စက်တင်ဘာ ၂ ၊ ၂၀၁၄
M-Media
-မြင့်မိုရ်မောင်မောင် ဘာသာပြန်သည်။
ဘင်ဂျမင် နေတန်ယာဟုဟာ သူ့ရဲ့ပင်မရည်မှန်းချက်တွေဆီ မပေါက်မြောက်နိုင်တော့ပါဘူး။
ရက်(၅၀) ဂါဇာစစ်ပွဲပြီးတဲ့နောက် အစ္စရေးရော ပါလက်စတိုင်းကပါ အနိုင်ရရှိတယ်လို့ ဆိုနေခြင်းမှာ နိုင်ငံရေးအရ၊ ထင်ပေါ်မှုအရသာ ဖြစ်တယ်။ အကျည်းတန် စစ်ပွဲတစ်ခုအပေါ် ထီမထင်ပုံပြခြင်းက နှစ်ဖက်စလုံးမှာဖြစ်ပွားခဲ့တဲ့ ဆုံးရှုံးမှုတွေကို ဖုံးကွယ်လိုက်ခြင်းလို့ ဆိုရပါမယ်။ ဒါပေမယ့် နှစ်ဖက်စလုံးရဲ့ ဆုံးရှုံးမှုပုံစံတွေက မတူညီပါဘူး။ တကယ်တမ်းကျတော့ စစ်နဲ့ အကျိုးဆက်တွေကို ဘယ်လိုသတ်မှတ်ကြသလဲ၊ အဲ့ဒါသာလျှင် သူတို့တစ်တွေရဲ့ဆုံးရှုံးမှုကြားက သိသာတဲ့ ကွာခြားချက်ပဲ ဖြစ်ပါတယ်။
အစ္စရေးဖက်ကဆိုရင် လွတ်လပ်ရေးရပြီးကတည်းက ဒီစစ်ပွဲအတွင်း မဟာဗျူဟာမြောက် စစ်ရေးရည်မှန်းချက်ဖြစ်တဲ့ စစ်တပ်တားဆီးမှု ချည့်နဲ့သွားတယ်။ ဟားမတ်စ်တွေရဲ့ ကြံ့ခိုင်မှုနဲ့ အကန့်အသတ်ရှိစွမ်းရည်က အစ္စရေးကို တုန်လှုပ်သွားစေတယ်။ အရှင်းသား ပေါ်လွင်သွားတာကတော့ အစ္စရေးတို့ဟာ ပါလက်စတိုင်းတွေကို အင်အားအလုံး အရင်းသုံးခြင်း သို့မဟုတ် တအုံတကျင်း လက်တုံ့ပြန်ခြင်းအားဖြင့် ကြောက်လန့်အောင် မလုပ်နိုင်ခဲ့ဘူး၊ အစ္စရေး အတွင်းပိုင်းမှာ လက်တုံ့ပြန်မှုကိုလည်း မတားဆီးနိုင်ခဲ့ဘူး။ ဒါဟာ စစ်တပ်နဲ့ သိမ်းပိုက်မှုအောက်က ဖြစ်လာ ရတဲ့ အကြမ်းဖက် ချိန်ခွင်လျှာ တစ်ခုလို့ အနီးစပ်ဆုံးလို့ ဆိုနိုင်ပါတယ်။
