6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၅ ၊ ၂၀၁၄
M-Media
hong-kong-umbrellas
ဟောင်ကောင်ဒေသခံတွေရဲ့ ဒီမိုကရေစီအရေး တိုက်ပွဲဝင်မှုဟာ တရုတ်ပြည်အတွက် စိန်ခေါ်ချက်တစ်ရပ် ဖြစ်လာပါပြီ။

hkcover ဟောင်ကောင် တစ်မြို့လုံးကို ထီးကြီး ထီးငယ်အသွယ်သွယ်နဲ့ လှုပ်ရှားမှုတွေက တရှိန်ထိုးဝင်ရောက်လာတဲ့ တိုင်ဖွန်း မုန်တိုင်းကဲ့သို့ ယောက်ယက် ခတ်သွားစေပါတယ်။ စက်တင်ဘာ ၂၈ ရက်မှာ ဟောင်ကောင်မြို့လမ်းတွေပေါ် ထီးတွေ အစုလိုက် အပြုံလိုက် ဖြန့်ခင်းလိုက်တဲ့ အတိုင်းပါပဲ။ ဒီတစ်ကြိမ် ထီးရွက်တွေဖြန့်ကြခြင်းက မိုးကြီးလေကြီးတွေကို ကာကွယ်ဖို့ မဟုတ်ဘဲ မျက်ရည်ယိုဓာတ်ငွေ့နဲ့ ငရုတ်ကောင်း ဖြန်းဆေးရည်တွေကို ခုခံ ကာကွယ်ဖို့ဖြစ်နေပါတယ်။ ကမ္ဘာ့ဘေးရန် အကင်းရှင်းဆုံးနဲ့ စနစ်အကျဆုံးဖြစ်ပြီး ၇.၂ သန်း လူဦးရေရှိတဲ့ မြို့ပြကြီးဟာ ဒီနှစ်နှောင်းပိုင်းမှာ လူသတ်မှု ၁၄ မှုထိ ကြုံဆုံခဲ့ရလို့ စစ်မြေပြင်သဖွယ် အသွင်ပြောင်း သွားပါတယ်။ ဖြစ်စဉ်ကတော့ ဘေဂျင်းမှာရှိနေတဲ့ ဒီဒေသရဲ့အရှင်သခင်ဟောင်းထံကနေ ဒီမိုကရေစီရေး ကတိပြုချက်တွေကို ထောင်ချီတဲ့ လူများက ပြန်လည်တောင်းဆို ဆန္ဒပြခဲ့ကြတယ်။ ဒီလူအုပ်ကြီးအပေါ် ဓာတ်ငွေ့ကာမျက်နှာဖုံးတပ် အဓိကရုဏ်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များက အဆိပ်ရှိ ဓာတုဓာတ်ငွေ့များ ပက်ဖျန်းကြဲချလိုက်လို့ပါပဲ။

ဟောင်ကောင်ဒေသတွင်းထဲ မိုးမျှော်တိုက်ကြီးတွေ၊ ဖိတ်ဖိတ်တောက် ဈေးဝယ်ဆိုင်ခန်းတွေကြောင့် Admiralty လို့ အထူးကျော်ကြားတဲ့နေရာမှာ ပထမဆုံး မျက်ရည်ယိုဗုံးခွဲတယ်။ ဆန္ဒထုတ်ဖော်သူများထံမှာ ထီးများနဲ့ မိုးကာ၊ စကိတ်ပြား၊ ပလပ်စတစ်ချပ်များ စတဲ့ အလွယ်တကူ သယ်ယူနိုင်စရာများကလွဲလို့ ဘာလက်နက်မှ မရှိကြပါဘူး။ လူတန်းစားအလွာ အသီးသီးက လူပေါင်းသောင်းချီပါဝင်တဲ့ ကန့်ကွက် ဆန္ဒပြမှုတွေအပေါ် ဘေဂျင်းက ဒေါသနဲ့ ဆုံးဖြတ် တုန့်ပြန်လိုက်ပါတယ်။ လာမယ့် ၂၀၁၇ ခုနှစ်မှာ ဟောင်ကောင်ရဲ့အုပ်ချုပ်ရေးမှူးခေါင်းဆောင်ကို ဒေသခံများအနေနဲ့ လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ခွင့် ရရှိရေးအတွက် ဆန္ဒပြကြခြင်း ဖြစ်ပါတယ်။

