စက်တင်ဘာ ၁ ၊ ၂၀၁၄
M-Media
-ဆောင်းပါးရှင် – နှင်းဆီခင်
– နှစ်ဆယ့်လေးနာရီရှိတဲ့ တစ်ရက်တာတွင် လူတွေဟာပုံစံမျိုးစုံနှင့် ကုန်ဆုံးနေကြတယ်။ ဒေါသတွေ၊ မောဟတွေ နောက်လည်း မုန်းတီးမှုတွေ ဒါမှမဟုတ် အကြင်အနာ တရားနှင့် ချစ်ခြင်းမေတ္တာ၊ပျော်ရွှင်ကြည်နှုးမှုတွေနှင့်ပေါ့။
လူတိုင်းဟာသူ့ရဲ့သီးခြားခံစားမှုတွေရှိနေတာပေါ့။ တချို့လူနည်းစုတွေကတော့ တစ်ရက်တာကို အဓိပ္ပာယ်ရှိရှိ အပြည့်အ၀ အသုံးချရင်း ကုန်ဆုံးတတ်ကြတယ်လို့ သုတေသန ပညာရှင်တွေက လေ့လာ ဆန်းစစ်ထားကြတယ်။ ယေဘုယျအနေနှင့် လူအများစုကတော့ ခံစားရပေမဲ့ ကြည်နှုးပျော်ရွှင်မှုတွေကို ကိုယ့်ဘာသာ ဖျက်ဆီးပစ်နေကြပါတယ်တဲ့။
ဘာကြောင့်လဲဆိုတော့ သူတို့ဟာ မနေ့ကပြုခဲ့မိတဲ့ အမှားတွေကို တမြည့်မြည့်တွေးရင်း ကိုယ့်ကိုကိုယ် အပြစ်တင်မိနေကြသလို မလာသေးတဲ့အတွက် မနက်ဖြန်မှာကြုံရမဲ့ ဒုက္ခတွေနှင့် အခက်အခဲတွေအတွက် သောက ပိုနေကြပြန်ရော။
ဒါ့အပြင် လတ်တလောကြုံတွေ့နေရတဲ့ အကြောင်းအရာ ဖြစ်ရပ်တွေအပေါ် အသေအချာ ထိန်းသိမ်းဆောင်ရွက်နိုင်စွမ်း မရှိတာကြောင့် အပူပေါ်အပူဆင့်ပြီး အပျော်လေးတွေ ပျောက်ဆုံးနေကြတယ်။ တစ်နည်းပြော ရရင် စိုးရိမ်စိတ်၊ ပူပန်စိတ်တွေနှင့် လုံးချာလိုက်နေတယ်။
တကယ်တော့ လူတိုင်း ပိုင်ဆိုင်ခွင့်ရှိတာဟာ တစ်ရက်အတွက် ၂၄ နာရီအပြည့်အ၀ရှိတယ်။ စီစဉ်တကျကိုင်တွယ် အသုံးချမယ်ဆိုရင်တော့ စိတ်ပင်ပန်း လူပင်ပန်းမှုဒဏ်က ကင်းဝေးစွာ တစ်နေ့တစ်နေ့ ကုန်ဆုံးနိုင်မှာတော့ အသေအချာပါပဲ။ အချိန်ကို စနစ်တကျသုံးစွဲတဲ့အခါ အချိန်တွေပိုတွေရလာမှာတော့ အသေအချာပဲပေါ့။
