်ပုဂ္ဂိုလ်များ၏ လက်သုံးစကားဖြစ်သော အစ္စရေးနိုင်ငံ မြေပုံပေါ်မှ ပျောက်ကွယ် သွားသည် အထိ ချေမှုန်းခံရနိုင်သည်ဟူသော အန္တရာယ် သတိပေးချက် ဖြစ်သည်။ (အမှန်တကယ်လည်း ရန်သူ အာရပ်နိုင်ငံများ အလယ်တွင် ရပ်တည် နေသော အစ္စရေးနိုင်ငံအဖို့ ထိုသို့သော သတိပေးချက်သည် လွန်ကျူးသည်ဟု မဆိုသာပေ)
ဒုတိယအချက်မှာမူ အစ္စရေးနိုင်ငံအတွင်းရှိ ဂျူးတို့၏လူဦးရေ အချိုးအစားအရ အသာစီးရမှုသည်ပင် အစ္စရေးနိုင်ငံအား ဂျူးနိုင်ငံဖြစ်သည်ဟူသော အမျိုးသားရေးလက္ခဏာဖြစ်ရာ၊ လူဦးရေအချိုးအစား၌ ဂျူးတို့ လျော့နည်းလာသည်နှင့်အမျှ အစ္စရေးနိုင်ငံမှ ဂျူးတို့၏ လူမျိုးရေး စရိုက်လက္ခဏာများ တိမ်းပါးသွားနိုင်သည်ဟူသော အယူအဆဖြစ်သည် ။
ယင်းအချက်နှစ်ချက်ကို ပြန်လည်ပေါင်းစပ်လိုက်သော် အစ္စရေးနိုင်ငံတွင်း၌ ဂျူးတို့၏ လူဦးရေအချိုးအစား လျော့ပါးလာခြင်းသည်ပင် အစ္စရေးနိုင်ငံ လုံးဝ ပျက်သုဉ်းခြင်းသို့ ဦးတည်သွားစေနိုင်သည် ဟူသော ယူဆချက်ဖြစ်သည်။ ထိုအကြောင်းကြောင့်လည်း သိမ်းပိုက်ရရှိသော အာရပ်နယ်မြေ
တစ်ချို့ကို ငြိမ်းချမ်းရေးအတွက်ဟု အကြောင်းပြ၍ ပြန်လည်ပေးအပ်ခဲ့သည်။ အမှန်မှာ ထိုသိမ်းပိုက်ခံဒေသများမှ သန်းပေါင်းများစွာသော ပါလက်စတိုင်းလူမျိုးများကိုပါ အစ္စရေးနိုင်ငံသားများအဖြစ် ထည့်သွင်းခြင်းဖြင့် လူဦးရေအချိုးအစား ကွာခြားသွားနိုင် သောကြောင့်ဖြစ်သည်။
မှတ်သားဖွယ်ရာတစ်ချက်မှာ ယခင်ကတည်းက ပါလက်စတိုင်းဒေသ၌ နေထိုင်လာခဲ့သော ဂျူး လူ့အဖွဲ့အစည်းများမှာ သီးသန့်စီ တည်ထောင်ထား ခဲ့ခြင်းဖြစ်ပြီး ဒေသခံပါလက်စတိုင်းများနှင့် ရောရောနှောနှော မရှိခဲ့ ဟူသောအချက်ဖြစ်သည်။ နောင်တွင် ထူထောင်ကောင်း ထူထောင်နိုင်ဖွယ်ရှိသည့်
ဂျူးနိုင်ငံဆိုသည်ပင် ဂျူးများအတွက်သာ သီးသန့်ဖြစ်ပြီး၊ ယင်းနယ်မြေဒေသအတွင်း မူလထဲကနေထိုင်ခဲ့ကြသည့် ပါလက်စတိုင်းများအရေးကို လုံးဝထည့်သွင်းစဉ်းစားထားခြင်း မရှိချေ။ ဤမျှမက အစ္စရေးနိုင်ငံ မပေါ်ပေါက်မှီကတည်းက ယင်းဒေသတွင် ဂျူးလူမျိုးစုအပြင် အာရပ်လူမျိုးများပါ
အခြေချနေထိုင်ခဲ့သည် ဆိုသည်ကိုပင် လုံးဝလက်မခံနိုင်ဘဲ ကျူးကျော်သူများအဖြစ်သာ ယူဆထားကြသည်။ ဤသည်မှာပင် ယနေ့ပြဿနာများ၏ အခြေအမြစ်ဟုဆိုကောင်း ဆိုနိုင်ပေသည်။
၎င်းတို့၏အယူအဆအရဆိုလျှင် ဂျူးနိုင်ငံတစ်နိုင်ငံ ရှင်သန်လွတ်မြောက်ရေးဟူသည်မှာ နိုင်ငံတွင်းမှဒေသခံ ပါလက်စတိုင်းများကို အမြန်ဆုံး ရှင်းလင်းနိုင်ရေးအပေါ်တွင် မူတည်သည်ဆို၏။ တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ အစ္စရေးစစ်ဦးအရာရှိချုပ် မိုရှေယာလွန်က ပါလက်စတိုင်းတို့အား
