သြဂုတ် ၂၃၊ ၂၀၁၄
M-Media
– အီတလီတိုက်စစ်မှူး ဘာလော့တယ်လီ၏ အပြုအမူပေါ် မိမိအနေဖြင့် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ထိုအန္တရာယ်အား ရင်ဆိုင်ရန် ပြင်ဆင်ထားသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။
“တစ်ခါတစ်ရံမှာ လူတွေနဲ့ပတ်သက်ပြီး အန္တရာယ်ကို ရင်ဆိုင်ရပါမယ်။ ဒါပေမယ့် ဒီအန္တရာယ်ကိုရင်ဆိုင်တဲ့ အချိန်တိုင်းမှာ အဲဒီအတွက် ဆုလာဘ်တွေ ပြန်ရမှာပါ။ ကစားသမားတွေနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ စည်းကမ်းချက်တွေ ကျွန်တော်တို့အသင်းမှာ ရှိပါတယ်။ ဒါတွေဟာတစ်ဦးတစ်ယောက်ကိုသာ သက်ရောက်မှာ မဟုတ်ဘဲ၊ ကစားသမား အားလုံးအပေါ် သက်ရောက်မှာပါ” ဟု ရော်ဂျာက ပြောကြားခဲ့သည်။
ဘာလော့တယ်လီအား ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ ဖြင့် ခေါ်ယူရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အေစီမီလန်နှင့် သဘောတူညီမှု ရရှိခဲ့ပြီး ယခုလက်ရှိတွင် အန်ဖီးလ်သို့ လာရောက်ကာ ဆေးစစ်မှုများကို ပြုလုပ်နေသည်။
ဘာလော့တယ်လီမှာ ကစားခဲ့သည့်အသင်းများတွင် ဆိုးရွားသည့် မှတ်တမ်းများရှိနေပြီး ရော်ဂျာကမူ မိမိတို့၏ ကောင်းမွန်သော အ၀န်းအ၀ိုင်းကို မည်သူမှ ထိခိုက်အောင် မလုပ်နိုင်ကြောင်း၊ မိမိမထိန်းနိုင်သည့် ကစာသမားကို အသင်းသို့ ခေါ်ယူမည်မဟုတ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
Comments