သြဂုတ် ၆ ၊ ၂၀၁၄
M-Media
.ရေးသူ- ကိုရေချမ်း
မြောက်များလှစွာသောလူတွေဟာ ရုပ်ရှင်၊ ၀တ္ထု၊ (သမိုင်းအမည်ခံ)ပုံပြင်ဒဏ္ဍာရီတွေရဲ့ အလိမ်အညာတွေကြားထဲ စီးမျောရင်း နစ်မြုပ်ကုန်ကြတယ်။ ဘ၀တည်ဆောက်ပုံဖော်မှု လမ်းချော်ကုန်တယ်။ ဒါကို မိမိတို့ဖာသာ သတိမမူမိကြဘူး။ မောဟနဲ့ ရှေ့ဆက်မိတဲ့ အခါကျတော့ မိမိတို့ ပုဂ္ဂလရေးရာ သာမက ရံဖန်ရံခါ လူ့အဖွဲ့အစည်းနဲ့ အသိုင်းအ၀ိုင်းကိုပါ ထိခိုက်နစ်နာသွားစေတတ်တဲ့ အန္တရာယ်ရှိကြောင်း သဘောပေါက်ဖို့ လိုပါတယ်။
တချို့က စိတ်ပြေလက်ပျောက် ဖျော်ဖြေရေးသက်သက်လို့ ဆင်ခြေပေးတယ်။ ဖျော်ဖြေရေးလို့ တကယ် သဘောထားနိုင်ရင် အဲ့ဒီအရာတွေကို လက်တွေ့လူ့ဘ၀ထဲ မသယ်ဆောင်လာဖို့ အရေးကြီးပါတယ်။
တချို့က သင်ခန်းစာယူဖို့ဆိုပြီး ဆင်ခြေပေးကြတယ်။ သင်ခန်းစာရယူတယ်ဆိုတာ သရုပ်ဖော်ပြတာနဲ့ ထပ်တူလုပ်ဆောင်ဖို့ ဆိုလိုတာမဟုတ်ကြောင်း နားလည်ထားဖို့ အရေးကြီးပါတယ်။
တချို့ကျတော့ အသိအမြင်ဗဟုသုတအနေနဲ့ သဘောထားကြတယ်။
သိပ်ကောင်းပါတယ်။ များများသိတော့ အမြင်ပိုကျယ်နိုင်ပါတယ်။ သို့သော် အဲ့ဒီအသိကို အကျိုးရှိရှိ အသုံးမချနိုင်ရင်တော့ ပလိုင်းပေါက်နဲ့ ဖားကောက်သလိုပါပဲ။ ဒါ့အပြင် ရလာတဲ့ အသိအမြင်က အစစ်အမှန်လား အတုအယောင်လားဆိုတာ ဆန်းစစ်ပိုင်းခြားဖို့လည်း အရေးကြီးပါတယ်။
အမျိုးမျိုးပေါ့လေ။ ကျနော် ချပြလိုတဲ့ အဓိကအချက်ကတော့ လမ်းခင်းပုံဖော်ထားတဲ့ အဆင်အယင်ထက် ဘာ message ပေးထားလဲ၊ အခြေခံအနှစ်သာရက ဘာလဲဆိုတာကို ခြုံငုံကြည့်မြင်တတ်ဖို့ လိုပါတယ်။ ဒါမှလည်း စဉ်းစားဝေဖန်ပိုင်းခြားမှု မှန်ကန်သွားနိုင်မှာ ဖြစ်ပါတယ်။ ပိတ်ကားထက်က၊ စာရွက်ပေါ်က ဇာတ်လမ်းအားလုံးဟာ လက်တွေ့လူ့ဘ၀ဇာတ်ပွဲနဲ့ အမြဲတစေ ထပ်တူမကျတတ်ပါဘူး။ ထပ်တူကျအောင် အတင်းအဓမ္မ ဇွတ်ပုံသွင်းမယ်၊ ပုံဖော်မယ်ဆိုရင်တော့ မိမိကိုရော မိမိနဲ့ဆက်နွှယ်နေသူ့ဘ၀များကိုပါ ရေရှည်မှာ ထိခိုက်နစ်နာ သွားစေပါမယ်။ ကောင်းကျိုး မဖြစ်ထွန်းဘဲ မကောင်းတဲ့အကျိုးဆက်သာ တိုးပွားလာပါလိမ့်မယ်။