ကင်ဆာရောဂါနှင့်တူသည်ဟု ခိုင်းနှိုင်းခဲ့သည်။ ၄င်းပြင် သိမ်းပိုက်နယ်မြေများအတွင်း အစ္စရေးတို့၏ စစ်ရေးအရ လုပ်ဆောင်မှုများအား ကင်ဆာရောဂါသည်များကို ကုသသည့် ကီမိုဆေးသွင်းနည်း (Chemotherapy )နှင့် ခိုင်းနှိုင်းခဲ့သည်။ ၄င်းဆိုလိုသည်မှာ ပါလက်စတိုင်းတို့အား ပို၍ပြင်းထန်သော နည်းလမ်းများဖြင့် ကိုင်တွယ်သင့်သည်ဆို၏။ ဤသည်ကို ထိုစဉ်က ၀န်ကြီးချုပ်ဖြစ်သူ ရှာရွန်ကလည်း ထောက်ခံခဲ့သည်။ ထို့ကြောင့်လည်း အစ္စရေးနိုင်ငံအတွင်းရှိဒေသခံ ပါလက်စတိုင်းတို့မှာ အခွင့်အခါကောင်းနှင့်ကြုံပါက ပြင်းထန်စွာ ဖိနှိပ်ခံရရုံမျှမက နိုင်ငံအတွင်းမှပင် မောင်းထုတ်ခံရမည့် အလားအလာများ ရှိနေပေသည် ။
(၂) Politicide လုပ်ဆောင်ပုံ အကျဉ်းချုပ်
အစ္စရေးနိုင်ငံ၌ ထုတ်ပြန်ခဲ့သော “ဇီယွန်ဝါဒီနှင့်အာရပ်ပြဿနာ စာစောင်၊ “ ဟာဂါနာသမိုင်း ” စာစောင်များတွင် ထိုကာလ အခြေအနေများကို ပြည့်ပြည့်စုံစုံ ဖေါ်ပြထားသည် ။ “ ဟာဂါနာ သမိုင်း ”( Haganah Story) စာအုပ်မှာ အစ္စရေးစစ်ဘက်ပုံနှိပ်တိုက်မှ တရားဝင်ထုတ်ပြန်သော စာစောင်ဖြစ်ပြီး မည်သည့် ဘာသာသို့မျှ ပြန်ဆိုခြင်းမပြုခဲ့ချေ။ ထိုစာစောင်၌ ဂျူးတို့နယ်မြေအတွင်း ပါလက်စတိုင်းတို့အား လူမျိုးရေး သုတ်သင်ရှင်းလင်းမှု ပြုလုပ်ခဲ့ပုံများကို အသေးစိတ် ဖေါ်ပြထားခဲ့သည် ။
ယင်းစာစောင်အရဆိုလျှင် အစ္စရေးတို့ ပထမဆုံးစတင်ချမှတ်ကျင့်သုံးခဲ့သော စစ်အခြေခံသဘောတရားအား “စီမံကိန်း ဒီ”(Plan -D) ဟုခေါ်တွင်သည်။ ဤသဘောတရားကို ထိုစဉ်က အစ္စရေးတပ်မတော် စစ်ဆင်ရေး ဌာန၏ အကြီးအမှုးဖြစ်သော ဗိုလ်ချုပ်ကြီး ယီဂေးလ်ယာဒင်က ရေးဆွဲခဲ့ခြင်းဖြစ်သည်ဆို၏။ အမှန်အားဖြင့် အစ္စရေး လက်နက်ကိုင်တပ်ဖွဲ့များအား ၁၉၄၈ ခုနှစ် မေလ (၃၁) ရက်နေ့တွင်မှ တရားဝင် တည်ထောင်ခွင့် ရရှိခဲ့သည်။ သို့သော်လည်း ယင်း “စီမံကိန်း ဒီ ”ကို ၁၉၄၈ ခုနှစ် မေလ(၁၀)ရက်နေ့တွင် စတင် အကောင် အထည်ဖေါ်နေပြီ ဖြစ်သည်။
ယင်းစီမံကန်း-ဒီ ၌ အောက်ဖေါ်ပြပါတို့အား ရည်မှန်းချက်အောင်မြင်အောင် လုပ်ဆောင်ရမည့် နည်းလမ်းများအဖြစ် ဖေါ်ပြထားသည် –
“မိမိ ကာကွယ်ရေးစနစ်များအတွင်း (သို့) အနီးရှိရန်သူ့အခြေချနေရာများအား တိုက်ခိုက်ခြင်းဖြင့် ၄င်းနေရာများအား ရန်သူများက အခြေခံစခန်းအဖြစ် အသုံးပြုခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ ဤသို့တိုက်ခိုက်ရာ၌ ရွာများအား ပစ်ခတ်ခြင်း၊ဖေါက်ခွဲဖျက်ဆီးခြင်းနှင့် မိုင်းထောင်ခြင်း နည်းလမ်းများကို အသုံးပြုဖျက်ဆီးရမည်။ မိမိတို့ မထိန်းချုပ်နိုင်သော ရွာများအား မိုင်းထောင်ရမည်၊ မိမိတို့ ထိန်းချုပ်နိုင်ရန်အတွက် ရွာများအား ၀ိုင်းဝန်း ပိတ်ဆို့၍ ရှာဖွေခြင်း ၊ ခုခံမှုရှိက တစ်ရွာလုံးကို ဖျက်ဆီးပစ်ခြင်းနှင့် ရွာနေလူထုအား နယ်နိမိတ်၏ ပြင်ပသို့ မောင်းထုတ်ခြင်းတို့ကို ဆောင်ရွက်ရမည်။ ”
