စက်တင်ဘာ ၂၁၊ ၂၀၁၄
M-Media
-ဥိးဦးမှော်ဆရာရေးသည်။
ပြည်တွင်းဂျာနယ်တစ်စောင်မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ရဲ့ ခေါင်းစည်းစာသား နဲ့ ကာတွန်း ပုံက အကျင့်ပျက်ခြစားတဲ့ ၀န်ထမ်းတွေ၊ အရာရှိတွေရဲ့လုပ်ရပ်တွေကို မီးမောင်းထိုးပြခြင်းလည်း မမြည်.. တိုင်းပြည်ရဲ့ သယံဇာတတွေကို ၀ါးမြိုနေတဲ့၊ ဓနအားကိုးနဲ့ လူထုအပေါ် ဂုတ်သွေးစုတ်နေတဲ့ ပြည်တွင်းခရိုနီတွေ၊ နိုင်ငံခြားသား အရင်းရှင်တွေကို ဆန့်ကျင်ခြင်းလည်း မဟုတ်တာ သေချာပါတယ်။ ဂျာနယ်ရဲ့ မျက်နှာဖုံးစာသားက `မုတ်ဆိတ်´ ဆိုတဲ့ ပြင်ပသွင်ပြင်သဏ္ဍာန်တစ်ရပ်ကို ဇောင်းပေး တိုက်ခိုက်ထားတဲ့အပြင် ကာတွန်းပုံနဲ့တွဲလိုက်တော့ မြန်မာမိန်းကလေးတွေကိုပါ ၀ါးမြိုနေတဲ့ စက်ဆုပ်စရာ လူမျိုးခြား ဘာသာခြားဆိုတဲ့ sense ကို ပညာသားပါပါ သွပ်သွင်းပေးထားတယ်။
`မုတ်ဆိတ်´ဆိုတဲ့ ပြင်ပသဏ္ဍာန်ဟာ လူဆိုး လူကောင်း ခွဲခြားတဲ့ လက္ခဏာတစ်ရပ်လား..။ ဒါမှမဟုတ် ကိုယ့်လူ သူ့လူ၊ ရန်သူ မိတ်ဆွေ ခွဲခြားသတ်မှတ်မှု ပေတံတစ်ခု လား..။ ဒါမှမဟုတ် မြန်မာနိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်းကို ခွဲခြားတဲ့ နှုန်းစံတစ်ရပ်လား။ အမှန်တော့ ဒါဟာ အောက်တန်းကျကျ တိုက်ခိုက်ခြင်းပါ။ မြန်မာပြည်က ဂျာနယ်တွေရဲ့ ယေဘုယျ အခြေအနေတစ်ရပ်အရ ရောင်းတန်းဝင်ဖို့ လူပြိန်းကြိုက်လုပ်တယ်ဆိုရင်တော့ ကျနော်တို့ လူ့အဖွဲ့အစည်းဟာ ဘယ်လို လူ့အဖွဲ့အစည်းမျိုးလဲဆိုတာ ရှည်ရှည်ဝေးဝေး စဉ်းစားစရာမလိုတော့ဘူး။
ဆောင်းပါးရှင်ကိုတော့ ဘယ်သူမှန်းမသိပေမဲ့ ဂျာနယ်တာဝန်ခံတွေ၊ အယ်ဒီတာဆိုသူ တွေက PP တွေဖြစ်နေတာ သိရတော့ အဲဒီပုဂ္ဂိုလ်တွေကို သနားမိတယ်။ ထောင် မကြောက် တန်းမကြောက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဂါထာမန္တာန်တွေ ရွတ်ဖတ် သရဇ္ဇျယ်နေကြပေမဲ့ သူတို့ကိုယ်တိုင် အမျိုးသားရေးသူငယ်နာ မစင်သေးပါလားလို့ တွေးမိလို့ပါ။ သူတို့ထက်ပိုပြီး မြန်မာပြည်သူတွေကို စာနာမိတယ်။ ပြည်သူတွေ မျှော်လင့်ချက်ထား၊ အားကိုးနေတဲ့ ရှေ့တန်းရောက် (လို့ပြောရမယ့်)လူတွေထဲမှာ အဲဒီလို အတွေးအခေါ် ချွတ်ခြုံကျနေတဲ့ လူတွေ၊ ခံယူချက် သိမ်ဖျင်းကြုံလှီလှတဲ့ လူတွေ၊ အောက်တန်းကျတဲ့ စိတ်ဓါတ် ပိုင်ရှင်တွေ ရောပါနေတာ တွေ့ရလို့ပါ။ ပြည်သူလူထုရဲ့ ခံစားချက်တွေကို ခေါင်းပုံဖြတ်နေတဲ့ ဒီလိုလူစားမျိုးတွေ နိုင်ငံရေးစင်မြင့်ပေါ် တက်ခွင့် ရနေတာဟာ တိုင်းပြည်အတွက်လည်း နစ်နာပါတယ်။