အစ္စရေးမှာ အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ရှိလင့်ကစား ဂါဇာဖက်ကပစ်တဲ့ ဒုံးကျည်များက အစ္စရေးတောင်ပိုင်း လူ့အဖွဲ့အစည်းတွေကို လှုပ်မရအောင် ဖြစ်သွားစေပါတယ်။ ဒါ့အပြင် အစ္စရေးရဲ့ အလယ်ပိုင်းနဲ့ ကမ်းခြေလွင်ပြင်ဒေသများကို ကမ်းမြှောင်ဖက်ကနေ ပထမဆုံး ပစ်မှတ်ထားတာ ခံလိုက်ရပါတယ်။ အလားတူစွာပဲ အစ္စရေးက ဂါဇာကို တရွေ့ရွေ့ကျူးကျော်ချိန်မှာ အကောင်းဆုံးပြင်ဆင်ထားတဲ့ ဟားမတ်စ် တိုက်ခိုက်ရေး သမားတွေက အဆင့်မြင့်လေ့ကျင့်ထားတဲ့ သူ့စစ်တပ်အပေါ် အထက်စီးရခဲ့ပြီး တော်တော်များများကို သတ်ဖြတ်နိုင်ခဲ့ကြတယ်။
အခြားတစ်ဖက်မှာလည်း ပါလက်စတိုင်းတွေဟာ လူသားအရင်းအမြစ်၊ မြို့ပြနဲ့ စီးပွားရေးရာမှာ ကြီးကြီးမားမား ဆုံးရှုံးခဲ့ရတယ်။ အရပ်သားအများစုပါဝင်တဲ့ လူပေါင်း နှစ်ထောင်အထက် သေကြေဒဏ်ရာရရှိပြီး၊ ထောင်နဲ့ချီတဲ့ အိမ်ရာနဲ့စီးပွားရေးလုပ်ငန်းတွေ ပျက်စီးခဲ့ရုံမက နောက်ထပ်လူပေါင်း တစ်သိန်းကျော် အိုးအိမ်မဲ့ဘ၀ ရောက်သွား ရပါတယ်။ ပါလက်စတိုင်း ဒုက္ခသည်တစ်ဦး အနေနဲ့ ဘယ်နှစ်ကြိမ်အထိ ရွှေ့ပြောင်းနေ ရဦးမှာလဲ။ ဂါဇာကထွက်လာတဲ့ အာခံခြင်း ပုံရိပ်တွေနောက်ကွယ်မှာ သွေးနဲ့ မျက်ရည်ပေါင်းများစွာ စီးတွေခဲ့ရတယ်။ ဆက်လက်သွေးချောင်းစီးဦးမှာပါပဲ။ တပြုံတမကြီး သေဆုံး၊ ပျက်စီးမှုတွေ ကြုံရတာကြောင့် ပါလက်စတိုင်းများဟာ မိမိတို့ခံစားနာကြင်ရတာနဲ့အညီ အမျက်ထွက်နေဖို့ များပါတယ်။
ဒီအရာအားလုံးက မေးခွန်းတစ်ခုကို ထွက်လာစေတယ်။ ပါလက်စတိုင်းတွေအပေါ် ဗုံးကြဲခဲ့တာကြောင့် အကောင်းဆုံး အိမ်နီးချင်း အဖြစ် သူ့ဆီ ဘယ်လိုပြန်လှည့်နိုင်စေမှာလဲ ? သူတို့ကလေးငယ်တွေကို သတ်ဖြတ်ခဲ့ခြင်းက သူတို့အပေါ် ငြိမ်းချမ်းနွေးထွေးလာစေမှာလား ?