ဤအခြေခံသဘောတရားသည် အာရပ်တပ်မတော်များ၏ ထိုးစစ်ကို ကြိုတင်မျှော်မှန်းသည့် အနေဖြင့်ရေးဆွဲထားခဲ့သော စစ်အခြေခံ သဘောတရားသက်သက်အဖြစ် အစပိုင်းတွင်အသုံးပြုခဲ့ရာမှ နောက်ပိုင်းတွင် အစ္စရေးနိုင်ငံအတွင်းမှ ပါလက်စတိုင်းနှင့် အာရပ်တို့အား အပြီးအပိုင် မောင်းထုတ်ဖယ်ရှားပြီး အစ္စရေးတို့အတွက် နယ်ပယ်ချဲ့ထွင်ရာ၌ အသုံးချသည့် နည်းလမ်းများဖြစ်လာသည်။ ပါလက်စတိုင်းတို့ နေထိုင်ရာ ကျေးရွာများကို အတင်း ၀င်ရောက်စီးနင်းပြီး လူများကိုအတင်းအဓမ္မနှင်ထုတ်ခြင်း၊ ခုခံမှုများရှိပါက သတ်ဖြတ်နှိပ်ကွပ်ခြင်း၊ နေအိမ်များကိုဖြိုချ ဖျက်ဆီးပြီး ဂျူးအခြေဆိုက် အိမ်ရာများ ဆောက်လုပ် နေထိုင်ခြင်းဖြင့် ပါလက်စတိုင်းဒေသ၏ နေရာကောင်းများကို တစတစ သိမ်းပိုက်လာခဲ့သည်။ ထို့ပြင် အနည်းငယ်ကျန်ရှိနေသော ပါလက်စတိုင်း ကျေးရွာများ ကိုလည်း ပြင်ပနှင့်အဆက်ဖြတ်ထားခြင်းဖြင့်ပါလက်စတိုင်းလူမျိုးများ ရပ်တည်ရန်ခက်ခဲလာကာ ထိုဒေသမှ စွန့်ခွာ ထွက်သွားစေရန် လုပ်ဆောင်သည်။ နေရပ်စွန့်ခွာ၍ ကမ္ဘာအနှံ့ ပြန့်ကျဲစွာရောက်ရှိနေသော ပါလက်စတိုင်းများနှင့် နှင်ထုတ်ခံရသူများကိုလည်း မူရင်းဒေသသို့ ပြန်လာခွင့်မပြုချေ။ ထို့ပြင်လက်ရှိတွင်လည်း ၁.၅သန်းခန့်ရှိသော ပါလက်စတိုင်းလူမျိုးများ ဒုတိယတန်းစား အစ္စရေးနိုင်ငံသားများ အဖြစ် ရပ်တည်နေရပေသည်။ မဲပေးပိုင်ခွင့် ၊ ဥပဒေ ပြုလွတ်တော်အမတ် ဖြစ်ခွင့်၊ အုပ်ချုပ်ရေးဆိုင်ရာတွင် ပါဝင်နိုင်ခွင့် စသည့် အခွင့်အရေးများကို ပိတ်ပင်ထားခြင်းဖြင့် နိုင်ငံရေးအရ နှိပ်ကွပ်ထားခဲ့သည်။ ထို့ကြောင့်လည်း ပါလက်စတိုင်းဒေသသည် လူမျိုးရေးအရ၊ လူမှုရေးအရ၊ နိုင်ငံရေးအရ ဂျူးနိုင်ငံတစ်ခုအဖြစ် လုံးဝနီးပါး အသွင်ပြောင်းသွားခဲ့သည်။
ထို့ထက်ပိုဆိုးသည်မှာ ဂျူးပိုင်နယ်မြေ၌ အခြားလူမျိုးများ ကင်းစင်ရမည် ဟူသော ဒေသခံ ဇီယွန်ဝါဒီတို့၏လိုလားချက်နှင့်ပါ ဤ“စီမံကိန်း-ဒီ”သဘောတရားက ကိုက်ညီနေခြင်းဖြစ်၏။ ၁၉၄၈ ခုနှစ် စစ်ပွဲမတိုင်မှီ အထိ ဂျူးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများက ပါလက်စတိုင်းတို့ထံမှ
ဝယ်ယူ နိုင်ခဲ့သော မြေပမာဏမှာ ပါလက်စတိုင်းဒေသ တစ်ခုလုံး၏ (၇%) သာ ရှိခဲ့သည်။ သို့အတွက် မြေ၀ယ်မည့်အစား လက်နက်ကိုအသုံးချ၍ လုယူသည့်နည်းသို့ ပြောင်းလဲကျင့်သုံးလာခဲ့ကြသည် ဆိုနိုင်၏ ။ ဤ စီမံကိန်း-ဒီ ၏ ရည်ရွယ်ချက်နှင့် အနှစ်သာရကို သာမာန်ဂျူးလူမျိုးများသာမက
ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့သော ဂျူးစစ်သားများကိုယ်တိုင်လည်း မရိပ်မိဟုဆို၏။ ၄င်းစစ်ပွဲပြီးနောက် နှစ်အတန်ကြာသာအခါ နာမည်ကျော် အစ္စရေးလူမျိုးစာရေးဆရာ ယီဇာဆမီလန်စကီ ဆိုသူရေးသားသော ၀တ္ထုတိုတစ်ပုဒ်၌ အစ္စရေးစစ်သားငယ်တစ်ဦးက အာရပ်ကျေးရွာတစ်ခုမှ