ဆိုပါစို့ မနက်အိပ်ရာကထဖို့အတွက် နှိုးစက်ပေးပြီးအချိန်သတ်မှတ်ရာမှာ ၁၀မိနစ်လောက်စောပြီး ချိန်ထားပေးပါ။ ဒါဆိုရင် နှိုးစက်အသံကြားကြားချင်း အိပ်ယာကနေ အပြေးအလွှားထဖို့ မလိုတော့ဘူး။ အချိန်ပို ၁၀ မိနစ်အတွင်းမှာ ခြေဆန့်လက်ဆန့်လုပ်ရင်း အသက်ရှုသွင်းထုတ်လေ့ကျင့်နိုင်ပါတယ်။ လက်တွေကို (အိပ်နေတဲ့ အနေအထားမှာ) ခေါင်းနားအထိအပေါ်ဖက်ကို ဆန့်ထုတ်ရင်း အသက်ကိုပြင်းပြင်း ရှုသွင်းရင်းပြီး လက်တွေကို ကိုယ်ခန္ဓာဘေးကို ပြန်ချတဲ့အခါ ခပ်ဖြည်းဖြည်းချင်း ရှုထုတ်နိုင်တယ်။ အချိန်ပို ၁၀ မိနစ်အတွင်း အဲဒိလို အသက်ရှုလေ့ကျင့်ခန်းလုပ်တာဟာ အိပ်နေတာထက်ပိုပြီး ထိရောက်တယ်။ ဒီလိုလေ့ကျင့်မှုက ကိုယ်ခန္ဓာဘေးနံရံကကြွက်သားတွေကို ဆန့်ထုတ်သလိုပါပဲ။
အဲဒီနောက် ညာဘက်ကိုစောင်းအိပ်လို့ ညာလက်ကို ပခုံးပေါ်တင်ထားပြီး အသက်ပြင်းပြင်းရှုသွင်းတဲ့ အခါ လက်ကိုဦးခေါင်းနားဆီသို့ရောက်အောင် ဆွဲယူပါ။ အဲဒီအခါ ခါးအထိကြွက်သားတွေ ဆန့်ထုတ်သလို ခံစားရမယ့်အပြင် နောက်ကျောကြွက်သားတွေကိုလည်း ဆန့်ထုတ်သလိုဖြစ်လာ ပါတယ်။ လေကိုဝအောင် ရှုသွင်းတာဖြစ်လို့ အဆုတ်တွေ သွက်လက်လှုပ်ရှားလာမယ်။ ပြီးရင်ဘယ်ဘက်ကိုပြောင်းပြီးလုပ်ပါ။ ဘယ်ဘက်မှာရှိတဲ့နှလုံးဟာ သန်မာ လှုပ်ရှားလာနိုင်မှာဖြစ်လို့ အကျိုးဖြစ်ထွန်းမှုရှိပါတယ်။
နောက်လေ့ကျင့်မှုတစ်ခုကတော့ အသက်ရှုသွင်းတဲ့အခါ ခြေထောက်တွေကို ဆန့်ထုတ်ပြီး မြှောက်ထားပါ။ အသက်ရှုထုတ်တဲ့ အခါမှ ဖြည်းဖြည်းချင်းပြန်ချပါ။ ဒီလေ့ကျင့်မှုသုံးမျိုးကို အိပ်ယာမှမထခင် နေ့စဉ် လိုလိုလေ့ကျင့် လှုပ်ရှားမယ်ဆိုရင်တော့ လန်းဆန်းတက်ကြွပြီး ကျန်းမာကြံ့ခိုင်စွာ ရှိနေမယ်ဆိုတာ အသေအချာပဲပေါ့။
အိပ်ယာကထတဲ့အခါ တိုက်ရိုက်နိုးထတာမျိုးက ကိုယ်ရောစိတ်ပါထိခိုက်တတ်တယ်ဆိုတာ လက်တွေ့ သိသာနိုင်တယ်။ ရပ်နေတဲ့ကားတစ်စီးကို ဂီယာပြင်းပြင်းနှင့်နှိုးလိုက်သလိုမို့ စိတ်လှုပ်ရှားမှု အပြည့်နှင့် နှိုးထလာမှာပါ။