မြို့ပြနဲ့ ဗျူဟာ
—————
ဒီနေရာမှာ အတိုင်းထက်အလွန် ထူးခြားလာပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒီကာလအဆုံးသတ်ချိန်မှာ အစ္စရေးအဖို့ အဓိအားဖြင့် မဟာဗျူ ကျဆုံးပြီး၊ ပါလက်စတိုင်းတွေအဖို့ မြို့ပြနဲ့ လူထုတွေ ဆုံးရှုံးရတယ်။
“အကြမ်းဖက်မှုအပေါ် စစ်ဆင်ခြင်း”လို့ အမည်ခံထားတဲ့ အစ္စရေးတို့ရဲ့ အကြမ်းဖက်မှုဟာ ယခင်စစ်ပွဲများထဲ ကျွန်တော်တို့မြင်ဖူးသမျှအရာတွေထက် ကျော်လွန်သွားခဲ့တယ်။ လူတိုင်းကို တုန်လှုပ်သွားစေသလို အစ္စရေးပြည်သား အပေါင်းက “သန့်ရှင်းတဲ့တိုက်ပွဲ”လို့ ကြွေးကြော်နေဆဲပါ။
ဂါဇာကလူထုတွေ ထိခိုက်နစ်နာမှုအတွက် အစ္စရေးက ဟားမတ်စ်ကို တစိုက်မတ်မတ် အပြစ်ပုံချခဲ့တယ်။ ပါလက်စတိုင်း လူထုကို လူတံတိုင်းအဖြစ် အသုံးချတယ်လို့ စွပ်စွဲခဲ့တယ်။ သို့သော်၎င်းစွပ်စွဲချက်မှာ အကြီးအကျယ် မှားယွင်းကြောင်း သက်သေဖြစ်ခဲ့ပါပြီ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း အသဲအမဲ ဗုံးကြဲ တိုက်ခိုက်မှုက အစ္စရေးရဲ့ မဟာဗျူဟာမြောက် ရည်ရွယ်ချက်အမှန်ကို ဖွင့်ပြလိုက်ပြီဖြစ်ပါတယ်။ လူထုတွေဟာ သူတို့ရဲ့ခေါင်းဆောင်တွေအပေါ် အယုံအကြည်မဲ့ရေးအတွက် သူတို့ကို ကြီးမားစွာ ဖျက်ဆီး၊ ဒုက္ခပေးလိုက်ခြင်းပါပဲ။ ဒီအရာတွေဟာ မည်သည့် စံချိန်စံညွှန်းနဲ့ ချိန်ထိုးသည်ဖြစ်စေ စစ်ရာဇ၀တ်မှု ထိုက်သက်နေပါပြီ။
ဒါဟာ ဟားမတ်စ်ဖက်က စိတ်ရူးပေါက်လို့ပြောပြော အစီအစဉ်ရှိရှိလို့ပြောပြော အစ္စရေးနိုင်ငံမြို့တွေကို ဒုံးကျည်နဲ့ ပစ်ခတ်တာ အတွက် ဆင်ခြေ ဒါမှမဟုတ် အကြောင်းပြချက် မဟုတ်ပေမယ့်၊ အစ္စရေးဖက်က သက်သက်ညှာညှာ တိုက်ခိုက်လိမ့်မယ်လို့ မျှော်လင့်ဖို့ မဖြစ်နိုင်ပါဘူး။ သိမ်းပိုက်သူနဲ့ သိမ်းပိုက်ခံအကြား တရားနည်းလမ်းမကျတဲ့ တိုက်ပွဲကို တရားနည်းလမ်း ကျကျစစ်ပွဲစံနှုန်းနဲ့ သုံးသပ်ဆုံးဖြတ်လို့ မရပါဘူး။ ရလဒ်အမှန်လည်း ထွက်လာမှာ မဟုတ်ပေဘူး။
ကာရံ မညီသော
—————–
အစ္စရေးအတွက် ဟားမတ်စ်ကို ဆန့်ကျင်တယ်ဆိုပြီး ခြောက်နှစ်အတွင်း တတိယအကြိမ်မြောက် ဂါဇာအပေါ် စစ်ဆင် တိုက်ခိုက်ခြင်း၊ အောင်မြင် စိုးမိုးလိုခြင်းဟာ အဓိပ္ပာယ်မဲ့လှပါတယ်။ ဒီလို စစ်ဆင်လိုက်တိုင်း ဟားမတ်စ်က ပိုမို အားကောင်းလာပြီး ပိုပြီး လူသိများထင်ရှားလာစေပါတယ်။
(၁၉၄၈)ခုနှစ်ကတည်းက သိမ်းပိုက်အောင်နိုင်ရေးကာလရှည်တစ်လျှောက် အစ္စရေးဟာ အောင်ပွဲဘယ်နှစ်ကြိမ် ရခဲ့ဖူးပါသလဲ ? ပါလက်စတိုင်းက အရှုံးမပေးသေးသမျှ သို့မဟုတ် ထွက်ခွာစွန့်လွှတ်မှု မပြုသေးသမျှ အနိုင်မရနိုင်ဘူး ဆိုတာကို သဘောမပေါက်မချင်း နောက်ထပ် ဘယ်နှစ်ကြိမ် တိုက်နေဦးမှာလဲ ?