ရွာသူရွာသားအားလုံးကို ထရပ်ကားပေါ်အတင်း အကျပ် မောင်းတင်၍ နယ်စပ်အပြင်ဘက်သို့ တာဝန်အရ ပို့ဆောင်ပေးခဲ့ရခြင်းကို ခံစားရသည့် အဖြစ်အပျက်အား ဖော်ညွှန်းထားသည့်အခန်း ပါလာခဲ့သည်။ ယင်းစာရေးဆရာက ယခုကဲ့သို့ ဂျူးများက အာရပ်တို့ကို အုပ်စုလိုက်ရွှေ့ပြောင်းခြင်း လုပ်ရပ်သည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုးများအား အုပ်စုလိုက်ရွှေ့ပြောင်း၍ သေတွင်းသို့ ပို့ခဲ့သော နာဇီများလုပ်ရပ်နှင့် အတူတူပင်ဖြစ်သည်ဟု ခိုင်းနှိုင်းခဲ့၏။ အမှန်တကယ်အားဖြင့် (၁၉၄၈)ခုနှစ်က ဂျူးတို့ လူမျိုးရေးသုတ်သင် ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်ဆိုခြင်းအား မည်သည့် သမိုင်းပညာရှင်၊ မည်သည့် လူမှုရေးပညာရှင်ကမှ တရားဝင် ထုတ်ဖေါ်ရေးသားခြင်း ပြုကြချေ။
ညအချိန်မတော် အစ္စရေးစစ်သားများက ကိုယ်ပိုင်နေအိမ်အတွင်း အကြမ်းဖက်သမားများအား ရှာဖွေရန်၊ လက်နက်များ ရှာဖွေရန် စသည့်အကြောင်းပြချက်ဖြင့် အတင်းဝင်ရောက်၍ စီးနင်းရှာဖွေမှုများ၌ ရံဖန်ရံခါ တရားမဲ့ ကွပ်မျက်စီရင်ခြင်းမျိုးဖြင့် အဆုံးသတ်လေ့ရှိသည် ။ ဤသည်ကို
သက်သေခံမည့်မျက်မြင်သက်သေပေါင်း ဒါဇင်နှင့်ချီ ရှိသလို ၊ လူ့အခွင့်အရေး အဖွဲ့များ လက်ဝယ်တွင်လည်း သက်သေခံအထောက်အထား များစွာရှိသော်လည်း အစ္စရေးအစိုးရအနေဖြင့် ဤသို့သော လုပ်ရပ်များကို အရေးမယူဘဲထားခဲ့သည်။
ဤသို့ ပါလက်စတိုင်းလူမျိုးများအပေါ် တရားမဲ့ပြုကျင့်မှုများအား အရေးမယူဘဲ ထားခြင်းကပင် ပါလက်စတိုင်းလူမျိုးတို့၏ အသက် အိုးအိမ်စည်းစိမ်သည် အရေးမကြီးပါဟူသောအတွေးမျိုး အစ္စရေးစစ်သားများ၏ ဦးနှောက်ထဲ ရိုက်သွင်းပေးလိုက်သလို ဖြစ်နေသည်။
ထိုသို့ မတရားမှုများခံစားလာရသဖြင့် ပါလက်စတိုင်း လူမျိုးများ လက်နက်ကိုင်ပြောက်ကျား တပ်ဖွဲ့များ ဖွဲ့စည်း ပြီး ပြန်လည် ခုခံတိုက်ခိုက်ခြင်း၊ အခွင့်အရေးရက အကြမ်းဖက် တိုက်ခိုက်ခြင်းများ ပြုလုပ်လာသောကြောင့် အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခံရပြီး နိုင်ငံတကာ၏ထောက်ခံမှု မရရှိတော့ဘဲ နိုင်ငံရေး အရ ရပ်တည်နိုင်ရန် ခက်ခဲလာတော့သည်။ အစ္စရေးနိုင်ငံအတွက်လည်း စီးပွားရေးအရ များစွာ ထိခိုက်ကာ၊ ကျီးလန့်စာစားအခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။ ဤသည်ပင် Politicide လုပ်ခြင်း၏ ရလဒ်တစ်ခုဟုဆိုနိုင်သည်။ ရှင်းရှင်းပြောရလျှင် Politicide လုပ်ခံရသော လူ့အဖွဲ့အစည်းသည် အကြမ်းဖက်သမားများ ပေါက်ဖွားရာ ပင်မအဖွဲ့အစည်း တစ်ခုဖြစ်လာနိုင်ချေများပါသည် ။ ထို့ကြောင့်ပင် ပါလက်စတိုင်း PLO အဖွဲ့ ခေါင်းဆောင် ယာဆာအာရာဖတ်သည် လက်နက်ကိုင်တိုက်ခြင်းကို စွန့်၍ စားပွဲဝိုင်းထိုင်ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးအရ ပြန်လည်ရပ်တည်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပင် ရယူနိုင်ခဲ့ပေသည်။