“တစ်ပြည်ထောင်စုဝင် စနစ်နှစ်မျိုး စည်းမျဉ်း”နဲ့ အုပ်ချုပ်ဖို့ ကတိပေးမှုနဲ့အတူ  ဗြိတိသျှ ကိုလိုနီနယ်ဖြစ်ခဲ့ဖူးတဲ့ ဟောင်ကောင် ကျွန်းနိုင်ငံဟာ ၁၉၉၇ ခုနှစ်က တရုတ်ပြည်မနဲ့ ပြန်လည်ပေါင်းစည်းခဲ့တယ်။ ကိုယ်ပိုင် အုပ်ချုပ်ရေးကို နှစ်ငါးဆယ်အထိ လွတ်လပ်စွာ တရားဝင် (ဆက်လက်)ကျင့်သုံးခွင့်ရှိကြောင်း အာမခံခဲ့ကြတယ်။ ဒါပေမယ့် လက်ပြောင်းလက်လွှဲလုပ်ပြီး ၁၇ နှစ်အကြာမှာပဲ ဟောင်ကောင်ရဲ့ နေရာတိုင်း၊ အရေးအရာတိုင်းမှာ တရုတ်ပြည်မကြီးရဲ့လုပ်ထုံး အတိုင်း ပြုမူဆောင်ရွက်လာတယ်။ ဟောင်ကောင်ရဲ့ လွတ်လပ်မှုက ချောင်ကပ်သွားရတယ်။ ငရုတ်ကောင်း ဖြန်းဆေးရည်နဲ့ မျက်ရည်ယိုဓာတ်ငွေ့တွေကို တအုံတကျင်း သုံးစွဲလိုက်တာကြောင့် ဒါဇင်နဲ့ချီပြီး လူတွေ ဒဏ်ရာရသွားတယ်။ ဒီအခါမှာ ဆန္ဒပြလှုပ်ရှားမှုက နောက်မဆုတ်တဲ့အပြင် ပိုပြီး ကြီးထွားအုံကြွလာပါတော့တယ်။

“တရုတ်အစိုးရကို ကျုပ်တို့ မကြောက်ဘူး။ မျှတကောင်းမွန်တဲ့ ဒီမိုကရေစီစနစ် အတွက် ကျုပ်တို့ တိုက်ပွဲဝင်ပါပြီ” ဟု အသက် ၂၄ နှစ်အရွယ် ဘာသာပြန်စာရေးဆရာ Kusa Yeung က ပြောကြားပါတယ်။ သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက် ညဥ့်သန်းခေါင်ချိန်အထိ ဆန္ဒပြသူများကို ရေဝေပေးသူသာ ဖြစ်ခဲ့ပါတယ်။ ခုတော့ “ထီးဆောင်းတော်လှန်ရေး” တံခါးကို ၀င်ရောက်ဖွင့်လှစ်လိုက်ပါပြီ။

ဟောင်ကောင်ပြည်သူလူထုရဲ့ အာခံမှု အစီအစဉ်ကို ငြိမ်းချမ်းစွာနဲ့ မြို့လယ်ဗဟို စုရပ်တစ်ခုကနေ စက်တင်ဘာ ၂၈ ရက်မှာ စတင်ခဲ့တယ်။ အဲ့ဒီနောက်မှာ အဓိကလူစည်ကားရာ ဈေးဝယ်စင်တာနဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေ ကျက်စားရာ ရပ်ဝန်း နှစ်ခုအထိ ကျယ်ပြန့်လာခဲ့တယ်။ မဆုတ်မနစ်ဆန္ဒပြသူတွေရဲ့ ထီးတွေနဲ့ ဖဲကြိုးဝါများကို ကမ္ဘာက သတိကရုပြုလာသလို အာဏာရတရုတ်ကွန်မြူနစ်ပါတီရဲ့ တွန်းတိုက်မှုကို ခံယူတော့မှာ မဟုတ်တော့ပါဘူး။ ဘေဂျင်းမှာ အောက်တိုဘာ ၁ ရက်က မီးရှူးမီးပန်းပစ်ဖောက်ခြင်းနဲ့ စစ်ရေးပြ အခမ်းအနားကို ခမ်းနားထည်ဝါလှစွာ ပြုလုပ်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့လက်ထဲ အာဏာတည်နေဆဲ ၆၅ နှစ်မြောက် အခမ်းအနားပေါ့။ ဒါပေမယ့် ဟောင်ကောင်မှာတော့ မပြုလုပ်ပဲ ဖျက်သိမ်းခဲ့တယ်။

တရုတ်ပြည်မကြီးရဲ့ သေးငယ်လှတဲ့ ဒီဒေသကို ဆန္ဒပြမှုတွေ ဖုံးလွှမ်းသွားမှုက သမ္မတ ရှီဂျင်းပင်ကို အတိုင်းအတာတစ်ရပ် အထိ မမျှော်လင့်သော အကြပ်အတည်း တစ်ခု ဖြစ်သွားစေပါတယ်။ စင်စစ်မှာတော့ တရုတ်ကွန်မြူနစ်ပါတီဟာ ဌာနီတွင်းမှာ မကျေနပ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေရပြီးသားပါ။ နှစ်ပေါင်းသုံးဆယ် အတွင်း ပရမ်းပတာ စီးပွားရေးဖွံ့ဖြိုးမှု၊ ၀င်ငွေကွာဟချက်ကြီးထွားမှု၊ အရှိန်အဟုန်မြင့်လာတဲ့ အကျင့်ပျက်ခြစားမှု စတဲ့ အဆိပ်သင့်ဝန်းကျင်က ဖြစ်သင့်သလိုမဖြစ်ပဲ ခက်ခဲတဲ့အနေအထားတစ်ရပ် ဖြစ်လာစေပါတယ်။
“ရှီဂျင်းပင် မြင်ချင်နေတဲ့နောက်ဆုံးအချက်က ဟောင်ကောင်ရဲ့ကန့်ကွက်ဆန္ဒပြမှုတွေပါပဲ။ သူ့မှာ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာ အပုံအပင်ရှိနေတယ်လေ” လို့  Hong Kong Baptist University က နိုင်ငံရေးသိပ္ပံပညာရှင် Jean-Pierre Cabestan အနေနဲ့ သုံးသပ်ပြောကြားပါတယ်။