နှလုံးမှာထိခိုက်ဝေဒနာခံစားရသလို စိတ်ပေါ့ပါးရွှင်လန်းမှုလည်းမရှိဘူး။ ဒါကြောင့် အချိန်ပိုကလေးယူ၊ နားနားနေနေရှိအောင် ကြိုးစားဖို့မမေ့သင့်ပါဘူး။ မနက်ခင်းမှာ စိတ်ကြည်ကြည်လင်လင်နှိုးထခြင်းဟာ တစ်နေ့လုံးစိတ်ကြည်လင် လန်းဆန်းဖို့အလားအလာအများကြီးရှိတာကိုး။
အိပ်ယာကနိုးပြီဆိုတော့ မနက်စာအတွက်စီစဉ်ရပြီပေါ့။ မနက်စာစားရာမှာ ဘာစားတယ်ဆိုတာက ဘယ်လိုပုံစံစားသောက်တယ် ဆိုတာလောက်တော့ အရေးမကြီးလှဘူး။
မနက်စာကိုဘာပဲစားစား ကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင်စားသောက်ဖို့သိပ်ကိုအရေးကြီးတယ်။ ခေါင်းထဲမှာအတွေးတွေအပြည့်နှင့် အစားအသောက်ကို အချိန်ယူစားမနေတော့ဘဲ ကရိုက်ကတိုက်ပြီး စလွယ်စားတတ်တာဟာ အစာချေဖျက်မှု စနစ်ကို ပျက်စီးစေ ရုံသာမက စိတ်ဖိစီး တင်းကျပ်မှုတွေကိုခံစားရမှာတော့ အသေအချာပါ။ ဒါကြောင့် အစားအသောက်ကို အလျင်စလို မစားဘဲ(နည်းနည်းများများ) အစာကြေအောင် အချိန်ယူစားတတ်တဲ့ အကျင့်ရှိဖို့လိုတယ်။ ဒါမှလည်း စားလိုက်သမျှအစားအသောက်တွေဟာ တစ်နေ့တာလှုပ်ရှားရုန်းကန်ဖို့ အားဖြစ်စေ ပါလိမ့်မယ်။ နောက်ပြီး ကြုံတွေ့ရမဲ့ အခက်အခဲတွေ၊ ပြသာနာတွေကို ရဲရဲကြီးရင်ဆိုင်နိုင်မယ့်ခွန်အားကိုပေးတယ်။
ပုံမှန်လှုပ်ရှားလုပ်ကိုင်ခြင်းဟာ လူရောစိတ်ပါအပင်ပန်းပြေစေတဲ့ သဘော။
တစ်နေ့မှာ လုပ်ကိုင်ဆောင်ရွက်ရမယ့် တာဝန်တွေကိုအပြေးအလွှားပြီးအောင်လုပ်နေရသူဟာ စိတ်ဖိစီးမှုတွေတစ်ထမ်းကြီးခံစားရပြီသာမှတ်။ နာရီကိုကြည့်လိုက်တဲ့ အခါ တစ်စုံတစ်ခုလုပ်ဖို့နောက် ကျနေပြီဆိုတာသိလိုက်ရတာနှင့် ကိုယ်ခန္ဓာကြွက်သားတွေဟာ တောင့်တင်းပြီး အထိတ်တလန့်ဖြစ်သွားရော။
အလုပ်သွား၊ ကျောင်းသွား နောက်ကျပြီဆိုတဲ့အသိ ကိုယ့်ကိုကိုယ်နှိပ်စက်နေတယ်။ ဒါကြောင့် အရာရာကို စနစ်တကျ အချိန်သတ်မှတ်ပြီး ကြိုတင်စီစဉ်တတ်သူဟာ အလောတကြီးလုပ်စရာ လုံးဝမလိုဘူး။ အရာရာကို ခပ်အေးအေးနှင့် တည်တည်ငြိမ်ငြိမ်ဆောင်ရွက်နိုင်တယ်။ အလုပ်၊ ရုံး၊ ကျောင်း စတာတွေကို အချိန်မီရောက်တယ်။ သောကမပိုတာကြောင့် အဲဒီတစ်နေ့တာအတွက် စိတ်ဓာတ်တက်ကြွ လန်းဆန်းနေပြီပေါ့။