(၃) လူအဖွဲ့အစည်းတစ်စုအပေါ် Politicide လုပ်သည့်အခါ ပြည်သူလူထု ထောက်ခံမှုရရှိစေရန် ၀ါဒဖြန့်ပုံ၊
အစ္စရေးနိုင်ငံတွင် ဂျူးဘာသာရေးအစွန်းရောက်အမာခံများက ဂျူးတို့၏ဒဏ္ဍာရီထဲမှ ဂျူးဒီးယားနှင့် ဆာမာရီယာအမည်ရှိ အထွတ်အမြတ်နေရာများ (ယနေ့ခေတ် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသ) သည် အစ္စရေးလူမျိုးများ၏ ကိုယ်ပိုင်နယ်မြေများဖြစ်ကြောင်း၊ ပါလက်စတိုင်း လူမျိုးများကနောက်ပိုင်းခေတ်တွင်မှ ကျူးကျော်အခြေချ နေထိုင်လာခြင်း ဖြစ်ကြောင်း၊ တချိန်ချိန်တွင် မိမိတို့၏အမိမြေအား မိမိတို့ပြန်လည် အုပ်စိုးရမည်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်လာရန် ထိုဒေသတွင်အခြေချနေထိုင်နေသော ပါလက်စတိုင်း လူမျိုးများကို မောင်းထုတ် ရမည် ဖြစ်ကြောင်း စသည့် အယူအဆများကို ဂျူးလူမျိုးများ စိတ်ထဲတွင် စွဲမြဲစွာယုံကြည်လာစေရန် ရိုက်သွင်းပေးခဲ့သည်။ အစ္စရေးလူနေမှု အဖွဲ့အစည်းများကိုလည်း အစဉ်အလာဖြစ်သည့် ဟာလာချာ အဆုံးအဖြတ်အရလည်းကောင်း ၊ ရက်ဘိုင်ခေါ် ဂျူးလူမျိုး ဘုန်းကြီးများ၏ အဆုံးအဖြတ်အရလည်းကောင်း ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်လာ၏။ ဤ ဆောင်ရွက်မှုများ၏ နောက်ကွယ်မှ အဓိက တွန်းအားပေးနေသော အကြောင်းအရာမှာ“ဂွတ်ရှ်အီမူနင်” (သစ္စာရှိသူများ အဖွဲ့) အမည်ရှိသော ဘာသာရေးနှင့် အစွန်းရောက် အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုကြီးပင် ဖြစ်သည်။ ဤသို့ဖြင့် ၁၉၇၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ်များ အကြားတွင် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသကို အစ္စရေးကိုလိုနီအဖြစ် ပီပြင်စွာ အကောင်ထည်ဖေါ်တော့သည်။
“ဂွတ်ရှ်အီမူနင်” အဖွဲ့အပါအ၀င် အမျိုးသားရေး၊ လူမှုရေးအမည်ခံ လက်ယာစွန်းရောက်အဖွဲ့များက – “ ပါလက်စတိုင်းတို့၏ မူရင်းနိုင်ငံသည် ဂျော်ဒန်နိုင်ငံ ဖြစ်သည်။”
“ပါလက်စတိုင်းလူမျိုးဆိုသည်မှာ အမှန်တကယ် မရှိ၊ အစ္စရေးနယ်မြေလုယူရန် ဖန်တီးထားသော လူမျိုးနာမည် ဖြစ်သည်”
“ ပါလက်စတိုင်းမြေဆိုသည်မှာ ဘုရားသခင်က ဂျူးလူမျိုးများအတွက် သီးသန့်ပေးခဲ့သောကတိထားရာမြေ (promised land) ဖြစ်သည် ”
စသဖြင့် ပါလက်စတိုင်းများအပေါ် လူမျိုးရေးအရ မုန်းတီးဆန့်ကျင်စိတ်ကို မြှင့်တင်ရန် ပြောင်ပြောင်တင်းတင်း ၀ါဒဖြန့်ခဲ့ကြသည်။ အမှန်မှာ ထိုဒေသ၌ အခြေချနေထိုင်ခဲ့သည့် ပါလက်စတိုင်းလူမျိုး (ဖိလစ်စတင်း) အမှန်တကယ် ရှိကြောင်း၊ ဂျူးများနည်းတူ ရှေးနှစ်ပေါင်းထောင်ချီ၍ အမှန်တကယ် အခြေချနေထိုင် လာကြသူများဖြစ်ကြောင်းကို သမိုင်းဆရာအားလုံးနီးပါးက လက်ခံထား ကြသည်။