ထက်မြက်တဲ့ အမျိုးသားရေးဝါဒီတစ်ဦးဖြစ်သူ ရှီနဲ့ သူ့အပေါင်းအပါအုပ်စုတို့က တရုတ်ပြည်ထဲ လူမှုအနေအထားပရမ်းပတာဖြစ်ခြင်းဟာ “ပြည်ပတွန်းအားများ”ကြောင့် ဆိုပြီး ထာဝစဉ်ပြစ်တင်နေလေ့ရှိကြတယ်။ တရုတ်ကွန်မြူနစ်ပါတီအလိုကျ အွန်လိုင်းက People’s Daily ရဲ့ စက်တင်ဘာ ၂၉ အမြင်ဖော်ပြချက် တစ်ရပ်မှာ ဟောင်ကောင်ဆန္ဒပြသူများကို “အနောက်တိုင်း ဒီမိုကရေစီအတွေးဝင်နေပြီး ကိုလိုနီအုပ်ချုပ်ရေးကို လိုလားနေတဲ့ တရုတ်ပြည် ဆန့်ကျင်ရေးအင်အားစုတွေ” လို့ စွပ်စွဲလိုက်ပါတယ်။ ဟောင်ကောင်ပြဿနာနဲ့အတူ လူမှုမတည်ငြိမ်မှုတွေဟာ တရုတ်ပြည်မကြီးက ဗဟိုပဲ့ကိုင်ခေါင်းဆောင်တွေကိုယ်တိုင် သွတ်သွင်းခဲ့မှုကြောင့် ပေါ်ပေါက်လာ ရခြင်းဖြစ်တယ်။ ဒီစံနစ်ဟာ ပြည်မကြီးရဲ့အစွန်အဖျားဒေသခံတွေကို မစိုးမိုးနိုင်ခဲ့ပါဘူး။

“တရုတ်ခေါင်းဆောင်များဟာ ပြည်သူတွေနဲ့ သီးခြားစီ ဖြစ် မနေစေရဘူး”လို့ ဘေဂျင်းမှာ အမျိုးသားနေ့ မိန့်ခွန်းအတွင်း ရှီက ကြွေးကြော်ပြောဆိုပါတယ်။ သို့ပေမယ့် တချိန်တည်းမှာပဲ ဟောင်ကောင် ဆန္ဒပြသူတို့နဲ့ တစ်သွေးတစ်သားတည်းရှိမှုကို ပြသကြတဲ့ ပြည်မ လှုပ်ရှားသူများကိုလည်း ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတော့တယ်။

ဟောင်ကောင်က အရိုးစွဲနေတဲ့အစဉ်အလာကို လိုက်လျောညီထွေ တိုးတက်ပြောင်းလဲလာအောင် ဆောင်ရွက်မယ့်အစား တရုတ်အစိုးရက မိမိရဲ့နိုင်ငံရေးပါးနပ်မှု မရှိခြင်းကို ခင်းကျင်းပြသခဲ့တယ်။ ပထမဆုံးက ဗဟိုအစိုးရရဲ့ ဟောင်ကောင်ရဲ့ တရားစီရင်ရေးနဲ့ ဒေသတွင်း တရားဥပဒေစိုးမိုးရေး စတဲ့အရာတွေအပေါ် တစ်ချက်လွှတ်အမိန့်ပြဋ္ဌာန်းမှု ပြုလုပ်ခဲ့တယ်။ သြဂုတ်လ ၃၁ ရက်မှာ ဟောင်ကောင်းသားတွေ အနေနဲ့ မိမိတို့ရဲ့အုပ်ချုပ်ရေးမှူးကို မဲပေးရွေးချယ်နိုင်တယ်၊ သို့သော် ဘေဂျင်းကျောထောက်နောက်ခံပြုကော်မတီက တင်သွင်းတဲ့လူ ၂-၃ ဦးအနက်မှသာ သင့်တော်ရာကို ရွေးချယ်နိုင်တယ်လို့ တရုတ်အစိုးရက ဥပဒေထုတ်လိုက်တယ်။

“ဟောင်ကောင်က ဒီမိုကရေစီကို ပယ်လှန်ဖယ်ရှားခြင်းက ဆိုးဝါးတဲ့ တန်ပြန်အကျိုးဆက်ကို ဖြစ်ပေါ်စေတာပါပဲ။ ဒီကလူတွေဟာ အခုဆိုရင် ဗဟိုအစိုးရအပေါ် ယုံကြည်မှု ကင်းမဲ့သွားပြီ။ ဆန္ဒပြသူတွေကို ရှင်းလင်းဖို့ကြိုးစားလိုက်တာက ဆန္ဒပြသူအင်အား ပိုကောင်းအောင် လုပ်လိုက်သလိုပါပဲ” ဆိုပြီး လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့က ဟောင်ကောင်အခြေစိုက် သုတေသီ Maya Wang မှ ပြောကြားပါတယ်။ ဆန္ဒထုတ်ဖော်သူတွေ တစစနဲ့လူစုကွဲသွားခဲ့ရင်တောင်မှ ဒီယုံကြည်မှု ပျက်ပြားသွားခြင်းဟာ ဟောင်ကောင်နိုင်ငံရေးအခင်းအကျင်းကို အောက်ခြေကစလို့ အပြောင်းအလဲဖြစ်သွားစေနိုင်ပါတယ်။