ငွေကိုစနစ်တကျခွဲဝေသုံးစွဲသလို အချိန်ကိုလည်း စီမံဆောင်ရွက်နိုင်ဖို့လိုတယ်။ ဒါဆိုရင် ကိုယ့်မှာဆောင်ရွက်စရာ တစ်ခုခုပေါ်လာတိုင်း “အချိန်မရှိလို့” ဆိုတဲ့ အကြောင်းပြချက်နှင့် ဆင်ခြေပေးဖို့ မလိုတော့ဘူး။ စနစ်ဇယားလှလှနှင့် အချိန်ကိုခွဲဝေသုံးစွဲမယ်ဆိုရင် တစ်နေ့တစ်နေ့မှာ အချိန်ပိုတွေ ရလာမှာဖြစ်လို့ ကိုယ်ဝါသနာပါရာ၊ ကိုယ့်ဘ၀ တိုးတက်ရာ တစ်ခုခုကို လေ့လာဖို့ အခွင့်အရေးရမှာ အသေအချာပါပဲ။ တစ်ကယ်တမ်းတွေးကြည့်ရင် တစ်ရက်မှာရှိတဲ့ ၂၄ နာရီ (၁၄၄၀ မိနစ်) မှာကိုယ်ပိုင် အနားယူပြီး စိတ်လွတ်လပ်ပေါ့ပါးစွာ နေနိုင်ဖို့ ၁၅ မိနစ်လောက် အနည်းဆုံးမရှိသင့်ဘူးလား။ ဒါဆိုရင်လာမယ့်နေ့သစ်တွေအတွက် စိတ်ဓာတ်ခွန်အားအပြည့်နှင့် ရင်ဆိုင်နိုင်မယ်ဆိုတာ လက်တွေ့ခံစားဖူးသူတိုင်းသိမှာပါ။
တချို့ရှိတယ်။ ဘာလုပ်လုပ် လျင်လျင်မြန်မြန်ကြီးလုပ်တတ်တယ်။ လုပ်ရမယ့်အလုပ်တွေပြီးမှဖြစ်မယ် ဆိုတဲ့အသိစိတ်က တရစပ်နှိုးဆော်နေတာကိုး။ တကယ်တော့ဒါဟာ မှားယွင်းတဲ့လုပ်ရပ်တစ်ခုပါ။ ကိစ္စတိုင်းကို စနစ်တကျတွေး အလျင်စလိုကြီးလုပ်စရာမလို (ဖြည်းနှေးရမယ်လို့မဆိုလိုပါ) မှတ်တမ်းကလေး လုပ်သွားပြီး စိတ်ကို တင်းမထားဘဲ အလိုက်သင့်ပြေလျော့ထားဖို့လိုမယ်။ ဒါမှလည်း အလုပ်ကိုပျော်ပျော်ကြီးအပြီးသတ်နိုင်မှာဖြစ်သလို အလုပ်ကြောင့် ၀န်ပိနေတာမျိုး မခံစားရတော့ဘူးပေါ့။ စိတ်ပူတာ၊ စိုးရိမ်သောကတွေ မရှိခြင်းဟာ ကိုယ်ဆောင်ရွက် ရမယ့် ကိစ္စတိုင်းကို အချိန်လုံလုံလောက်လောက်ယူပြီး ခေါင်းအေးအေး ထားဆောင်ရွက်ခြင်းပဲဖြစ်တယ်။