ကျနော် သတိထားမိသလောက် ယဉ်ကျေးမှုမြင့်မားပြီး အဆင့်အတန်းရှိတဲ့ လူ့အဖွဲ့ အစည်းတိုင်းမှာ PC လို့ အတိုကောက်ခေါ်တဲ့ (Political Correctness)ကို တက္ကသိုလ် တွေ၊ စာသင်ကျောင်းတွေက စလို့ မီဒီယာတွေ အဆုံး လူထုကို ပညာပေးနှိုးဆော်နေကြပြီဖြစ်တယ်။ PC ဆိုတာ နိုင်ငံရေးအရ မှန်ကန်တည့်မတ်သော အသုံးအနှုန်းကိုသုံးစွဲတာ၊ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်၊ လူတန်းစား စတာတွေကို အခြေခံပြီးခွဲခြားနှိမ့်ချတဲ့စကားတွေ မပြောစေဖို့ပဲ။ ကျောင်း သင်ခန်းစာတွေ၊ ပြဌါန်းစာအုပ်တွေထဲမှာအဲဒီလို အသုံးအနှုန်းတွေ ရှိမနေဖို့အပြင် စာသင်ခန်းထဲမှာလည်း မသုံးစွဲဖို့ပေါ့။ ပညာရေးကို အဓိကထားရတာတဲ့အကြောင်းက လူ့အဖွဲ့အစည်းတစ်ခုမှာ အိုင်ဒီယိုလော်ဂျီတွေထိထိရောက်ရောက် သွပ်သွင်းပေးနိုင်တဲ့ အကောင်းဆုံးသော အင်စတီကျူးရှင်းဖြစ်နေလို့ပါ။
`ကုလားဖြူ´တို့၊ `ကျည်းကုလား´တို့ ဆိုတဲ့ အသုံးအနှုန်းတွေကို ကျောင်းနေဘ၀ကတည်းက ယဉ်ပါးစေခဲ့တဲ့ မြန်မာပြည်မှာတော့ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေကစလို့ပညာရေးစနစ်ကြီးတစ်ခုလုံးက လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင် နဲ့ လိင် ခွဲခြားမှု တွေကို လှိုင်လှိုင်ထွက်ပေါ် လာအောင် မွေးထုတ်ပေးနေတဲ့ အဓိက အင်စတီးကျူးရှင်းကြီးဖြစ်လို့နေပါတယ်။ အာဏာရှင်ယန္တယားကို အထောက်အပံ့ဖြစ်စေဖို့ တရားသေအယူအဆတွေ၊ ဦးနှောက်သေတွေ ဖြစ်လာအောင် အစွမ်းကုန်ရိုက်သွင်းပေးနေတဲ့ ဌာနတစ်ခု ဖြစ်နေတယ်။ ဒါတွေဟာ အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်နေတာပါဆိုရင်၊ လက်ရှိခေတ်မီဒီယာတွေအနေနဲ့ ခုလိုချိန်မှာ ရတဲ့အခွင့်အရေးကို ဖမ်းဆုပ်ပြီး လူ့အဖွဲ့အစည်းအတွင်း လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်၊ လိင်၊ လူတန်းစား ကွဲပြားမှုတွေအပေါ် သည်းခံ နိုင်စွမ်းရှိလာအောင် လုပ်ပေးသင့်တယ်။ အဲဒီလိုမဟုတ်ဘဲ ခုလိုမျိုး (ကိုယ့်ကို ကိုယ်တော့ အမျိုးသားရေးနဖူးစီး တပ်ချင် တပ်ထားမှာပေါ့) မျိုးချစ်စိတ်ဓါတ် နဲ့ လူမျိုးရေး ဘာသာရေးမုန်းတီးမှုကို လေလုံးမကွဲဘဲ RACISM ဖိနပ်ဆုတ်ကြီး ဖင်ခုထိုင်ရင်း ခွဲခြားဆက်ဆံမှုနဲ့ မုန်းတီးရေးဝါဒမှိုင်း တိုက်နေဦးမယ်ဆိုရင်တော့ မြန်မာပြည် စစ်အာဏာရှင် သက်ဇိုးရှည်လို့ ငြိမ်းချမ်းရေးနဲ့ ဝေးနေဦးမှာပါပဲ။
ကျနော်တို့ လူ့အဖွဲ့အစည်းဟာ ခုထက်ပိုပြီး အသိဥာဏ် မြင့်မားလာတဲ့ တနေ့မှာ ဒါမျိုး အောက်တန်းကျကျ သွေးထိုးလှုံ့ဆော်မှုတွေ၊ ခွဲခြားဆက်ဆံမှုကို သဘောကျနှစ်ခြိုက် စရာ၊ ကြည်ဖြူလက်ခံစရာတစ်ခုလို့ သဘောထားတော့မှာ မဟုတ်ဘဲ၊ ကိုယ့်ကို အထင် အမြင်သေးစွာနဲ့ ကိုယ့်အရည်အချင်းကို လျော့တွက်ပြီး ခုလို အောက်တန်းနောက်တန်း ကျတဲ့ လုပ်ရပ်တွေ လုပ်ပြရင်း ကိုယ့်အိတ်ကပ်ထဲက ပိုက်ဆံတွေ လိမ်လည်ယူနေတယ် ဆိုတာကို သဘောပေါက်လာ လိမ့်မယ်လို့ မျှော်လင့်တယ်။
Comments