Umbrella-Revolution

ထီးဆောင်းတော်လှန်ရေး
—————————-
လက်ရှိနှစ်များရဲ့ ဒီမိုကရေစီအပြောင်းအလဲဖော်ဆောင်မှုတွေကို အကြောင်းခံ သို့မဟုတ် အမျိုးအစားတစ်ခုခုနဲ့ သတ်မှတ်ဖွင့်ဆိုမယ်ဆိုရင် ဟောင်ကောင်ရဲ့ သဘောကွဲလွဲမှုကို ထီးတစ်ချောင်းနဲ့တင် သင်္ကေတပြုလို့ရနေပါတယ်။ ထီးတွေကို အရောင်အမျိုးမျိုးနဲ့ ရောယှက်ပြုလုပ်လေ့ရှိတယ်။ ဒါက အရှေ့တိုင်းသားနဲ့ အနောက်တိုင်းသားတို့ ရောယှက်မွေးဖွားလိုက်တဲ့ အသွေးစုံအမြင်စုံမြို့ပြပုံဟန်ကို ထင်ဟပ်ပြနေပါတယ်။ သူတို့ဟာ မစို့မပို့ဒီမိုကရေစီစံနစ် ပေးအပ် ခံရမယ်လို့ တွေးမိကြမှာ မဟုတ်ဘူး။

ဒါ့အပြင် ထီးတွေဆိုတာ ဆွဲဆောင်မှုမရှိပေမယ့် မရှိမဖြစ်အရာအဖြစ် အသုံးဝင်ပါတယ်။ ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးရဲ့ ဈေးကွက်ကြီးအတွက် ကာလရှည်ဟင်းလျာအိုးတစ်လုံးလို ငွေရှာဒေသတစ်ခု ဖြစ်ပါတယ်။ အလုပ်ကြိုးစားမှု၊ ခြိုးခြံချွေတာမှု ဆိုတာ ဒီမြို့ကြီးရဲ့ ဆောင်ပုဒ်ပါ။

အလုပ်နဲ့လက် မပြတ်ရတဲ့ ဒီမြို့တော်မှာ တနင်္လာနဲ့အင်္ဂါနေ့က လူအုပ်တွေကို မျက်ရည်ယိုဓာတ်ငွေ့တွေလည်း လူစုကွဲအောင် မလုပ်နိုင်ခဲ့ပါဘူး။ မျက်ရည်ယိုဓာတ်ငွေ့တွေ ပက်ဖျန်းမှုကြောင့် အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခံရတဲ့အပြင် လူငယ်များစွာဟာ အရောင်တောက်ပတဲ့ အကာအဆောင်းများနဲ့အတူ ထပ်တိုးပြီး ထွက်ရှိလာကြပါတယ်။ ၀ီလျံမား (၄၇ နှစ်)ဟာ သူ့သမီး ဒေါ်ရသီ (၁၁ နှစ်)ကို ဆန္ဒပြနေရာဆီ စက်တင်ဘာ ၃၀ ရက်က ခေါ်ဆောင်လာပြီး  ဒီလိုပြောဆိုပါတယ်။

“ ကျွန်တော်တို့ ငယ်စဉ်ဘ၀က ဒီမိုကရေစီဆိုတာကို လုံးဝ မခံစားဖူးခဲ့ပါဘူး။ (ခုအချိန်မှာ) ကျွန်တော် သေကောင်းသေသွားနိုင်ပေမယ့် သူမအဖို့ ဒီမိုကရေစီကို ခံစားရပြီး အကောင်းဆုံးဘ၀ကို ရရှိနိုင်မှာဖြစ်ပါတယ်”။

ကန့်ကွက်ဆန္ဒပြမှုကို လက်ဦးစတင်လိုက်တဲ့ ကျောင်းသားများနဲ့အတူ စတော့ပွဲစားများပါ ပူးပေါင်းပါဝင်လာမှုက ဒီရက်သတ္တပတ်ရဲ့မြင်ကွင်းကို ပိုလို့ လှပတောက်ပြောင်လာစေခဲ့ပါတယ်။ အထက်တန်းကျောင်းသားလေးတွေက လမ်းလေးလူသွားလမ်းအုတ်ခုံပေါ် သူတို့ရဲ့အိမ်စာတွေကို စူးရှတဲ့နေရောင်ထဲ ဂဏန်းတွက်စက်လေးတွေကို မရမကအာရုံစိုက်ကြည့် ပြုလုပ်နေကြတယ်။ ပါဝင်ဆန္ဒပြသူအချို့က မိမိတို့ဟာ နိုင်ငံရေးလူသစ်တန်းများသာဖြစ်ကြောင်း၊ ရဲများရဲ့ ပြင်းထန်တဲ့တုန့်ပြန်ဆက်ဆံမှုကြောင့် မခံမရပ်ဖြစ်ပြီး ထွက်ရှိပါဝင်လာခြင်းဖြစ်ကြောင်း ၀န်ခံပြောဆိုပါတယ်။