အစ္စရေးဟာ တစ်ဖက်သတ်စစ်ပွဲတွေကနေ သင်ခန်းစာကောင်းကို မရယူနိုင်ခဲ့ဘူးဆိုတာ ထင်ရှားလွန်းပါတယ်။ အင်အားနည်းသူကို ရေရှည် တိုက်ခိုက်ပြီဆိုရင် အင်အားကြီးသူရဲ့ အမည်ဂုဏ်အင် ကျဆင်းလာရစမြဲဖြစ်တယ်။
တိုင်းပြည်နိုင်ငံများဟာ အများနှစ်လိုတဲ့ငြိမ်းချမ်းရေးရဖို့ စစ်ပွဲတွေ ဆင်နွှဲရပါတယ်။ ဒါပေမယ့် သမိုင်းဝင် ပါလက်စတိုင်းနယ်မြေရဲ့ (၇၈)ရာခိုင်နှုန်းကိုသိမ်းပိုက်ဖြစ်တည်ထားတဲ့ အစ္စရေးနိုင်ငံ ကတော့ ပြဿနာရှာရေး၊ ခေတ်ကာလကို တစ်ဖက်သတ် လက်ဝါးကြီးအုပ်ဖို့ နည်းလမ်းတစ်ရပ်အနေနဲ့ ဆက်လက်တိုက်ခိုက်နေခဲ့တယ်။
အသစ်တဖန် မိတ်ဆက်လာတဲ့ ဒုံးကျည်တွေကို ဥပမာတစ်ခုအနေနဲ့ ကြည့်ကြပါစို့။ တကယ်လို့ ပါလက်စတိုင်းသားတွေက ဂါဇာမှာ စက်ရုံကြီးတွေနဲ့ အဲ့ဒါတွေကို ထုတ်လုပ်နိုင်မယ်ဆိုရင် အနောက်ဖက် ကမ်းမြှောင်ဒေသမှာ အဲ့ဒီအရာတွေကို ပိုမို မထုတ်လုပ်နိုင်အောင် ဘာက တားဆီးရပ်တန့်စေမလဲ ? အဲ့ဒါဟာ အစ္စရေးအမျိုးသားတွေ အားလုံးအဖို့ အန္တရာယ်သစ်များကို ခင်းကျင်းပြသလို ဖြစ်မနေပေဘူးလား၊ သူတို့ခေါ်ဝေါ်လိုတဲ့ အတိုင်း လုံခြုံရေးခြံစည်းရိုး သို့မဟုတ် ခွဲခြားရေးတံတိုင်း ဖြစ်အောင် လွန်လွန်ကျူးကျူး တွန်းပို့သလို မဖြစ်ပေဘူးလား ?
ဘာဖြစ်သွားပြီလဲ
——————-
စစ်ပွဲဆင်နွှဲရေးမှာ ပိုပြီးသတိထားရမယ့်သူ၊ စေ့စပ်ညှိနှိုင်းရေးမှာ သူ့ရှေ့ကလူတွေထက် ပိုသတိပြု အပ်သူလို့ ကျော်စောနေတဲ့ ဘင်ဂျမင် နေတန်ယာဟုက ဟားမတ်စ်ကို အနိုင်ရဖို့၊ အဘ္ဘာ့စ်ကို ချောင်ပိတ်ဖို့နဲ့ အိုဘားမားရဲ့အာရုံစိုက်မှုရဖို့ ဒေသတွင်း ဗျူဟာပိုင်း ပရမ်းပတာဖြစ်နေမှုအပေါ်၊ အီဂျစ်က နှစ်လိုဖွယ် အခြေအနေများအပေါ် အမြတ်ထုတ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ၀မ်းနည်းစရာဖြစ်ရတာကတော့ သူ့ရဲ့ အဓိက ဦးတည်ချက်တွေ တစ်ခုမှ မပေါက်မြောက်ခဲ့ပါဘူး။