ညအိပ်ယာမ၀င်ခင်ကတည်းက နောက်တစ်နေ့မနက်အိပ်ယာနိုးလာရင် ဆောင်ရွက်ရမဲ့ကိစ္စတွေကို စီမံစဉ်းစားထားတာ သောကပိုတဲ့သဘော လုံးဝမဟုတ်ပါဘူး။ မိုးလင်းတာနဲ့ ကိုယ့်ရဲ့အစီအစဉ် အတိုင်း ဆောင်ရွက်သွားရုံပါပဲ။ တစ်ခုရှိတာက အိပ်ယာကနိုးလို့ မျက်လုံးဖွင့်လိုက်တာနှင့် ကိုယ်လုပ်ရမဲ့ ကိစ္စတွေက ခေါင်းထဲစုပြုံတိုးဝင်လာ၊ စိတ်ရှုပ်၊ စိတ်ဖိစီးတာမျိုးတော့ မဖြစ်သင့်ဘူး။ ဒါဟာကိုယ့်ဘာသာ စိတ်ပင်ပန်း၊ လူပင်ပန်းအောင်နှိပ်စက်တဲ့ သဘောဖြစ်နေတယ်။ ကြိုတင် စီစဉ်တာနှင့် စိတ်ပူတာဟာ လုံးဝခြားနားတာမို့ ခွဲခြားမြင်ဖို့တော့လိုတယ်လေ။
လူ့သဘာဝအရ နေ့စဉ်ဘ၀မှာ အခက်အခဲတွေ၊ စိတ်ညဏ်စိတ်ရှုပ်စရာတွေ ကြုံကြရသည်ပဲပေါ့။ ဒါတွေအတွက် “စိတ်ညစ်လိုက်တာ” လို့ပါးစပ်ကနေခိုညည်း ညည်းနေလို့ အရာခပ်သိမ်းကာပြေလည် သွားမှာမှမဟုတ်တာနော့။ ဒီတော့ ကြုံလာသမျှမှာ အခက်အခဲတွေဆိုတာရှိရင် ထွက်ပေါက်ဆိုတာလည်း မလွဲမသွေရှိမယ် ဆိုတာကို ရဲရဲကြီးယုံကြည်ထားမယ် ဆိုရင်ပေါ့။ အခက်အခဲတွေ၊ ပြသာနာတွေ အတွက် ခေါင်းခဲနေမယ့် အစား၊ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို တွေးဆတာဟာ နည်းလမ်းကောင်းတစ်ခုပါ။
အလုပ်ကိစ္စတွေဆောင်ရွက်လို့ပြီးစီးတဲ့အခါ၊ အစားအသောက်စားမယ်လို့ စိတ်ကူးတဲ့အခါ မိနစ်ပိုင်းလောက် ကလေးပဲဖြစ်ဖြစ် စိတ်ရောလူပါ အနားယူလိုက်ပါ။
ဒါဆိုရင် စိတ်ကြည်လင်လန်းဆန်းသွားမှာသေချာတယ်။ အဲဒီတော့ စိတ်ဖိစီးမှုတွေက ကိုယ့်ကို အလဲထိုး၊ နှိပ်စက်နိုင်မှာ မဟုတ်တော့ဘူး။
ဘ၀ဆိုတာ အစစအရာရာချောမွေ့အဆင်ပြေနေတတ်တာမျိုးမဟုတ်ဘူး ဆိုတဲ့အသိကို နားလည် လက်ခံထားရင်ပေါ့။ ကြုံပလေ့စေ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပစ်လိုက်မယ်ဆိုတဲ့ ခံယူချက် ရှိလာမယ်။ ၂၄ နာရီ ပတ်လုံးစိတ်သောကရောက်နေမှာ မဟုတ်တာတော့ သေချာတယ်။ ဒီတော့ ဘ၀ကို အလိုက်သင့်ဖြေရှင်းဆောင်ရွက်ရင်း နေပျော်အောင်နေမလား၊ ဒါမှမဟုတ် ၀န်ထုပ် ၀န်ပိုးပိပြီး လေးလံနေတယ်လို့ ယူဆမလား။ ဒါကတော့ စာဖတ်သူရဲ့ ဆန္ဒပေါ့။ ။
နှင်းဆီခင်
Comments