ထို့ပြင် လက်ရှိအစ္စရေးနိုင်ငံရှိ ဂျူးလူမျိုးများတွင် ၈၀% ခန့်မှာ ပါလက်စတိုင်းဒေသကို အင်္ဂလိပ်အုပ်စိုးစဉ်က ကမ္ဘာအရပ်ရပ်မှ အစုလိုက်အပြုံလိုက် ၀င်ရောက် အခြေချလာခဲ့သော ဂျူးအနွယ်များသာ ဖြစ်သည်။ ထို့ကြောင့်ပင် ကမ္ဘာ့မည်သည့်အရပ်ဒေသမှ ဂျူးလူမျိုးမဆို ပါလက်စတိုင်းဒေသသည် ဘုရားသခင်ပေးသောမြေဖြစ်သည်ဟု လက်ခံလာစေရန် ဘာသာရေးယုံကြည်ချက်ကို အသုံးချ၍ ၀ါဒဖြန့်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ ဤသို့ဖြင့် အစ္စရေးတို့ သိမ်းပိုက်ထားသော ဂျောဒန်မြစ်အနောက်ဘက်ကမ်းဒေသများသည် ဂျူးဘာသာရေး အစွန်းရောက်သူတို့၏ “အမိမြေ” ဟု သတ်မှတ်ခြင်းခံလာရတော့သည်။ ဂျူးတို့၏ အဓမ္မနယ်ချဲ့ခြင်းသည်ပင် သမိုင်းအစဉ်ဆက်က အမိမြေကိုကာကွယ်ခြင်းဟု အများမြင်လာစေသည်သာမက ဂျူးတို့ကိုယ်တိုင် စွဲမြဲစွာခံယူ လာကြသည်အထိ စည်းရုံးလာနိုင်ခဲ့တော့သည် ။
ဤသို့ အမျိုးသားရေးဝါဒအမည်ခံ ဘာသာရေး၊ လူမျိုးရေးအခြေခံသော အစွန်းရောက်ဝါဒအောင်မြင်လာခြင်းမှာ ၁၉၆၇ခုနှစ် နှင့် ၁၉၇၃ခုနှစ်စစ်ပွဲ အခြေအနေများ၏ နိုင်ငံရေးနှင့်လူမှုရေး ရှုပ်ထွေးမှုအခြေအနေများကို ပြည်သူတို့ နားလည်လက်ခံလာအောင် ရှင်းပြနိုင်သည့် သဘော တရားရေးရာတစ်ရပ် မရှိခဲ့ခြင်းကြောင့်ပင် ဖြစ်သည် ။
ယင်းကဲ့သို့ ပါလက်စတိုင်းကျေးရွာများ ဖျက်ဆီးခံရခြင်း၊ ပါလက်စတိုင်းများ အတင်းအဓမ္မ နယ်မြေပြောင်းရွှေ့ခံရခြင်း နှင့်ပက်သက်၍ အစ္စရေးတို့ဘက်မှ တရားဝင်အကြောင်းပြချက်မှာအာရပ်နှင့်ပါလက်စတိုင်းအထက်တန်းလွှာနှင့် လူလတ်တန်းစားများက မိမိတို့အချင်းချင်း အန္တရာယ်ပြုလာမည်ကို ကြောက် ရွံ့၍ မိမိတို့ဆန္ဒအလျောက် မိမိတို့နေအိမ်များကို ဖျက်ဆီး၍ထွက်ပြေးကြခြင်းဖြစ်ကြောင်း ၊ နောက် တစ်ကြောင်းမှာလည်း အာရပ်ခေါင်းဆောင်များက အစ္စရေးကို ၀င်တိုက်မည့် အာရပ်စစ်ကြောင်းများ အတွက် နေရာဖယ်ပေးသည့် အနေဖြင့် ဒေသခံ အာရပ်ရွာများအား တိမ်းရှောင် ပေးကြရန် မေတ္တာရပ်ခံ၍ဖြစ်ကြောင်း လိမ်လည် သတင်းလွင့်လေ့ရှိသည်။
ကမ္ဘာကျော်ခဲ့သောအဖြစ်ဆိုးတစ်ခုမှာ ၁၉၈၂ ခုနှစ် စက်တင်ဘာ(၁၆)ရက်နေ့တွင် ဆာဘရာနှင့် ရှာတီလာ ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ် နှင့် ပြည်သူ့စစ်များ ပူးပေါင်း၍ ၀င်ရောက်စီးနင်းမှုဖြစ်စဉ်၌ ပါလက်စတိုင်း ကလေးသူငယ်များနှင့် ယောက်ျား၊မိန်းမ၊ စုစုပေါင်း ၂၀၀၀ ခန့်ထိ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည်။ ထို့ပြင် ရိုက်နှက်ညှဉ်းပမ်းမှု ၊ အဓ္ဓမပြုကျင့်မှုများလည်း ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပက်သက်၍ အစ္စရေးအစိုးရက မိမိ၏တာဝန်မဲ့မှုကိုလျော့ပါးစေရန် ယင်းကိစ္စ၏အရေးပါမှုကို မထင်မရှားပြုလုပ်ကာ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနှင့် မကြာမီမေ့ပျောက်သွားလိမ့်မည်ဟု ယူဆခဲ့သည်။ ထိုစဉ်က ၀န်ကြီးချုပ် မီနာခင်ဘေဂင်ကိုယ်တိုင်က “အစွန်းရောက်အချင်းချင်း သတ်ဖြတ်ကြပြီး ဂျူးများအပေါ်အပြစ်ဖို့သည်” ဟု ပြောဆိုခဲ့ရာ ယင်းစကားမှာ ကမ္ဘာကျော်ခဲ့သည် ။
