စက်တင်ဘာ ၂၈ ၊ ၂၀၁၄
M-Media
ပြီးခဲ့သည့် တနင်္လာနေ့က လူမျိုးရေးဆိုင်ရာ အကဲဆတ်လွန်းသော ဤမြို့၌ လူ့အဖွဲ့အစည်းဝင်အားလုံး တူညီစွာ ၀မ်းနည်းပူဆွေးမှုတစ်ရပ် ဖြစ်ခဲ့သည်။ ၎င်းမှာ ရေနစ်နေသော ဟိန္ဒူမိန်းမငယ်တစ်ဦးကို ကယ်တင်ရန်ကြိုးစားရာမှ မွတ်စ်လင်မ်လူငယ်နှစ်ဦး အသက်ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်သည်။ ယင်းဈာပနသို့ လူ့အဖွဲ့အစည်းဝင်အသီးသီးက တက်ရောက်ခဲ့ကြသည်။
ဆူမန်း အမည်ရှိ မိန်းကလေးသည် ဟင်းလင်းပွင့်နေသော မြောင်းကြီးအတွင်းသို့ မတော်တဆကျသွားရာ ဒါနိရှ် နှင့် နုအ်မာန်း တို့မှ သူမအား ဆင်းဆယ်ကယ်တင်ရန် ကြိုးစားကြသည်။ တနင်္ဂနွေနေ့တွင် ၎င်းတို့သုံးဦးလုံး၏ ရုပ်အလောင်းကို စစ်တပ်မှ ရှာဖွေတွေ့ရှိသည်။ ဒါနိရှ် နှင့် နုအ်မာန်းတို့မှာ သူရဲကောင်းပီသစွာ သေဆုံးရသည်ဟု ဟိန္ဒူနှင့် မွတ်စလင်မ် နှစ်ဖက်စလုံး အမြင်ရှိကြသည်။ သူတို့၏ရုပ်ကလာပ်အား အမျိုးသားများက မြို့လယ်လမ်းတစ်လျှောက် ပုခုံးထမ်းလိုက်ပို့ကြစဉ် ဟိန္ဒူအမျိုးသမီးများက ခေါင်မိုးပေါ်မှ ပန်းများကြဲချနေကြသည့်မြင်ကွင်းကို တွေ့ကြရသည်။
“ ကျွန်မအဖို့ သူတို့နှစ်ဦးဟာ လက်တွေ့မျက်တွေ့ သူရဲကောင်းတွေပါပဲ။ လမ်းပေါ်မှာ တစ်စုံတစ်ယောက်မှ အသက်ငင်နေတာတောင် ဒီမြို့ကလူတွေဟာ နှုတ်ပိတ်လက်ပိုက်ကြည့်နေလေ့ရှိကြတယ်။ လူ့အသက်တစ်ချောင်းဟာ ဘာသာရေးကွဲပြားမှုထက် အရေးကြီးတယ်ဆိုတာကို ဒီလူငယ်လေးနှစ်ယောက်က သက်သေပြလိုက်တာပါပဲရှင် ” ဟု မြို့ခံတစ်ဦးဖြစ်သူ Sakshi Mehrotra မှ ဆိုသည်။
ယင်းလူငယ်နှစ်ဦးအတွက် ဈာပနဆုတောင်းဝတ်ပြုမှု စတင်ပြုလုပ်ပြီး မရှေးမနှောင်းတွင် ထိုအခမ်းအနားအတွက် ရဲအင်အား ထူထပ်စွာ ချခဲ့ကြသည်။ ဆူမန်း၏မိသားစုနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း ပါဝင်ခဲ့သော တပ်မတော်သားများအတွက်လည်း ဓမ္မဆရာများက ထည့်သွင်းဆုတောင်းပေးခဲ့သည်။
ဒေသတွင်းခေါင်းဆောင်ဖြစ်သူ အစ်က်ရာမ် ကုရိုင်းရှီမှ “ဒီအဖြစ်အပျက်က တွန်းပို့လိုက်တဲ့ လူမျိုးရေးချစ်ကြည်မှုဟာ ဒီမြို့မှာ ရေရှည်တည်တံ့ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။ ကွယ်လွန်သေဆုံးသူတို့၏ မိသားစုအသီးသီးကို နှစ်သိမ့်ငွေ ငါးသိန်း ချီးမြှင့်ပြီး မိသားစုဝင်တစ်ဦးချင်းကို အစိုးရအလုပ်အကိုင်တစ်ရပ်စီ ခန့်အပ်ပေးမည်ဟု အာဏာပိုင်များထံမှ သိရသည်။
Ref : Hindustan Times
Comments