ဟားမတ်စ်က နာမည်ကြီးသထက်ကြီးလာ၊ အဘ္ဘာ့စ်ရဲ့ ဟားမတ်စ်နဲ့ ညွှန့်ပေါင်း အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကလည်း အပစ်အခတ် ရပ်စဲမှု ထိန်းသိမ်းရေး အတွက် အရင်ကထက်ကို ပိုပြီးအရေးပါလာပြီးတယ်၊ အိုးဘားမားဖက်ကလည်း ထူးမခြားနား။ ပိုပြီးဆိုးရွားတာက အစ္စရေးရဲ့အပြစ်ရှောင်ခြင်းဟာ ဘာမျှအရာမရောက် (တစ်နည်း) ပါလက်စတိုင်းပြည်သူတွေရဲ့သွေးစက် ပိုမိုကျလေလေ အစ္စရေးရဲ့ပုံရိပ်က ပိုပြီး မှေးမှိန် အရည်ပျော်သွားလေလေ ဖြစ်ရတယ်။
ပြီးတော့ တကယ်လို့များ ပါလက်စတိုင်းပြည်သူတွေ နိုင်ငံတကာရာဇ၀တ်မှုခုံရုံး တက်ခဲ့ရင် အစ္စရေးအပေါ် စစ်ရာဇဝတ်မှုအတွက် ပြစ်တင်ဖို့အကြောင်းက အဓိက သံတမန်ရေးနဲ့ စီးပွားရေးထိုးနှက်မှု ဖြစ်လာနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ မရေရာတဲ့အပစ်ရပ်ရေး စကားဝိုင်းများတစ်ခွင်မှာ သံတမန်ရေးရာ အငြင်းပွားမှုတွေ အစပြုနေပြီဖြစ်တယ်။ စစ်မြေပြင်မှာ သတ်ဖြတ်ခဲ့ခြင်းထက် နှစ်ဖက်စလုံး စေ့စပ်ဆွေးနွေးရေးဖက်ကို စိတ်အားထက်သန်မှု မလျော့ပါးသွားဖို့သာ မျှော်လင့်ထားပါလေ။
အီဂျစ်အစိုးရက ဂါဇာအပေါ် ပိတ်ဆို့ဝိုင်းရံမှု ရုပ်သိမ်းရေးကို သေချာအောင် သမာသမတ်ကျကျ ဆောင်ရွက်ပြုမူလေ မလား၊ သို့တည်းမဟုတ် ဟားမတ်စ် ချည့်နဲ့သွားဖို့ ပိတ်ဆို့မှုတင်းကြပ်ရေးမှာ အစ္စရေးနဲ့ မလည်ရှုပ်လုပ်ကြလေမလား ……. ဆိုတာ စောင့်ကြည့်ရမှာပါ။ အသေအပျောက် အပျက်အစီး အမြောက်အများ ဖြစ်ပြီးတဲ့နောက် လတ်တလောမှာ နှစ်ဆတိုးပြီး လမ်းဟောင်းပြန်လိုက်ဖို့ ထင်ရှားနေပါတယ်။
မတူကွဲပြားတဲ့အဖြေတစ်ခု ရလာမယ်လို့ မျှော်လင့်ပြီး ဒီလမ်းကို ထပ်ပြန်တလဲသွားနေခြင်းဟာ ရူးသွပ်မိုက်မဲခြင်းထက် မပိုပါဘူး။ ဂျေရုဆလင်က ဆိုရိုးစကားအတိုင်း – “အသင်က ရေကို ထပ်ပြန်တလဲ ရိုက်နေရင်လည်း နောက်ဆုံး ကျန်နေရစ်မှာ ရေပါပဲ” လို့သာ ပြောလိုက်ရပါတော့တယ်။
xxxxxxxxxxxxxx
အလ်ဂျဇီးရားသတင်းဌာန၏ အကြီးတန်း နိုင်ငံရေးသုတေသီ Marwan Bishara ရေးသားသော Netanyahu’s miscalculation: Bullish or foolish ကိုယ်ပိုင်အမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။
Comments