ဤသို့ ပါလက်စတိုင်းလူမျိုးများအပေါ် အပြင်းအထန်နှိပ်ကွပ်မှုများအကြောင်း နိုင်ငံတကာသို့ သတင်းပေါက်ကြားမှုမရှိစေရန် ဒုက္ခသည်မျာဆိုင်ရာ အကူညီပေးရေးအဖွဲ့များ၊ အိုင်အန်ဂျီအိုများစသော နိုင်ငံရေး၊သာသာရေးနှင့် မည်သို့မျှမသက်ဆိုင်သော အဖွဲ့အစည်းများကိုပါ ပြည်တွင်းသို့ လာရောက်ကူညီခွင့် မပြုဘဲ ကန့်သတ်ခဲ့သည်။သတင်းသမားများကိုလည်း စစ်ဆင်ရေးကာလအပြီး အချိန်အတော်ကြာမှသာ များပြား လှသော ကန့်သတ်ချက်များဖြင့် ၀င်ရောက်သတင်းယူခွင့်ပေးခြင်းဖြင့် သတင်းအမှောင်ချခဲ့သည်။နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့များကိုကား လုံးဝလက်မခံခဲ့ပေ။ သို့သော် ၄ သိန်းခန့်ရှိသော အစ္စရေးလူထုက ထိုဖြစ်ရပ်အတွက် သီးခြားစုံစမ်း စစ်ဆေးပေးရန် ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးဖို့အတွက် တဲလ်အဗစ်မြို့၌ ဆန္ဒပြတောင်းဆိုခဲ့သောကြောင့် ဘေဂင်က တရားသူကြီးချုပ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးခဲ့သည်။
ထိုစုံစမ်းစစ်ဆေးရေးကော်မရှင်ကလည်း အစ္စရေးထောက်လှမ်းရေးမှ တင်ပြသော အချက်အလက်များကိုသာ လက်ခံပြီး ထုတ်ပြန် ခဲ့သောကြောင့် ရလဒ်မှာ ဖြစ်ရပ်မှန်နှင့် အလွန်ကင်းကွာခဲ့သည်။ ဤသို့ဖြင့် သာမာန် အစ္စရေးပြည်သူများနှင့် အစိုးရ၀န်ထမ်းများပင် ထိုသို့သော ဖြစ်စဉ်များနှင့် ပက်သက်၍ သတင်းဖြစ်ရပ်မှန်များ မသိစေရန် လိမ်လည်သတင်း ထုတ်ပြန်ခြင်းဖြင့် အဖြစ်မှန်များကို ဖုံးကွယ်ထားခဲ့ပေသည်။ ယခုလို စနစ်တကျနှင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သောကြောင့် ဤလုပ်ရပ် များနှင့်ပက်သက်၍ အစ္စရေးအစိုးရသည် နိုင်ငံသားအများစု၏ ကျေနပ်နှစ်သက်မှု၊ ထောက်ခံမှုကို ရယူ နိုင်ခဲ့ပေသည်။ ( လူမဆန်သော လုပ်ရပ်များနှင့် ပက်သက်ပြီး ထောက်ပြဝေဖန် ဆန့်ကျင်ခဲ့ကြသူ အစ္စရေး နိုင်ငံသား ၁၅%ခန့်သာ ရှိခဲ့သည်။)
ယခုလောက်ဆိုရင်တော့ ကျနော့်ဆောင်းပါးခေါင်းစဉ်ပါ Politicide လုပ်ခြင်းနှင်ပက်သက်၍ ယေဘုယျ သဘော မြင်သာမည်ထင်ပါသည်။ ထို့ကြောင့် ယခုဆောင်းပါးကို အဆုံးသတ်လိုပါသည်။ အစ္စရေးက ပါလက်စတိုင်းလူမျိုးများအပေါ် Politicide လုပ်လာခဲ့တာ အောင်မြင်မှု ရပါသလားလို့ စာဖတ်သူများမေးချင်ကြမှာပါ။ ကျနော်လေ့လာကြည့်သလောက် အချက်အလက်များအရ လုံးဝမအောင်မြင် (သေး)ပါဟု ဖြေပါမည်။ ဘာကြောင့် မအောင်မြင်ဘူးလို့ ဖြေရသလဲဟု ထပ်မေးလာရင်တော့ နောက်ဆောင်းပါး တစ်စောင်ရေးပြီး ရှင်းမှသာ ဖြစ်နိုင်မည်။