“ပြည်သူလူထုဟာ ဘာလက်နက်မှမကိုင်ပဲ သူတို့ရဲ့လက်တွေကို မြှောက်ပြနေကြတာပါ။ သူတို့က မည်သည့်သတိပေးချက်မှမရှိဘဲ မျက်ရည်ယိုဓာတ်ငွေ့တွေကို သုံးလိုက်ကြတာလေ။ ဒါပေမယ့် သူတို့ ဒီလိုလုပ်လိုက်ခြင်းက ကျွန်တော်တို့ကို ပိုပြီး အားကောင်းသွားစေတယ်၊ ပိုပြီး စုစည်းညီညွတ်သွားစေပါတယ်” လို့ တနင်္လာနေ့မှာ လှုပ်ရှားမှုထဲပါဝင်လာသူ သင်္ချာဆရာ ရေမွန်ချန်းက ဆိုပါတယ်။
Umbrella-Revolution-Explainer-01
ဟောင်ကောင်က ဒီလိုလှုပ်ရှားမှုဟာ အမျိုးသားပေါင်းစည်းမှု အတွက် အန္တရာယ်တစ်ရပ်ပါပဲ။ ဒီအတွက် ဘေဂျင်းဖက်က အထူး အာရုံပြုခဲ့ကြတယ်။ ထောက်လှမ်းရေးယန္တရားက ရရှိတဲ့ ဌာနဆိုင်ရာအသုံးပြုငွေက စစ်တပ် ထက်တောင် ပိုရရှိကြပါတယ်။ ဟောင်ကောင်မှာတင် မကပါဘူး။ တိဗက်နဲ့ ရှင်းကျန်းမှာ လက်ဝါးကြီးအုပ်ကျွန်ပြုခဲ့ကြလို့ အခုဆိုရင် ပုန်ကန်နေကြပါပြီ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်က အစ္စလာမ့်နယ်ပယ်ဖြစ်တဲ့ ရှင်းကျန်းမှာ ရာနဲ့ချီတဲ့လူတွေရဲ့ဘ၀ကို အကြမ်းဖက်ခံရတယ်လို့ ဆိုပါတယ်။ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်မှာ အရေးမလှလို့ ချန်ကေရှိတ်ရဲ့အုပ်စုတွေ ထွက်ပြေးဆုတ်ခွာခဲ့တဲ့ ထိုင်ဝမ်ကျွန်း ကိုလည်း ဘေဂျင်းက ပြန်လည် ရယူချင်နေခဲ့တယ်။ ဒါပေမယ့် ရှီရဲ့ “တစ်ပြည်ထောင် စံနစ်နှစ်မျိုး” သွေးဆောင်မှုဟာ ထိုင်ဝမ်ကို ပြည်မစည်းဝိုင်းပြန်လည် ၀င်ရောက်လာအောင် လုပ်ဖို့ ဘယ်လိုမှ မလွယ်ကူနိုင်ဘူးဆိုပြီး ဟောင်ကောင်အရေးက မီးမောင်းထိုးပြနေပါတယ်။ ပေါ်တူဂီလက်ကလွတ်ပြီး ၁၉၉၉ ခုနှစ်က ဘေဂျင်းနဲ့ပြန်လည် ပူးပေါင်းဖို့ ဟောင်ကောက်ထက် အားသန်ခဲ့တဲ့ မကာအိုက လူမှု လှုပ်ရှားသူများပင်လျှင် မိမိတို့ဒေသတွင်းခေါင်းဆောင်ကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် အတွက် တောင်းဆိုနေကြပြီဖြစ်ပါတယ်။

ဟောင်ကောင်ရဲ့ဟစ်သံက သူ့ရဲ့စတုရန်းမိုင်လေးရာနယ်နမိတ်ကို ကျော်လွန်ပြီး ပဲ့တင်ထပ်နေပါပြီ။ ဒါဟာ စုစည်းညီညွတ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတဲ့ အဆိုကို တိုက်ရိုက်စိန်ခေါ်နေခြင်းဖြစ်ပါတယ်။

“အမှန်ကတော့ ဟောင်ကောင်ဟာ ဒီမိုကရေစီနဲ့ ပိုပြီးရင်းနှီးပြီးသားဖြစ်နေယ်။ ဟောင်ကောင်ကို ဒီမိုကရေစီနည်းကျအုပ်ချုပ်ဖို့ အဆင်သင့်မဖြစ်တာက တရုတ်ပြည်ပါ။ အကြွင်းမဲ့မထိန်းချုပ်နိုင်မှာကို သူ(တရုတ်ပြည်မ)က စိုးရိမ်နေပြီပေါ့” ဆိုပြီး ယခင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးဟောင်း ဒေသတွင်းဒုတိယခေါင်းဆောင် Anson Chan က Time ရဲ့ မှတ်ချက်နေရာမှာ ရေးသားခဲ့ပါတယ်။