ဒီလောကမှာ လူရယ်လို့ဖြစ်လာရင် လောကဓံကို ကြုံဆုံရတာချည်းပါဘဲ။ လူ့ဘ၀ဆိုတာ စမ်းသပ်ကွင်းပြင် တစ်ခုပါ။ ပြင်းထန်တာနဲ့ ပျော့ပြောင်းတာ – ဒါဘဲ ကွာပါတယ်။ ကြုံကြိုက်ခံစားမှုမှာ တစ်ဦးနဲ့တစ်ဦး တူညီတာရှိသလို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တာရှိပါတယ်။ လူတွေရဲ့ ကျောထောက်နောက်ခံ အခြေအနေ၊ ပင်ကိုယ်စိတ်အခံ၊ ခံယူချက်၊ ကိုယ်ရည်ကိုယ်သွေး၊ ပညာဥာဏ်ရည် စတာတွေအပေါ် မူတည်ပြီး ခြားနားချက် အနည်းနဲ့အများ ရှိနေကြပါတယ်။ အတွေ့အကြုံချင်းဖလှယ်တာဖြစ်စေ၊ ဘ၀သောင်းပြောင်း အထွေထွေအပေါ် ကြည့်ရှုလေ့လာခံစားတာဖြစ်စေ၊ ကောက်ချက်ချတာဖြစ်စေ၊ အကြံပြုလမ်းညွှန်တာဖြစ်စေ တခါတလေ ပေးချင်တဲ့ message က တစ်မျိုး၊ ရသွားတဲ့အကျိုး(အနှစ်သာရ)က တစ်ခြား ဖြစ်သွားတာရှိတယ်။ ဥပမာ – မိမိတို့ရဲ့ယဉ်ကျေးမှုကို တန်ဖိုးထားတတ်အောင် ပုံဖော်တဲ့ message ဖြစ်သော်လည်း ပရိသတ်က အခြားသောယဉ်ကျေးမှုတွေအပေါ် မုန်းတီးရွံရှာစိတ်ဝင်သွားတာမျိုးပါ။
အလားတူစွာဘဲ ပေးသူက မိမိရဲ့ message ကို အပေါ်ယံသကာရည်လောင်းထားတယ်၊ တကယ့်အနှစ်သာရကို လှန်လျောကြည့်ရှုလိုက်တဲ့ အခါ လောက်တက်မစင်တွေ ဖြစ်နေတတ်ကြတယ်။ ဥပမာ – မအ,အောင် သမိုင်းကိုသိရမယ် ဆိုတဲ့စကားနဲ့ သမိုင်းဖြစ်စဉ်တစ်ချို့ကို ဆန္ဒစွဲ အရင်းတည်ပြီး လုပ်ကြံဖန်တီးချက်တွေ၊ မုသားတွေနဲ့အတူ ရောစွက်တင်ပြလိုက်တော့ ပရိသတ်ဖက်က (လိမ်ညာလှည့်စားခံရမှန်း မသိဘဲ) အမှန်လို့မှတ်ယူမိတယ်။ တကယ့်အရှိတရား သမိုင်းအစစ်၊ ဖြစ်စဉ်အမှန်များကို ပစ်ပယ်လိုက်ကြတယ်။ သကာဖုံးမုသားတွေကို ခံယူချက်အဖြစ် အသွင်ပြောင်းသွားစေအောင် ကြံဆောင်တာမျိုးပါ။ ဒီလိုအမျိုးအစားကို ၀ါဒဖြန့်ခြင်းကဏ္ဍတွေမှာ တွေ့နိုင်ပါလိမ့်မယ်။ ကြည့်တတ်ရင် မြင်နိုင်ပါတယ်။
ဒီတော့ ဒီလောကမှာ ဘယ်သူမှရှောင်လွှဲမရနိုင်သော ကံကံ၏အကျိုးတွေ၊ ဆန္ဒစွဲကင်းသော တကယ့်ဖြစ်စဉ်မှန်တွေကို လက်မခံတတ်ဘူး ဆိုရင် “လောကဓံ”အဖြစ်မှ “လောကဒဏ်”အဖြစ် ပြောင်းလဲသွားတတ်ကြောင်း သတိချပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ကိုရေချမ်း
Comments