နိဂုံး
မိမိတို့၏ ပြုမူဆောင်ရွက်ပုံများက ကမ္ဘာ့အလယ်တွင် မိမိတို့၏ အမျိုးသားရေး ဗီဇလက္ခဏာများဖြစ်လာပါလိမ့်မည်။ အင်္ဂလိပ်လူမျိုးများ၏ အမျိုးသားရေး ဗီဇလက္ခဏာအဖြစ် စည်းကမ်းကြီးခြင်း၊ ကိုယ့်ကျင့်သိက္ခာ စောင့်ထိန်းခြင်း ၊ အချိန်ကိုရိုသေလေးစားခြင်း ၊ ခံစားမှုထိန်းချုပ်နိုင်ခြင်း စသည့်ကောင်းခြင်းများကို ကမ္ဘာ အရပ်ရပ်တွင် ပြောစမှတ် ပြုကြသည်။ ဂျပန်လူမျိုးများ၏ အမျိုးသားရေးဗီဇ လက္ခဏာအဖြစ် မိမိအလုပ်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ကြသူများဟူ၍ ကမ္ဘာကျော်ခဲ့သည်။
အစ္စရေးလူမျိုးများ၏ ဗီဇလက္ခဏာအဖြစ် အခက်အခဲကြားမှ ရုန်းကန်ရှင်သန်နိုင်ခြင်း ၊ အပတ်တကုတ် ကြိုးစားဆောင်ရွက်တတ်ခြင်း စသည့် ကောင်းမွန်သည့် အမျိုးသားဗီဇ လက္ခဏာများရှိလာခဲ့သော်လည်း ပါလက်စတိုင်းများနှင့် ပတ်သက်၍ နိုင်ငံတကာအမြင်နှင့် ဆန့်ကျင်ကာ နှစ်ပေါင်းများစွာ မှားယွင်းသည့် လုပ်ရပ်များကို လူအများစုတသဘောတည်း ၀ိုင်းဝန်းကျူးလွန်ခဲ့သလိုဖြစ်ခဲ့တာကြောင့် လက်ရှိအချိန်တွင် အစ္စရေးလူမျိုးများ၏ ဗီဇလက္ခဏာမှာ တကိုယ်ကောင်းဆန်ခြင်း၊ သူတပါးဥစ္စာပစ္စည်းများကို အချောင်သိမ်းပိုက်လိုခြင်း၊ အတ္တကြီးခြင်း၊ ယုံကြည်စိတ်ချဖွယ် မရှိခြင်း စသည့်အမြင်ဆိုးများအဖြစ် ပြောင်းလဲလာတော့သည်။ အမုန်းကိုကျော်လွန်ပြီး မကြည့်နိုင်ပါက မည်သူကမှ ၀ါဒဖြန့်၊မှိုင်းတိုက်နေစရာပင် မလိုဘဲ မိမိကိုယ်တိုင် အဖြစ်မှန်၊ အခြေအနေမှန်များကို မြင်နိုင်မည်မဟုတ်ပါ။
ထို့ကြောင့် မိမိနိုင်ငံအတွင်း လုပ်ဆောင်နေသော Politicide လုပ်ရပ်များအပေါ် ပြည်သူများကအကောင်းမြင်ကာ မျှော်လင့်ချက်ထားနေပါက မိမိတို့အား နိုင်ငံတကာ အမြင်တွင် လူသားမဆန်သူများ၊ အပြန်အလှန် စေ့စပ်ဆွေးနွေးမှု၊ အပြန်အလှန် ယုံကြည်မှု၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မှု စသည်တို့ကို နားမလည်သူ များအဖြစ် အထင်သေးလာစေမည်။ ထို့ထက်ပိုဆိုးသည်မှာ Politicide လုပ်ခံရသော လူ့အဖွဲ့အစည်းအား အကြမ်းဖက် ကလာပ်စည်း တစ်ခုဖြစ်လာစေရန် တွန်းပို့သလို ဖြစ်နေသောကြောင့် နောင်တချိန် မိမိနိုင်ငံတွင်းမှာရော၊ ဒေသတွင်းမှာပါ လက်စားချေမှုများ၊ အကြမ်းဖက်မှုများ ကူးစက်ကာ အေးချမ်း သာယာသည့် ရွှေပြည်ကြီးကား မျှော်တိုင်းဝေး လျှက်ပင် ရှိနေပေလိမ့်မည် ဖြစ်ကြောင်းပါ..
ဦးဦး မှော်ဆရာ
(၂.၁၁.၂၀၁၂)
မှီငြမ်းစာရင်း –
A Brief Outline of the History of the Palestine-Israel Conflict
The Nakba: Ethnic cleansing and the birth of Israel
Politicide: Netanyahu the Impediment to Peace
Politicide : Ariel Sharon’s War Against the Palestinians by Baruch Kimmerling
Comments