ခေတ်တစ်ပတ်လည်မည်လော ?
—————————
နှစ်သုံးဆယ်အလျင်က ၀န်ကြီးချုပ် မားဂရက်သက်ချာနဲ့ ကျောက်ကျိယန်တို့ဟာ ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို တရုတ်ပြည်ဆီ ပြန်လည် လွှဲပြောင်းပေးဖို့ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်။ ကိုလိုနီနယ်ဆိုတာ နိုင်ငံရေးအဖွဲ့တစ်စုစုက အသေပိုင်ဆိုင်တာ မဟုတ်ဘူး၊ မြို့ရဲ့အဓိက အသက်သွေးကြောဖြစ်တဲ့ စီးပွားရေးသမားနဲ့ ဘဏ်လုပ်ငန်းရှင်တွေဟာ ငွေကောင်းကောင်းရှာနိုင်နေသမျှ ဘယ်သူ အုပ်ချုပ်သည်ဖြစ်စေ လိုက်နာနာခံသွားမှာပဲ ဆိုပြီး စဉ်းစားခဲ့ကြတယ်။ ကွန်မြူနစ်တရုတ်ပြည်ဟာ နိုင်ငံရေးအမည်ဆိုးတွင်တဲ့ နိုင်ငံတစ်ခုပါ။ နောက်ငါးနှစ်အကြာမှာ တီယန်အန်းမင် မှာ ဒီမိုကရေစီထောက်ခံသူ ဆန္ဒပြကျောင်းသားရာဂဏန်းမျှကို တင့်ကားတွေနဲ့ ဖြိုခွင်းခဲ့တယ်။ ကျောင်းသားတွေနဲ့အတူ ငြိမ်းချမ်းစွာဆန္ဒပြကြသူ အမြောက်အများ စုပြုံသတ်ဖြတ်တာ ခံခဲ့ရတယ်။ လက်တွေ့ဖြစ်တည်မှုဝါဒီကျောင်းသားများကို လူထုကြားထဲ ပြန်လည်ပြုပြင်မှု ဟောပြောခွင်ပေးခဲ့တဲ့ အန္တရာယ်ကို တရုတ်ခေါင်းဆောင်တွေက ရိပ်စားနားလည်သွားတယ်။ ဒါကြောင့် ပြည်တွင်းနိုင်ငံရေးယန္တရားအပေါ် ပြန်လည်ကုစားချက်တွေ ပြုလုပ်ခဲ့ကြတယ်။

ဗဟိုထိန်းချုပ်မှုစနစ် ပိုမိုအားကောင်းလာစေရေးအတွက် ရှီက အမျိုးသားရေးဝါဒကို အသုံးချထားတယ်။ ၂၀၁၂ နှစ်နှောင်းပိုင်း အာဏာရလာပြီးကတည်းက ဥပဒေသမားနဲ့ဘလော့ဂ်ရေးသူများကနေ စာနယ်ဇင်းသမားနဲ့အနုပညာရှင်တွေအထိ လူထုလွတ်လပ်ခွင့် လှုပ်ရှားသူများကို ဖြိုခွင်းတယ်၊ လူ့အခွင့်အရေးကာကွယ်သူ ရာပေါင်းများစွာကို ထိန်းသိမ်းတယ်၊ ပါတီနဲ့လူထု သွေးခွဲမယ်ဆိုယင် လုံးဝလက်မတွန့်ကြောင်း သူက ပြသခဲ့တယ်။ ၀ီဂါလူနည်းစုဝင်အများဆုံးရှိတဲ့ ရှင်းကျန်းနယ်က အလယ်အလတ်ပညာရှင် အိလ်ဟာမ် တိုတီကို ခွဲထွက်ရေးလှုပ်ရှားမှုကြောင့်ဆိုပြီး တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်တယ်။ သူက အဲ့ဒီပြစ်မှုကို တကယ်ကျူးလွန်သလားဆိုတော့ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဥပဒေများအပေါ် တရုတ်ပြည်အနေနဲ့ အလေးထားဖို့ အင်တာနက်ပေါ်က အသံထုတ်ခြင်းသာ ဖြစ်ပါတယ်။

အဲ့ဒီကာလက ဟောင်ကောင်မှာ နိုင်ငံရေးအသံတွေ ထွက်နေခဲ့တယ်။ တီယန်အန်းမင် နှစ်ပတ်လည်နေ့တိုင်း ထောင်နဲ့ချီတဲ့လူတွေစုရုံးပြီး အမှတ်တရ ဖယောင်တိုင်ထွန်း ဆုတောင်းပွဲပြုလုပ်ကြတယ်။ ဒီလိုအမှတ်တရပွဲမျိုးကို တရုတ်ပြည်ပိုင်နက်အတွင်းမှာ ပြုခွင့်ရတဲ့ တစ်ခုတည်းသောနယ်ပယ်ဒေသဟာ ဟောင်ကောင်ပါပဲ။ ၂၀၁၂ ခုနှစ်က ဒေသခံတွေအနေနဲ့ မိမိတို့ပညာရေးစနစ်ထဲ မျိုးချစ်ဝါဒသွတ်သွင်းမှုအဆိုကို လက်မခံနိုင်ကြလို့ ကန့်ကွက်ဆန္ဒပြမှုတစ်ရပ် ပြုလုပ်ခဲ့တယ်။ ကျောင်းတွေ ဒီလိုပြဋ္ဌာန်းဖို့ ကြိုးစားတာကို အောင်မြင်စွာနဲ့ ဖယ်ထုတ်နိုင်ခဲ့ကြတယ်။

တချိန်တည်းမှာပဲ ဟောင်ကောင်ကို ပြည်မကြီးက အခြားမြို့များလို ကျွန်ပြုဇာတ်သွင်းတော့မယ်ဆိုတာ ဟောင်ကောင်သားတွေ သိမြင်သွားကြတယ်။ တကယ်လို့ ဘေဂျင်းက ဒီမိုကရေစီတန်ဖိုးတွေအပေါ် ခြိမ်းခြောက်မှုတွေ ပြုလုပ်လာခဲ့မယ်ဆိုရင် ဟောင်ကောင်ရဲ့ အလားအလာ ဘာဖြစ်သွားမလဲ ?
“ဟောင်ကောင်ဟာ တမူခြားစွာ တည်ရှိနေတုန်းပါပဲ။ ဒါပေမယ့် ဒီအခြေအနေ ယိုယွင်းတော့မယ့်အနေအထားကို ကျွန်တော်တို့ တွေ့နေရပါတယ်” လို့ Chinese University of Hong Kong ရဲ့ တရုတ်ပြည်ရေးရာလေ့လာမှုဌာနက ပရော်ဖက်ဆာ ၀ီလီလမ်မှ ဆိုပါတယ်။

တစ်ပြည်ထောင် စနစ်နှစ်မျိုး
——————————–
ဟောင်ကောင်နဲ့ တရုတ်ပြည်အကြား အကြီးအကျယ် ခြားနားနေတဲ့စနစ်တွေကို အတူယှဉ်တွဲပြီး တစ်စုတည်းသောနိုင်ငံတည်ထောင်ရေးလမ်းစဉ်ဟာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ယခုဆိုရင် အလွယ်တကူ ရိပ်စားမိပါပြီ။ ကွာဟချက်ကို နီးကပ်အောင် ကြိုးစားမှုမှန်သမျှ သဲထဲရေသွန် ဖြစ်ဖွယ်ရှိပါတယ်။ နှုတ်ထွက်ဖို့တောင်းဆိုခံရတဲ့ကြားက ဆန့်ကျင်ဖက်ကိုတံတားထိုးဖို့ ကြိုးစားနေတဲ့ ဘေဂျင်းကျောထောက်နောက်ခံ လူကြိုက်နည်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chun-ying က “ဟောင်ကောင်ဟာ တစ်ပြည်ထောင် စနစ်နှစ်မျိုးအောက်က ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒီမိုကရေစီကို မိမိဖာသာ ဖန်တီးခွင့် မရှိပါဘူး။ အုပ်ချုပ်ရေးမှူးရွေးချယ်တဲ့ နည်းစဉ်က ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်ပေမယ့် ပိုမိုကောင်းမွန်စေမှာပါ” လို့ စက်တင်ဘာ ၂၈ ရက်မှာ ပြောကြားတယ်။ ငရုတ်ကောင်းရည် ပက်ဖျန်းအရေးယူမှု မပြုလုပ်ခင် ပြောကြားတာပါ။

ပိုပြီးကောင်းတယ်ဆိုတာ လုံးလုံးလျားလျားကောင်းမွန်တာမျိုး မဟုတ်လို့ မျိုးဆက်သစ်လူငယ်များဟာ ဟောင်ကောင်လမ်းမများအပေါ် ပြင်းထန်တဲ့ခံစားချက်နဲ့ တအုံတကျင်း ထွက်လာကြတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၅ နှစ်က တီယန်အန်းမင်အရေးအခင်းဖြစ်အောင်လှုံ့ဆော်တဲ့အတွက် အကျဉ်းစံခဲ့ပြီး ယခုဟောင်ကောင်မှာ နေထိုင်နေသူ အလုပ်သမားခေါင်းဆောင် Han Dongfang က ဒီလိုဆိုပါတယ်။ မိမိ လူငယ်ခေါင်းဆောင်ဖြစ်ခဲ့စဉ်ကထက် ဒီဒေသက လက်ရှိလူငယ်လှုပ်ရှားသူများဟာ မိမိလိုချင်တာကို မိမိထက် ပိုပြီး ရှင်းရှင်းလင်းလင်း သိနေကြပါတယ်တဲ့။ Mongkok အရပ်က အသက် ၇၆ နှစ်အရွယ်အထည်ချုပ်သူ  Fu-tat က ဟောင်ကောင်ကျောင်းသားတွေရဲ့ လှုပ်ရှားမှုအပေါ် “သူတို့ဟာ တရုတ်ပြည်အတွက် မျှော်လင့်ချက်ပဲ” လို့ ပြီးခဲ့တဲ့တနင်္လာနေ့ညဥ့်က ပြောကြားခဲ့ပါတယ်။၂၀၀၃ ခုနှစ်မှာ လူထုဆန္ဒပြမှုကြောင့် ဟောင်ကောင် လုံခြုံရေးအကြီးအကဲရာထူးက နှုတ်ထွက်လိုက်ရပြီး လူထုပါတီသစ်ရဲ့ လွှတ်တော်အမတ်ဖြစ်နေတဲ့ Regina Ip ကတော့ ဒီလိုဆိုပါတယ်။
“လက်ရှိဦးဆောင်သူတွေဟာ ဟောင်ကောင်မှာ တီယန်အန်းမင်လို နောက်ထပ်ဖြစ်ရပ် တစ်ခု ပေါ်လာဖို့ စီမံနေတယ်လို့ ကျွန်မ ခံစားရတယ်။ ကျွန်မတို့လို ဟောင်ကောင် လူထုအတွက် ဘာကောင်းကျိုးရှိမှာလဲ ? တည်ငြိမ်အေးချမ်းမှုကို ကျွန်မတို့ လိုချင်ပါတယ်။ ပြဿနာတွေဆိုတာ အပြုသဘောဆောင်တဲ့ အပြန်အလှန်ဆွေးနွေးမှုနဲ့ ဖြေရှင်းသင့်တပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြမှုနဲ့ မဖြေရှင်းသင့်ဘူး”။

ဟောင်ကောင်မှာကောက်ယူတဲ့စစ်တမ်းအရ အကြမ်းအားဖြင့် လူဦးရေ ထက်ဝက်လောက်ဟာ ဘေဂျင်းရဲ့ ရွေးကောက်တင်မြှောက်ရေးဖော်မြူလာကို လက်ခံလိုကြတယ်လို့ ခန့်မှန်းသုံးသပ်ချက်တစ်ရပ်က ဆိုပါတယ်။ ကန့်ကွက်ဆန္ဒပြမှုများဟာ စီးပွားရေးလုပ်ငန်းကို ထိခိုက်စေတယ်၊ တီယန်အန်းမင်တစ္ဆေ ခြောက်ခံရသူတွေအဖို့ တုန်လှုပ်စေတယ်။ ဟောင်ကောင်ဦးဆောင်သူတွေ ဖြိုခွင်းဖို့ ရှီက တရုတ်တပ်ဖွဲ့တွေကို အမိန့်ပေးမပေးဆိုတာ စဉ်းစားရခက်ပါတယ်။ သူဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ခါးသည်းနေပေမယ့်လည်း ဟောင်ကောင်က ဒီမိုကရေစီ အင်အားစုတွေကို ပြောင်ပြောင်တင်းတင်း ဖယ်ရှားဖို့ဆိုတာ တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။ ဆန္ဒပြသူများအဖို့ မိမိတို့လိုလားချက် မပြည့်ဝရင်တောင်မှ အထိုက်အလျောက် ရရှိမယ်လို့ တွက်ဆထားပါတယ်။ လက်ရှိလှုပ်ရှားမှုကို ထောက်ခံအားပေးနေတဲ့ လူထုပါတီဥက္ကဌ Audrey Eu က “ဘေဂျင်းအနေနဲ့ သူရဲ့ရပ်တည်မှုကို နောက်ကြောင်းပြန်လှည့်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် ဟောင်ကောင်လူထုအနေနဲ့ ဦးမော့ရင်ကော့ထားရပါမယ်၊ မိမိကိုယ်ကို ကာကွယ်သွားရပါမယ်” လို့ ပြောကြားပါတယ်။

ထီးဆောင်းတော်လှန်ရေးဟာ မှတ်တိုင်ကြီးတစ်ခု စိုက်ထူလိုက်ပြီးဖြစ်တယ်။
“တရုတ်ပြည်က လူတွေအနေနဲ့ ဟောင်ကောင်ကို တရုတ်ပိုင်လို့ ယူဆကြတယ်။ သို့သော် ဟောင်ကောင်လူထုကတော့ ဟောင်ကောင်ဟာ တရုတ်ပြည်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် ကမ္ဘာပိုင်(ကမ္ဘာ့နယ်မြေတစ်ခု)သာ ဖြစ်တယ်လို့ ယူဆကြပါတယ်” လို့ အသက် ၂၀ အရွယ်ကျောင်းသား ဂျူလီယန်လမ်က ဆိုပါတယ်။
ဟောင်ကောင်မြို့ခံတိုင်းက မျက်ရည်ယိုဓာတ်ငွေ့သုံး ထပ်မံတိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ အသင့်ရှိနေကြပါပြီ။ တရုတ်အစိုးရ၀ါဒဖြန့်နေသလို လွတ်မြောက်ရေးကြိုးပမ်းမှုဟာ ဘေဂျင်းကသြဇာကိုဖြိုလှဲဖို့အတွက် အနောက်တိုင်းရဲ့ ကြံစည်ခင်းကျင်းထားမှု မဟုတ်ဘူး၊ လူသားအပေါင်းရဲ့ အာသာဆန္ဒဖြစ်တယ်ဆိုတာ ရှင်းရှင်းကြီး သိရှိသွားခဲ့ပြီလေ။

ကဲ့ – ကမ္ဘာ့တစ်ဝှန်းက ထီးတွေ စုစည်းညီညွတ်ကြပါစေလား။

xxxxxxxxxxxxxxxxxxxxxxxxxx

Hannah Beech  ရေးသားသော Time မဂ္ဂဇင်း၏မျက်နှာဖုံးဆောင်းပါး Why the territory’s fight for democracy is a challenge for China ကို
မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

Leave a Reply